သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday, 15 January 2013

“အကွေ့…….”



ဒီဇင်ဘာ အအေးဒဏ်တွေကို တဇောင်းတိုက် ဝင်လာတဲ့ သတင်းတစ်ပုဒ် က သူ့နားတခွင်ကို ပူထူသွားစေသည်၊
“သားရေ သင်းသင်းရီ သိလား”
“သိတယ်လေ အမေရဲ့၊ သားတို့ ကျုရှင်ဆရာမပဲ၊ ဘဘ ဦးအောင်သန်းရဲ့ သမီးလေ၊”
“အေး သူသေပြီ သားရဲ့”
သံသရာ စက်ရထားရဲ့ ခုတ်မောင်းသံတွေက သိပ်မြန်လွန်းလှပေ၏၊
………………………………………………….
“ဟဲ့ ဝေယံစိုး နင် ကျော်စိုးဝင်းကို မနိုင်ဘူးလား၊ ပြန်ချလေဟာ”
“မနိုင်ဘူး ဗြဲ(ငိုသံ)”
“ဟွန်း ယောက်ျား မဟုတ်တာ ကျနေတာပဲ”
“ဟဲ့ ကျော်စိုးဝင်း နင်ဟာလေ ကလေးကို သိပ်အနိုင်ကျင့်တာပဲ၊”
ဘယ်တော့ မဆို သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့ ဆရာမတယောက်၊
ညီအကိုချင်း ရန်ဖြစ်တာတောင် ကလေးကို အနိုင်ကျင့်ရမလား ဆိုပြီး သူ့ဘက်က ကာကွယ်၊ အကို့ခေါင်းကို ဒေါက်ခနဲ ခေါက်၊ သူ့ အတွက် အနိုင်ယူပေးတတ်တဲ့ အဒေါ်လိုရော ဆရာမလိုရော ချစ်ခင်ရတဲ့ သူ၊
ခုတော့ ဗြုန်းစားကြီး သေပြီ ဆိုပဲ၊
တကယ်ဆို ဆရာမ သေချိန်မှာ အသက်က ၃၉ လောက် ရှိဦးမည်၊ ဒီလိုပင် ထင်သည် အတိကျတော့ မသိ၊
ကလေး နှစ်ယောက် ကျန်ခဲ့ရှာသည်၊ ကျောင်းကုန်း ဆိုတဲ့ မြစ်ဝကျွန်းပေါ် မြို့လေးက တနှစ်တခါ ရေကြီး တဲ့ စရင်းထဲ အမြဲ ပါတတ်သည်၊ ရေကြီးတဲ့ အချိန်တွေ ဆို ညီ အကို နှစ်ယောက် ဆရာမ အိမ်ရှေ့သွား ရေကူးပြီး ကမြင်းကျော ထကြလွန်းလို့ ရေထဲမှာ တုတ်တချောင်းနဲ့ “တော်တော့ ခု အိမ်ပေါ်တတ်” ဆိုပြီး ခမောက်ဆောင်း လိုက်လိုက်သတိပေးရှာတဲ့ ဆရာမ
ပြီးရင် သူကိုယ်တိုင် ရေချိုး ဆပ်ပြာတိုက်ပေးပြီး သနပ်ခါး ကိုယ်တိုင် သွေးကာ ဂနာ မငြိမ်တဲ့ တူနှစ်ကောင် ကို “ဟဲ့ ငြိမ်ငြိမ်နေကြစမ်း” လို့ အော်ရင်း ငေါက်ရင်း သနပ်ခါးလိမ်းပေးရှာတဲ့ ဆရာမ၊
သူတို့ ညီအကို နှစ်ယောက်လုံး မကြိုက်ဆုံး စကားကို ခဏခဏ ပြောတတ်တဲ့ ဆရာမ
“ပြီးရင် စာကျက်ရမယ် နော်၊ ဟဲ့ နှစ်ကောင်”
ခုတော့ သေပြီတဲ့ ၊ ဘုရားဟောတဲ့ စကားတွေ သင်ကြားထားပြီ သင်္ခါရတွေကို သူက မင်းမူချင်သေးသည်၊
တကယ်ဆို ဆရာမ က ငယ်ငယ်လေး ရှိသေးတာပဲ၊
မယုံနိုင်၊
သေချာအောင် အမေ့ကို မေးလိုက်မိသည်၊
“ဟုတ်လို့လား အမေရ”
“အေး ဟုတ်တယ် သားရဲ့၊ TV ဆေးတွေ သောက်တာများပြီး ဆေးဒါဏ်ကြောင့် ….”
“တော်ပြီ အမေရာ ဆက်မပြောတော့နဲ့”
စကားစ ကို ဖြတ်လိုက်ရသည်၊ ဗုဒ္ဓအရှင်မြတ်ကတော့ ဘယ်အချိန်၊ ဘယ်အရွယ်၊ ဘယ်နေရာမှာ သေရမယ် ဆိုတာ မသိနိုင်ဘူး တဲ့ ၊
ချစ်ခင်သူတို့နှင့် ခွဲခွါရခြင်းသည်လည်း ဒုက္ခတစ်မျိုးပင်ဖြစ်ပေ၏၊ တကယ်ဆို သေခြင်းတရား နဲ့ သက်ရှိသတ္တဝါ က အမွှာတွေလို ခွဲမရ၊ သွားနှင့်ပေဦးဆရာမရယ်…………….
ဖတ်မိတဲ့ ဆရာဓမ္မဂင်္ဂါရဲ့ စကားလေးက ရင်ထဲ ရောက်စေသည်၊
 “ရှင်ဥတ္တမရေ….. သံသရာတွေ ကွေ့ပဲကွေ့နိုင်လွန်းလှပေါ့

2 comments:

  1. တကယ်ဆို သေခြင်းတရား နဲ့ သက်ရှိသတ္တဝါ က အမွှာတွေလို ခွဲမရ၊
    သံသရာတွေ ကွေ့ပဲကွေ့နိုင်လွန်းလှပေါ့”

    ReplyDelete
  2. အကွေ့မှာ တရားလက်ကိုင် ခိုင်ဖို့ သတိပြုမိပါစေတယ် ဘုရား ...

    ReplyDelete