သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Thursday, 31 October 2013

ဒုက္ခသစ္စာ ရှာဖွေခြင်း

သံဝရ နစ်ကျိုးတွေနဲ့
မစို့တပို့ သိက္ခာတရားကို
ရန်လုပ်ရတာ
လူတတ်ကြီး ဆန်လှတယ်၊

ကပိုကယို အလွမ်းလက်တွေကနေ
စိမ်းညို့ညို့ လမ်းမတွေထက်
တိတ်တဆိတ် ချဉ်းကပ်
ကဲ ကော်ဖီခွက်တွေ ဘယ်သူ စ,ဖျော်မလဲ

အမေက ဒီလို မဆုံးမပါဘူး
"ဒုက္ခဆိုတာ သားရယ်၊ ပုတ်ပွနေလဲ သိပ်လှတဲ့ အရာ" ဆိုပြီးတော့လေ

(လင်းအိမ်နေ)

Tuesday, 29 October 2013

ဆုံဆည်းခွင့်နဲ့ အိပ်မက်များ အကြောင်း.......

ကြယ်တွေ မကြွေရလေအောင်
ညတွေကို လက်ဝါးလေးနဲ့
ကာ ထားပေးမယ်

တိတ်ဆိတ်မှုဆိုတာ
ပုရစ်သံနဲ့ ခုတ်ထွင်းလိုက်ရုံလေး
သုညဆန်ဆန် ပြည့်စုံသွားရော့လား

ဝေဒအမှန်တရား သက္ကရာဇ်ထဲက
2013 ကမ္ဘာ သင်္ခါရမဆန်ပြပေမဲ့
2015 မှာတော့
တခုခု change တန်ကောင်းရဲ့

အတွေးတွေ
အတွေးတွေ
ကမ္ဘာမြေပေါ်
တိတ်တဆိတ် သွန်ချရင်း
စုံဆည်းခွင့်နဲ့ သီးချိန်တန်သီးတွေ
အိပ်မက်နေဆဲ.....

(လင်းအိမ်နေ)

Sunday, 27 October 2013

အလွမ်းနဲ့ ရဟန်း.......

အလွမ်းဆိုတာ
သတိရခြင်း တောင့်တခြင်း ကြည်နူးခြင်း
ကြေကွဲခြင်း ယှက်လာစပ်သော သဘောလို့ ဆရာဇော်ဂျီက ဆိုလေရဲ့

ရဟန်းနဲ့ အလွမ်းဟာ
တောင်နဲ့ မြောက်လမ်းကြားက
၃နဲ့၎ လို ခခွေးနဲ့ သဝေထိုးပါတဲ့လေ

တကယ်ဆို
သစ်ပုတ်ညိုတွေ ဖူးပွင့်ခွင့် မရှိ ဆိုတဲ့ လောကပညတ္တိတွေကြား
ငါလည်း လွမ်းတတ်ပါသေးလား

အာပတ်ကင်းလွတ်ခွင့် စကားဝါလမ်းထဲ
ခပ်လှမ်းလှမ်းက တောရိပ် တောင်ရိပ် တိမ်ရိပ် တွေ
ဟိုဆီ နေရိပ်ရိပ်တို့နား
ရွှေဥဒေါင်း ရေးတဲ့ စာသားလေးတောင် ဖြာကျနေပေါ့
'' ဘယ်ဆီ လွမ်းရမှန်းမသိတဲ့''

ဒီလိုနဲ့
တနှစ်နဲ့ တနှစ်ထဲ ခပ်ကျဲကျဲ
ဝိလုံးဝိလုံး ရာသီတွေ
ရဟန်းတပါးရဲ့ ဦးရိပ်ထက်
လိမ့်လိမ့် တက်လာချေပေါ့လား
 

သြော်......
အတိတ်တွေ
အတိတ်တွေ..........

(လင်းအိမ်နေ)

follow..........

ဘ၀မှာ အကြောက်ဆုံးက
'သစ္စာဖေါက်' လို့ အမြင်ခံရမှာကိုပဲ

သိ တိုင်းလဲ မပြောနဲ့
ကြား တိုင်းလဲ မယောင်နဲ
မြင်း တိုင်းလဲ မကြည့်နဲ့
ဆေးဆရာ တိုင်းကိုလဲ မယုံနဲ့တဲ့

ကိုယ့် ကျောင်းလွယ်အိပ်လေးနဲ့ ကိုယ်မို့
ရေစို မခံလိုပါဘူးကွယ်

ကျေးလက်ပျိုရဲ့
ရိုးသားလိုခြင်း တိမ်ခိုတွေနောက်
ခေါင်းငိုက်စိုက် လျှောက်ရင်း လိုက်ခဲ့ပေါ့.....

(သာကီလုလင်)

ညနေခင်း.....

ပြတင်း တံခါးကို
ဖွင့်

ကိုယ့်ကို ငုံ့ကြည့်နေတဲ့
ဆည်းဆာ မှာ
`နီးလာပြီ`ဆိုတဲ့
သံဝေဂတွေ ရွေ့လျှားနေရဲ့

တစ်စက္ကန့်လေးပဲ ဖြစ်ဖြစ်
နောက်ဆုတ်လို့ ရမယ်ဆို
မနက်ဖြန်ထဲက
ဆောင်းညိုညိုလေးထဲ
မသွားချင်သေးဘူးကွယ်

ဒီလိုနဲ့
လှုပ်ရင်း ရှားရင်း
ရုန်းရင်း ကန်ရင်း
ကိုယ်ပိုင် ထမင်းဘူးလေးတောင်
အေးခဲလာပေါ့......

Sunday, 20 October 2013

နောက်ကျတဲ့ နှုတ်ခမ်းနီများ..........

တိတ်ဆိတ်မှု က
သုည

ရတက်ရေများနဲ့
ရန်ကုန် ရဲ့ ရတ္တ ဟာ
ဟွန်းသံစုံနဲ့ ကပြ

အနာဂတ်တွေ လက်အံသေနေတဲ့
မီးလင်းဖိုလေးထက်
နှုတ်ခမ်း နီရဲရဲ မာမီရဲ့
အိမ်အပြန် စက္ကန့်ကြား
မီးညှောင့်လေးများ
ဗိုက်ဆာနေရှာပေါ့

ခေတ်ကြီးက ဒီလိုပါ...
ပညာရေးမှာ
အသပြာ မတန်တဆ နစ်ပိုးနေတဲ့ခေတ်
စီးပွါးရေးမှာ နှုတ်ခမ်းနီ မပြာရင် ဈေးကောင်း မရတဲ့ခေတ်
နိုင်ငံရေးမှာ ကိုယ်ပျောက် ဘုရင်များတို့ တန်ခိုးထွားတဲ့ခေတ်
ဓမ္မရေးမှာ ကိုယ့်ထမင်း ကိုယ်ဝဖို့လောက်ကို တရားအသိရှိသူများအဖြစ် အပြိုင်ဆိုင် ဂုဏ်ဖော်ကြတဲ့ခေတ်

မျက်လုံး နှစ်စုံ
မှေးမှိတ်ထား
ထိုးကြိတ်သိပ်ထည့် သွားဆဲ
အမှန်တရားတွေ
ခေတ်ရေစီးမှာ
ကျန်..........ရစ်

(သာကီလုလင်)

Monday, 14 October 2013

*ချစ်ခြင်း ကောက်ကြောင်း*



“နောက်ဘဝကို မျှော်ငေးရတာ
ညများ ဆန်နေမလား
အချိန်နဲနဲလောက် ရမယ်ဆို
လေးဘက်လေးတန် နံရံကိုငေး
ရဟန်းတစ်ပါးရဲ့ ဖရိုဖရဲတွေ တွေ့လိမ့်မယ်”
                                                                     ရှင်မားရု(ဂါထာ)

မြည်းတကောင် ရဲ့ ကျီးကန်းတောင်မှောက်တွေမှာ ကြည်ပြာရောင် ခွါလှလှလေးတွေက မြစ်ကမ်းဘေး ဆည်းဆာရောင် လွှမ်းနေတဲ့ မြက်ခင်းပါးတွေနဲ့ ဘယ်လောက် လိုက်ဖက်လိုက်သလဲ၊
သူမရဲ့ နှုတ်ခမ်းပါးတွေနဲ့ ရိတ်သိမ်းလိုက်တိုင်း ကိုယ့် အသက်ရှုသံတွေ ပါးပါး ပါးပါးလှီးနွှာခံနေရတယ်၊
သူမ က နက်မှောင်ကော့နေတဲ့ ပန်းတုံးရောင် လည်ဆံလွှာတွေကို လှစ်ခနဲ ကောင်းကင်ပေါ် တချက်ပြစ်တင်လိုက်ရင်း ကိုယ့်ကို သာမန် မျက်လုံးတွေနဲ့ ဂဃနဏ ကြည့်နေတယ်၊
“ရှင် ဘယ်က လာတာလဲ” (ပျားရည်စက် ဝတ်မှုန်တွေကျဲထားတဲ့ ချိုမြမြ အသံ)
ကိုယ်  ဣနြေ္ဒ သိသိသာသာ တစ်ချက်ပျက်သွားသည်၊ ပြန်ဆည်လိုက်တယ်၊ တည်ငြိမ်လောက်ပြီ၊
“ဟိုလေ ဘနားရပ်စ်ကပါ”
(ဟင်ဒီ စပိ မပီမသနဲ့ ကိုယ်အသံက  တစ်တစ်ခွခွ၊ ဟိုလေ ဆိုတဲ့ အာလုပ်ဝါကျကို အစပြုမိတဲ့အတွက် ကိုယ် ဣနြေ္ဒ ပျက်တာ သိသွားလေမလား၊ ကိုယ့်ကိုကိုယ်ပဲ ရင်ထဲ ကြိတ် အပြစ်တွေ တင်နေမိတယ်။)
“For what”  (သူမက ဟင်ဒီမဟုတ်တဲ့ speaking တမျိုးကို သုံးရင် စိတ်ဝင်တစား၊ အင်း ဘာမှတော့ မဆိုင်ပါဘူး၊ အဲ့လို မင်း စပီကင် ညပ်သုံးလိုက်တိုင်း ကိုယ် ရူးလောက်ရဲ့၊)
“Distribution ကိစ္စနဲ့” (ကိုယ်ကလဲ အားကျမခံ)
သူမ ရဲ့ နှုတ်ခမ်းထက်မှာ ကျေနပ် အပြုံးက ပါးပါးလေး ပျံဝဲသွားတာ ကိုယ်မြင်လိုက်သလားပဲ၊
“ဒါဆို ရှင်က ဒီ ကုန်ပစ္စည်းကြီးတွေ ပုခုံးပေါ်ထမ်းပြီး ခရီးမိုင် ဘယ်လောက် အထိ အသွား အပြန်လုပ်ရလဲ” (ဗုဒ္ဓေါ သူမရဲ့ ရှေ့မှာ ကိုယ် အင်တာဗျုးတွေ ဖြေနေရပါလား၊)
“၇ ယူဇနာပါ ညီမ” (နှစ်ယောက်ကြား ရင်းနှီးမှု ပို နီးကပ် လာအောင် ကိုယ်က သတိကြီးကြီးနဲ့ ‘ညီမ’ ဆိုတဲ့ စကားကို ဆွဲသုံးလိုက်တယ်။)
သူမ က ကိုယ့်ကို ကြည့်နေတယ်။ပြီးတော့
“ရှင် ဒီလောက်ထိ  ခရီးမိုင်တွေ သွားနေတာ ရှင်ပြန်လာရင် အမောပြေစေတဲ့ သူရော ရှင်မှာ ရှိရဲ့လား”
Gf ကိုမေးကြောင်း သဘာဝ အတတ်ပညာအရ မပြောပဲ ကိုယ်သိလိုက်တယ်၊ ကိုယ်ဖြေရ နည်းနည်း ကျပ်သွားတယ်၊
“မရှိပါဘူး ညီမ”
ဒီတခါ သူမ ဘာစကားတစ်ခွန်းမျှ မဆို၊ အတန်ကြာတဲ့ အထိ ကိုယ့် မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ တခုခုကို စူးစမ်းနေပုံပဲ၊
ပြီး သူမ ဆီက ကရုဏာ ဆွတ်ထားတဲ့ အာမေဋိတ်သံ တခု၊ ကိုယ့် အားအင် တွေကို ဆွဲငင်ယူသွားသလား အောင့်မေရတယ်၊
“ရှင် အရမ်း ပင်ပန်းရှာမှာပဲနော်”
မြည်းနှစ်ကောင်ကြား တိတ်ဆိတ်မှုက ယောဂီရောင် ဝတ်ပြီး လမ်းသလား နေလေရဲ့…………
…………………………………………………………………………………………………….
သိပ်မကြာပါဘူး ကိုယ့် သခင် ရောက်လာတယ်၊ ဆည်းဆာရောင်က ဖျော့တော့တော့
“သား ပြန်ကြစို့” (ကိုယ် မပျော်ဘူး၊ ‘တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေပြီလား မကော်နီ’ ရေ)
“သခင် ပြန်ပါတော့ဗျာ၊ ကိုယ် မလိုက်တော့ဘူး၊” (မင်း အတွက်နဲ့ ကိုယ် စပြီး ဆန့်ကျင်ပြီ)
သခင် က ကိုယ့်ကို တတွတ်တွတ်ခေါ်တယ်၊ ကိုယ်က ဘူး ခံတယ်၊
ကြာတော့ သခင့်ရဲ့ စိတ်ထဲမှာ ကိုယ့်ကို ကြောက်အောင် လုပ်ပြီး ခေါ်မှ ရမယ် ဆိုတဲ့ အတွေးမျိုး ဝင်သွားပုံရတယ်၊ သခင့်အသံက မာ လာတယ်၊
“အေး မင်း မလိုက်ရင် မင်းကို ကြိမ် နှင်တံ ဒဏ်ရာတွေ အသားထဲ နစ်သွားအောင် ဆော်ပြီး ခေါ်မယ်၊”
ကိုယ် မကြောက်တော့၊ ဘာမှ မကြောက်တော့ပါဘူး ကောင်မလေး၊
“သတ္တိရှိရင် လုပ်လိုက်စမ်းပါ၊ ခင်ဗျားသာ ကျုပ်ကို အဲ့လို ရိုက်ရင် ကျုပ်ကလဲ ရှေ့ခြေကို မြေမှာထောက် နောက်ခြေကို အားကုန်လွှဲ ခင်ဗျားရဲ့ သွားတွေကို အပြွတ်လိုက် ကျွတ်ကျစေရမယ်”
သခင့်ရဲ့ စူးစမ်းမျက်လုံးတွေ ကိုယ့်ရဲ့ ဘေးဘီ နံဝဲကို ရောက်လာတယ် လို့ ကိုယ်ထင်လိုက်တယ်၊
ကိုယ့် သခင် ပြုံးတယ်၊ လျှိုဝှက်သော အပြုံး
အသံက ခုနကနဲ့ so so different သွားတယ်၊
“သား”
ကိုယ် မျက်နှာကို ရှစ်ခေါက်ချိုးထားတယ်၊ မရဘူး လာချော့လို့ရမယ် မထင်နဲ့
“ငါ့သားသာ တကယ်လို့ ငါနဲ့ ပြန်လိုက်မယ်ဆိုရင် ခြေထောက်လေး လေးချောင်းက ခရုသင်းလေးလို ဖြူဖွေးပြီး အရမ်းလှတဲ့ ကလေးမ တယောက်ကို ငါ့သားအတွက် အဖေ ရှာပေးမယ်၊ ဟုတ်ပြီလား”
ကိုယ့် သခင်ကို ကိုယ် မျက်လုံး ဝင့်ကြည့်လိုက်တယ် ၊ ဟုတ်မှ ဟုတ်ပါ့မလား၊ မျက်လုံးထဲမှာ အဖြေရှာနေတယ်၊ဟုတ်တယ် လူဆိုတာ ကိုယ်တို့လို တိရစ္ဆာန် လောကသားတွေလောက် ယုံရတာ မဟုတ်ဘူးလေ၊ သခင်ကတော့ ပြုံး ပြုံး လေးနဲ့ ကိုယ့်ကို မေးဆတ်တယ် ‘ဘယ်လိုလဲ’ ဆိုတဲ့ သဘော
“ကတိနော်”
“ကတိပေါ့ သားရဲ့”
“ခင်ဗျား ကတိသာ တည်စမ်းပါစေ၊  တနေ့ ၇ ယူဇနာ သွားနေတာကနေ နှစ်ဆ တိုးပြီး ၁၂ ယူဇနာ သွားပြမယ်ဗျ”
သခင့်ရဲ့ လက်ဖဝါးတွေက ကိုယ့် လည်ဆံမွှေးတွေကြား နုညံစွာ ပြေးကစားရင်း ကိုယ့်ကို ခေါင်းညိတ်ပြတယ်။
ကိုယ် တက်ကြွလာတယ်၊ ကိုယ့်မှာ အားတွေ ပြန်ပြည့်လာသလို ခံစားရတယ်၊
……………………………………………………………
ဘနားရပ်စ်(ဗာရာဏသီ) ကို ပြန်ရောက်ပြီ၊ တစ်ရက် နှစ်ရက် သုံးရက် သခင်က တုတ်တုတ်မျှ မလှုပ်၊
ကိုယ် စိတ်ပူရပြီ၊ သခင် တကယ် ကတိမတည်တော့ပြီလား ‘ယောက်ျားမှာ ကတိ’ ဆိုပြီးတော့များ၊
“ခင်ဗျား ကျွန်တော့ အတွက် မိန်းမ ရှာပေးမယ် ဆိုဗျ ခင်ဗျားကြီး လူကြီးလုပ်ပြီး ကတိ မတည်တာလား”
ကိုယ့် အပြောကြောင့် သခင်က ကိုယ်စားဖို့ အစာတွေ ထည့်ပေးနေရင်းက မော့ကြည့်တယ်၊
“ မလိမ်ပါဘူး သားရဲ့”
သခင့် မျက်နှာက တည်တည် ငြိမ်ငြိမ်၊ ကိုယ့် စကားမစပ်ခင် သခင်က ဆက်ပြောတယ်၊
“ဒါပေမဲ့ မင်းကို ငါ အစာ တနေ့ကို တကောင်စာပဲ ကျွေးနိုင်မယ်၊ မင်းမိန်းမ လာရင်လည်း မင်း ဝေစု တကောင်စာထဲကပဲ မင်းဟာမင်း ခွဲကျွေးရမယ်၊ အေး မင်းနဲ့ မင်းမိန်းမ နဲ့ ပေါင်းသင်းပြီး ရလာတဲ့ ကလေးတွေလဲ မင်းတကောင်စာ ဝေစုထဲကပဲ မင်းဟာ မင်း ခွဲကျွေးရမယ်၊ ငါနဲ့ မဆိုင်ဘူး၊”
ကဲ ဘယ်လောက် ခွကျတဲ့ သခင်လဲ၊ တကောင်စာပဲ ပေးနိုင်မတဲ့၊ အဲ့လိုကျတော့လဲ မဖြစ်သေးဘူးလေ၊
ကိုယ် စားဖို့ တကောင်စာလေးကို နောက်ထပ် နှစ်ကောင် သုံးကောင် ထပ်ခွဲကြွေးရမယ် ဆိုတော့၊ ခဏ တဖြုတ် တရက်နှစ်ရက် ဆို ကိစ္စ မရှိ၊ နေစဉ်ရက်ဆက်ကြီးကျတော့လည်း၊ ကိုယ်စဉ်းစားရပြီ။
“အာ အဲ့ဒါမျိုးတော့ ဘယ်ရမလဲ ဗျ”၊ သတ္တဝါတိုင်းဟာ ကိုယ့်ကိုကိုယ်တော့ စေတနာ အရှိဆုံးပဲ ဟာ၊
“အဲ့ဒါ ဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူးဟေ့၊ မင်း သိပ်လိုချင်နေပါတယ် ဆိုရင်တော့လည်း ငါ ရှာပေးရမှာပေါ့ ၊ အဲ ဒါပေသိ ငါကတော့ တစ်ကောင်စာပဲ အစာပေးမှာနော်”
ကိုယ် တကယ် စိတ်ပျက်သွားတယ်၊ သက်သက် အနိုင်ကျင့် ခံရမှန်း သိပေမဲ့လည်း ကိုယ်မတတ်နိုင်တော့ဘူး၊ ဘယ်နှာ့ တကောင်စာပဲ တဲ့၊ ကိုယ့်မှာ ပြောစရာ စကားရှားလာတယ်၊
“ဘယ်လိုလဲ”
သခင်က ကိုယ့်ကို စူးရဲ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း အကဲခတ်တယ်၊
တကယ်ပါ အဲ့ အချိန်တုန်းက ကမ္ဘာမှာ အဲ့မျက်လုံးတွေကို အမုန်းဆုံးဖြစ်ခဲ့မှာပဲ၊
“တော်ပြီဗျာ မယူတော့ဘူး” ကိုယ် အလျှော့ပေးလိုက်ရတယ်၊
ကိုယ့် အဖြေကို သခင်က သဘောကျသွားတဲ့ ဟန် ပြုံးရင်း၊ တဖက်လှည့် လေ လေးတချွန်ချွန်နဲ့ ထွက်သွားတယ်၊
လောက ကြီးကလဲ သိပ်ခက်နေပါလား မြည်းငယ်မလေးရယ်၊ အားလုံးပြီးသွားပြီ ကိုယ့် ရင်ထဲက တအုန်းအုန်းနဲ့ ရုန်းကန်နေတဲ့ ချင်ခြင်း ချစ်စိတ်တွေကို မချင့်မရဲ ကိုယ် စွန့်လွှတ်ခဲ့ပြီး၊
……………………………………………………………………………………………
ခုဆိုရင် ကိုယ်လဲ တဏှာတွေ ကုန်ရာ သန္တိ အိမ်ရာကြီးထဲ တိတ်ဆိတ်ငြိမ်သက် အေးချမ်းနေခဲ့ပြီ၊
ကိုယ် ခဏခဏ အိမ်မက် ပြန်မက်ခဲ့ရတဲ့ မင်းရဲ့ တစ်ဝက်ဖီး ဆံနွယ်လေးများနဲ့ “မောင် မြန်မြန် ပြန်ခဲ့ပါနော်” ဆိုတဲ့ စကားသံလေးတွေ ငါ့နံရံတွေမှာ အရည်ပျော်သွားခဲ့ပါပြီ မိ ကလျာ၊
ကိုယ့် အတွေးတွေကြား ဖြတ်ခနဲ
ဟုတ်တယ် စကားသံ သဲ့သဲ့ ကိုယ့်ကြားတယ်၊ ကိုယ် ငုံ့ထားတဲ့ ခေါင်းကို မော့၊ ရှေ့တည့်တည့်ကို ကြည့်လိုက်တော့…………………
ပန်းတွေ အလယ်မှာ အပွင့်လှလှနဲ့ ငှါးငှါးစွင့်နေတဲ့ ပဒုမ္မာ ကြာပန်းကြီး သဖွယ် ပရိတ်သတ် လေးပါးကြား တင့်တယ်နေတဲ့ နောင်တော်ဗုဒ္ဓ အရှင် ၊
ကိုယ့် အတိတ်တွေဟာ မင်းနဲ့ ပါတ်သက်လာတိုင်း သိပ်ရယ်စရာ ကောင်းနေပါလား မိကလျာ၊ အော်…………………….အတိတ်ဆက်ဆက် ချစ်ခဲ့ရတဲ့ ကလျာ ပါလား…………
ကိုယ် ခါးကို ပြန်မတ်ရင်း၊ တရားဘက် အာရုံ ပြန်စုရင်း နားစွင့်လိုက်တော့…………………..၊
ကြည်လင်ပြတ်သား ခန့်ညားတဲ့ ထိုအသံ ၊ ဟုတ်တယ် ဗုဒ္ဓ အရှင်ရဲ့ အသံ ၊ အဝေး လေထုကိုဖြတ် နားတွေထဲကို မတ်တပ်ရပ် ပြောနေသလား ထင်ရတဲ့ အသံ တိတ်ဆိတ်ခြင်းတွေကြား ထီးထီးကြီး ပြန့်ကားလျှက်…………

“ခေါင်မလုံတဲ့ အိမ်နံရံတွေမှာ
မိုးရေပေါက်တွေ ကျနေသလို
အာရုံတွေကို စုစည်း မထားဘဲ ဝိပဿနာနဲ့ ကင်းကွာတဲ့ လူရဲ့ စိတ်ကို
ကိလေသာ မိုးပေါက်တွေက ယိုကျနေဦးမှာပဲ”
                                                     (ဗုဒ္ဓ)
ရဟန်း ဘဝရောက်ခဲ့တာတောင် မင်းအကြောင်းတွေးရင် သွေးနွေးနွေးလာတတ်တဲ့ ရင်ခုန်ခြင်းတွေ အခုတော့ ငါ သော့ခတ် သိမ်းထားနိုင်ခဲ့ပြီ မိကလျာ…
နင့်လမ်း နင်သွား
ပုထုဇဉ်ရဟန်းတပါးရဲ့ အတွေးညတွေကြား ခေါက်တုံ့ ခေါက်ပြန် လမ်းသလားလွန်းတဲ့ နင့်အကြောင်းတွေ ငါ့ ခေါင်းထဲက ခါထုတ်နိုင်ခဲ့ပြီ၊ ငါ့ကို လှည့်မကြည့်ပါနဲ့တော့
တဖက်လှည့် ကျောခိုင်း၊ နင့်ရဲ့ အဲ့ဒီ နှုတ်ခမ်းတွေရက်ရက်စက်စက် မဲ့ပြီး ငါ့ကို မုန်းလိုက်စမ်းပါ၊
နင်ပျော်ရာကို ခြေလှမ်းဖဝါး တစ်ရာမက လှမ်းသွားလိုက်တော့၊
ငါ့ကို ခွင့်လွှတ်ပါလို့ မတောင်းဆို။
ရဟန်းတစ်ပါးရဲ့ ဖြစ်တည်ခြင်းကိုပဲ ပီပီသသကြီးနဲ့ ငါ
နင်နဲ့ ဝေးရာ ဝေးရာ ငါလည်း ရဟန်းတစ်ပါး ပီသခဲ့ပြီ။
အေးချမ်းသွားပါပြီ မိကလျာ………………………….
အရာအားလုံး အေးချမ်းသွားပါပြီ……………………….
ငါ့ ခေါင်နံရံ နဲ့ အမိုးတွေလဲ မိုးလုံသွားခဲ့ပြီ …………….။

“မစိုးရိမ် နဲ့ စိုးရိမ်ခြင်းများ”



“ပစ္စုပ္ပန် တခွင်လုံး ပြတင်းတံခါးတွေ ဖွင့်၊ လင်းကျင်းခွင့်ပေးလိုက်ရဲ့
ပြန်ယူသွားလိုက်စမ်း………………
နေ့တနေ့စာ
ပျင်းရိခြင်းနဲ့ တိတ်ဆိတ်ခြင်းတွေ၊
ဝင်လာလိုက်စမ်း………………..
ပြတင်းတွေကတဆင့်
အလင်းတွေကတဆင့်
ငါ့ ရင်ဘတ်ကို တက်ကြွခြင်းနဲ့ အချိုးကျခြင်းတွေ သွန်းချ လိုက်စမ်း”
……………………………………………………………………..
ကီးဘုတ်နဲ့ လူနဲ့ မိတ်မဆက်ရတာ ကြာပြီ၊
ဘလော့နဲ့ ဖေ့ဘုတ်နဲ့ လူသိနည်းနေတာ ကြာပြီ
ဘာကြောင့်မှန်းမသိ မောင်ချောနွယ်ရဲ့ “လူကြိုက်နည်းတဲ့ ကောင်” ဆိုတဲ့ ကဗျာလေး ကို အလွတ်ကျက်နေမိသည်၊
စိတ်ဓာတ်တွေ ပြုပြင်ခြင်း ကင်းမဲ့ နေခဲ့တာ ကိုယ်လွတ် စိတ်လွတ်ပါပဲ၊
မဂ္ဂဇင်း စာမူကြမ်းတွေ ကိုယ်အိပ်ရာပေါ်မှာ သောင်တင်နေတာ ကြာပေါ့၊
လူက ပျင်းလိုက် လက်ကပျင်းလိုက် နဲ့ အထာတော့ ကျနေပြီရယ်၊
မစိုးရိမ် ဆရာတော် ဘုရားကြီးက သြဝါဒ ပေးရင် ဗဟုသုတကို အလုံးနဲ့ အရင်းနဲ့ ပေးတတ်သည်၊
ဆရာတော်ဘုရားကြီးက မှတ်စရာ တခုပြောတော့မယ် ဆိုရင် “မင်းတို့ သိရဲ့လား” “ဟာ အတော် ဟုတ်တဲ့ ကောင်တွေ”  ဆိုတဲ့ ဝါကျနဲ့ ကမ္ဘာ့ ဗဟုသုတ၊ တရား ဗဟုသုတ အားနဲ့ အင်နဲ့ knowledge တွေ share တော့သည်၊
ဆရာတော်က စကားပြောကောင်းသည်၊ ရှေ့ စကားတစ်လုံးကို ပြောနေရင်းနဲ့ နောက်က တစ်လုံးကို ငမ်းလင့်လာအောင်  ပြောနိုင်သည်၊
ခုလည်း ဆရာတော်ကြီးရဲ့ သြဝါဒကို ခပ်တည်တည် ကောက်ဖတ်နေမိသည်၊ (မိတ်ဆွေများ သိကုန်ရင်တော့ “မတူမတန်တွေတော့ လုပ်ကုန်ပြီ”  လို့ ရွတ်တွားကြပေတော့မည်၊ မတတ်နိုင်၊)
ရင်းနှီးတဲ့ ဒကာတယောက်က လျှောက်ဘူးသည်၊
“သီတဂူဆရာတော်ကြီးက တရားဟောတဲ့ အသံလေးကို ထားဦး၊
ချောင်းဆိုးတဲ့ “အဟမ်း” ဆိုတဲ့ အသံလေးကိုးက ကြည်ညိုစရာ ကောင်းတာကလား ဘုရား”  တဲ့
သုပ္ပဋိပန္န သံဃာတော်အပေါင်းအား ဦးတိုက်ရှိခိုးပါ၏၊
မစိုးရိမ်ဆရာတော်ကြီး နဲ့သာ သိခွင့်ရခဲ့ရင် ဒီလောက် အ ရတဲ့ မောင်ရင်ကို
“အတော် ဟုတ်တဲ့ ကောင်” ဆိုပြီး လောကနဲ့ ဓမ္မရေးရာမှာ ညံ့ဖျင်းလွန်းတဲ့ ကိုယ့်ကို ကြိုးစားပန်းစား ဆုံးမ ရှာပေဦးတော့မည်၊
မစိုးရိမ် ဆရာတော်ဘုရားကြီးသည် မြန်မာပြည် သာသနာရဲ့ ပြယုဂ်တစ်ဆူဖြစ်သည်၊
မြန်မာပြည်မှာ သံဃာအများဆုံးလို့ ဆိုလို့ရတဲ့ မ,တစ်ရာသား စာသင်သား တွေတင်မက မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုပါ စိတ်ဓာတ်, စည်းကမ်း, ပညာ, ညီညွှတ်ခြင်း နဲ့ရိုးသားခြင်းတွေမှာ  ရင်ဝယ်သား ကဲ့သို့ စောင့်ကြပ် သွန်သင်သင်တော်မူခဲ့လေသည်၊ ( ဦးခိုက်လျှက် မှတ်မိနေဆဲပါပဲ ဘုရား၊)
အဲ့တုန်းက အိန္ဒိယ ဆောင်းကာလ မို့ ခိုက်ခိုက်တုန် နှင်းမှုံတွေကြား ခြုံထည်လေး ခြုံ၊ ခေါင်းစွပ်လေး ခေါင်းမှာ စွပ်၊ မိုက်ခရိုဖုန်းကို လက်ကကိုင်ပြီး အင်တိုက် အားတိုက် မိန့်မှာတော်မူသွားတဲ့ သြဝါဒတွေ ၊ ကိုယ်တို့ရဲ့ အသိတရားနဲ့ ဆရာတော်ဘုရားကြီးရဲ့ မျှော်လင့်ချက်တွေကို ခံယူရတာ ကတုန်ကယင်၊
“တိုင်းပြည် မင်းတို့ပြုစုဖို့ အတွက် မင်းတို့ဦးဇင်းတွေရဲ့ အားလည်း ကိုးရမယ်၊ ကိုးရဖို့ များနေပြီ၊ အခုတော့ မင်းတို့က ပျင်းလိုက်တာ၊ ဟုတ်လား၊ ဘာ အားကိုးရမှန်းမသိဘူး၊”
တကယ်ပါပဲ လမ်းကိုတွေ့နေရဲ့သားနဲ့ မလျှောက်ချင်တဲ့ ခြေထောက်တွေက ပိုပြီး ဂွကျနေမလား၊
လူလောကနဲ့ ကိုယ်နဲ့ ကိုက မတော်မတည့် ကျလွန်းတာလား၊ တာဝန် သိမှုစိတ်တွေ လျှော့ပါးလာတဲ့ အချိန်မှာ တာဝန် ယူလိုမှုတွေ နှိုက်စားခံရတော့တာပါပဲ၊
“မင်းတို့က တီဗွီဖွင့်ပြီး နားထောင်တာကို သာသနာပြုတယ် လို့ ထင်နေတာကိုးကွ၊”
အလွဲတွေမှာ သာယာလွန်းတဲ့ စိတ်တွေပါဘုရား၊ တပည့်တော်တို့ လူမျိုးတွေကိုးက လွဲမှားခြင်းတွေမှာ နောင်တ ဆိုတာကို တပ်မလာကြဘူးလေ ဘုရား၊
တပည့်တော်လည်း လွဲနေတယ်၊ တပည့်တော် သူငယ်ချင်းတွေလဲ လွဲနေတယ်၊ နောက်ပြီး တပည့်တော် မိသားစု၊ နောက် တပည့်တော် ပတ်ဝန်းကျင်………………..
“မုတ္တဗောဓ သဒ္ဒါကျမ်း ဆိုတာ မင်းတို့ကြားဘူးလား၊ မင်းတို့ ဟေ့ကောင်တွေ ကြားဖူးလား၊ ကြားဖူးတယ်၊ ဘာ သဒ္ဒါကျမ်းတုန်း၊ မုတ္တဗောဓ သဒ္ဒါကျမ်း၊ မုတ္တ- အင်မတန် ထိုင်းမှိုင်းတဲ့ သူတွေကို၊ ဗောဓ- သိအောင် သင်ပေးတဲ့ ကျမ်းပေါ့ကွာ၊ အမြန်သင် သဒ္ဒါပဲကွ ဟုတ်လား၊ မုတ္တဗောဓ သဒ္ဒါကျမ်း ရေးတဲ့ပုဂ္ဂိုလ်က၊ သူက ရေထမ်းသမားကွ လမ်းမှာ ရေဆိပ်နဲ့ အိမ်နဲ့ ကြားက လမ်းမှာ ကျောက်တုံးကြီးရှိတယ်၊ သက်နုကျောက်ပေါ့ကွာ၊ အဲ့ဒီ ကျောက်တုံးအနားရောက်ရင် ရေအိုးကိုချပြီးတော့ နားလေ့ရှိတယ်ကွ၊ ရေအိုးချပါများတော့ ကျောက်ကလည်း သက်နုကျောက်ဆိုတော့ အဲ့ဒီ ရေအိုးချတဲ့နေရာ ချပါများတော့ ခွက်သွားမှာပေါ့ကွ ဟုတ်လား၊ ရေအိုးဖင်ရာ ကြီး ထင်တယ်ပေါ့ကွာ၊ ဦးကျဉ်ပွေ့နဲ့ ခပ်ဆင်ဆင်ပါပဲ၊ အေး အရာကြီး ထင်သွားပြီ၊ ငါ ပညာသာ သင်ရင် ဘယ်လောက်ထိအောင် တတ်နိုင်တယ် ဘာညာ နဲ့ အဲ့ဒီ အသိဥာဏ်ဝင်ပြီးတော့ ပညာသင်ပြီး မုတ္တဗောဓကျမ်းကို ရေးခဲ့တာ၊ အဲ့ဒီကျမ်း ၊ မင်းတို့ မလေ့လာဖူးပါဘူး၊ လေ့လာဖူးလား၊”
ခေါင်းဆောင်ကောင်းဆိုတာ  အနေထိုင်ရော အသိဥာဏ်ရော နောက်လိုက်တွေအတွက် စံပြ ဖြစ်နေရမည် ဟု ကိုယ်က မှတ်သားရဘူးသည်၊ ဆရာတော် ဘုရားကြီးအား အကြိမ်ကြိမ် ဦးခိုက်လျှက်၊
“ကိုင်း လိုက်ဆို၊ သစ်ပင် မြစ်ချောင်း၊ နို့ကောင်း နွားမ၊ ဤကာယကား၊ သူများ အကျိုး၊ သယ်ပိုးအံ့ငှါ၊ သီးခါတန်သီး၊ စီးမြဲစီးလျှက်၊ ဒီးဒီးယိုကျ၊ ကျိုးဆောင်ရ၏၊ အဲဒီ နီတိ ကဗျာအတိုင်း မင်းတို့ သူတစ်ပါး ပရဟိတ လုပ်ငန်းကို လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါစေ လို့ သြဝါဒပေးရင်း ငါ့ရဲ့ သြဝါဒကို နိဂုံးချုပ်ပါတယ်၊ ကဲ သာဓုခေါ်၊”
လောကကို မီးမောင်းထိုးပြ ရင်း ဆန္ဒကို အပြည့်အဝ ထုတ်ဖော်မိန့်ကြားသွားသည်၊
သူတော်ကောင်းတို့၏ ဆန္ဒသည် သူတစ်ဦးအတွက် မဟုတ်၊ ငါတစ်ယောက် အတွက် မဟုတ်၊ ကိုယ့်ကိုယ်ကို တူးဖြိုစေရန် မဟုတ်၊ လောကတခုလုံးရဲ့ အကျိုးစီးပွါးအတွက် တမျိုးသားလုံးရဲ့ အကျိုးစီးပွါးအတွက် ဘွဲ့နဲ့ တန်တဲ့ အလုပ်မလုပ်မှာ ဆရာတော်က အကြီးကျယ် စိုးရိမ်တော် မူခဲ့ဟန်ရှိသည်၊ ကိုယ်ကတော့အမှတ်ရနေဆဲ
အဲ့ဒီ မနက်ခင်းလေးကပေါ့
ပခုံးထက်ကို လွှားထားတဲ့ ခြုံထည်ပါးလေး တထည်ရယ်၊
ဦးခေါင်းတော်နဲ့ နားရွက်ပါးတွေကို အေးစက်ခြင်းရဲ့ ဒဏ်က ကာကွယ်ပေးနေရှာတဲ့ ခေါင်းစွပ် တလုံးရယ်၊
“မင်းတို့တွေ အတော်ဟုတ်တဲ့ ကောင်တွေ” ဆိုတဲ့ စကားတော်လေး ရယ်
ကိုယ်မှတ်မိနေဆဲ………………..
ခုတော့လည်း ညတွေမှာ မြူတွေ ထပ်ထပ် ပိတ်သည်းနေခဲ့ပေါ့၊


                       “အခွင့်ရေးရမယ် ဆို
                         ကတိတစ်လုံးလောက် တောင်းလိုပါရဲ့
                          ကြယ်တွေကို ဘယ်သူမှ ထပ် မခူးကြကြေး လို့လေ”

နှင်းမှုန်တစက်ရဲ့ ဆောင်းဦးခြေတစ်ဖက်



ဆောင်းလေပြေ နုနု
ပြတင်းတွေကနေ
ဆင်းသက်လာ

ည,ဆိုတာ ခြင်,ဂျပိုး နဲ့
ခပ်ဆိုးဆိုး အလွမ်းတွေ
သယ်ပိုးထုတ်ရာ

ခြေလေးချောင်း သတ္တဝါထဲမှာ
ခုတင် ဖြစ်ရခြင်းဟာ
အသက်မဲ့ဆုံးပါ တဲ့

ကြက်ဖများနဲ့
မနက်တာတွေ
အနိစ္စ ကျုံ့ကျုံ့လေးထဲ နီးသထက် နီးသွား

စိန်ပန်းပြာ
တနေရာစာ အတွက်
အလွယ်လမ်း လိုက်ခဲ့ဖူးတဲ့
လူတစ်ယောက်ရဲ့ “လူလို လူ” နေ့ရက်များ

ဘယ်နှခုနှစ်မြောက်
ထုံးတမ်းစဉ်လာကြီးထဲ
ဆက်လက် သွေးပျက်နေမလဲ

ဂီတာတစ်လက် ရဲ့ ရာဇဝင်ထဲ
ခပ်အိုအို ဆည်းဆာတွေ
သက်တမ်းရှည် ဘိုးဘိုး တွေအဖြစ်
မှတ်ကျောက် တင်ခံကြ

ခဏခဏပါပဲကွယ်
“အကယ်၍” ဆိုတဲ့
စိုးရိမ်မှုတွေကြား
ငါ့ကို ထည့်ဖျော်ကြ

ငါက
တော်တော် ‘အ’  ဆိုပဲ

မိဘနှစ်ပါးရဲ့
ဆောင်းညတွေထဲ
ငါ့ကိုငါ နှင်းမှုန်တစက် အဖြစ် ဝင်စားရင်း
ခရီးသွားခဲ့တယ်……………

Saturday, 12 October 2013

ကလေးတစ်ယောက်ရဲ့ ကောင်းကင်လို..............

ဘ၀ အမောတွေ
ဆင်ဆာ ချိတ်

လ,ရိပ်တွေကြား
ကမ္ဘာပြားပြားလေး
ထုတ် ကြည့်ရင်း ကြည့်ရင်း
ဆွေး......

ကလေးရေ....
ဖြစ် ပျက် တည် ချုပ်

မင်း......
ဆုပ်ထားတဲ့ လက်ကလေးတွေတောင်
ညောင်းရှာနေရော့.....

(သာကီလုလင်)

Tuesday, 8 October 2013

အိမ်ပျောက်.......

အနက်ရောင် ၀တ်
တိမ်တွေနောက်
ကြွကြွ ရွရွလေး
လမ်းလျှောက်

သံခမောက် ဓာတ်တိုင်တွေအောက်
အ၀ါရောင် မီးတောက်တွေ
ဖြိုးတိုး ဖျောက်တောက်

တော်သလင်း မိုးနဲ့ ညတွေနောက်
ကြယ်ကြွေလေးတွေ
ကိုယ်ရောင်ဖျောက်

မရောက်တရောက်
စိတ်ကူးယဉ်နဲ့
ကိုယ်ကျိုးနဲတွေ
မလောက်တလောက်

Sunday, 6 October 2013

ဓမ္မ နဲ့ လူသား (၂)



အခန်းထဲ တစ်ပါးတည်း ပျင်းပျင်းရှိတာမို့
အခန်းထောင့်ကပ် ကော်ဖီတစ်ခွက်နှင့် မင်းခိုက်စိုးစံ နေမိသည်။
တကယ်တော့ ရဟန်းနှင့် မင်းခိုက်စိုးစံ ဆိုတာ သိပ်တော့လည်း အာပါတ်မလွတ်လှ၊
ဒီ စာရေးဆရာက အပီ ရေးချလိုက်ရင် ဆိုင်တာ မဆိုင်တာ အပထား ရဟန်းခမျာ
ဧကသီလေး ကွယ် ၊ လက်တစ်ဖက်နဲ့ အီး ရွှတ် လုပ်ရတာရယ်၊
“စိတ် အမောတွေ ဖြေဖျောက်ဖို့ စာအုပ်တွေက ဘဝရဲ့ အကောင်းဆုံး ပဲ့တွေပဲ”  ဆိုတဲ့ မဟာ သံန္ဒိဋ္ဌာန်တော်ကြီးနဲ့ စာမျိုးစုံ ဖတ်နိုင်အောင် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။(ထားပါတော့)
ကိုယ်ဖတ်နေတဲ့ စာလေးက “ပရောမီးသယပ်စ် သေဆုံးခြင်း” တဲ့ လူသားတွေ ကောင်းကျိုးကို လိုလားတဲ့ နတ်ဘုရားတပါးရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းလေး အကြောင်း ဆရာက  လှလှပပလေး ဖွဲ့သွားသည်။(မြင်းထိန်းငတာ ရဲ့ ချီးမွမ်းပုံမျိုးလည်း ဖြစ်နေမှာ စိုးရသေး)
လူသားတွေ အတွက် မီးဓာတ်ကို ခိုးသယ်လာပေးခဲ့လို့ ဇုနတ်မင်းရဲ့ အမြတ်တော်ရှပြီး ကော့ကေးဆပ် တောင်မှာ အကျဉ်းကျ၊  နှလုံးသားကို လင်းတ စားခံရတာတောင် လူသားတွေ အကျိုးကို အမြဲလိုလားပြီး လူသားတွေရဲ့ သိမ်ငယ်စိတ်ကို အမြဲ ဖြည့်ဆည်းပေးလိုတဲ့ ဒီ နတ်ဘုရား ပရော်မီးသယပ်စ်က နောက်ဆုံး ဟာကျုလီ ရဲ့ အကူညီနဲ့ အကျဉ်းထောင်က လွတ်၊ လူသားတွေ အကျိုးကို သယ်ပိုးဖို့ လောကကြီးထဲ ပြန်သွား၊ လူသားတွေ အကုန်လုံးရဲ့ ကောင်းကျိုးကို လိုလားခဲ့လို့ လူသားတွေ ပေးတဲ့ လက်ချက်နဲ့ သေဆုံးသွားရပုံလေး ၊ (အော် ကောင်းပေစွ ကောင်းပေစွ)
ဖြစ်ချင်တိုင်း ဖြစ်ပျက်နေတဲ့ လောကကြီးမှာ တခါတလေ ဝင်ပြောထောက်ပြတတ်တဲ့ သူတော်ကောင်းတွေရဲ့ ပါးစပ်ဟာ လူမုန်းခံရတတ်ပါတယ်၊
……………………………………………………..
ဗုဒ္ဓဝါဒ အရပေါ့လေ
ဥပါဒ် ဌီ ဘင် ဖြစ် တည် ချုပ် ဆိုတာလေး ဆွေးနွေးမိတော့
သူငယ်ချင်း ဟိန္ဒူ ပုဏ္ဏားလေးရဲ့ “ဥုံ” ဆိုတဲ့ အဓိပ္ပါယ်လေးကို စိတ်ဝင်တစား နားဆင်မိတယ်၊
ဥုံ ဆိုတာ ဟိန္ဒူ ဘာသာ အရ ဘုရား သုံးဆူကို ကိုယ်စားပြုပါသတဲ့၊
ဣသွာရ ဘုရားသခင်ဟာ တစ်ဆူတည်းသော ထာဝရ ဘုရားသခင် ဖြစ်ပေမဲ့ဘုရားသခင်ရဲ့ ဂုဏ်တော်တွေ အလိုက် ကိုယ်ပွါး ဘုရား သုံးဆူ ရှိပါတယ်၊
(၁) ဗြဟ္မာ
(၂)ဗိဿနိုး
(၃)သျှီဝ ဆိုပြီးတော့ပါ၊
ဟိန္ဒူဘာသာ ဝင်များဟာ ဘုရားသုံးဆူကို တဆူခြင်း ကိုယ်ကွယ်မှုလည်း ရှိပါ သတဲ့၊
ဣသွာရ ဘုရားသခင်ဟာ လောကကြီးကို ဖန်ဆင်းရုံသာ မဟုတ်ပဲ ထိန်းသိမ်းစောင့်ရှောက်ခြင်း အချိန်ကျလျှင် ဖျက်သိမ်းခြင်း၊များကို  စနစ်တကျ ပြုလုပ်ပေးပါသတဲ့၊
ဒါပေမဲ့  ဣသွာရ ဘုရားသခင်ဟာ တလက်တည်းနဲ့တော့ ဒီလုပ်ငန်းကြီး ၃ခုကို လုပ်တာ မဟုတ်ပါဘူး၊
ဖန်ဆင်းခြင်း အလုပ်ကို ဗြဟ္မာ ဘုရားက လုပ်ရပြီး၊ ကမ္ဘာကြီး အတွင်း သက်ရှိ သက်မဲ့ အရာဝတ္ထုတွေကို စနစ်တကျ ဖန်တီးပေးရပါတယ်၊
ဖန်ဆင်းပြီးရင်လည်း ကမ္ဘာကြီးကို ဖြစ်သလို မထား၊ အမြဲတစေ ကြည့်ရှု စောင့်ရှောက် မွမ်းမံတော် မူပါသေးသတဲ့၊ ဒီတာဝန် ကိုတော့ ဗိဿနိုး ဘုရားရှင်က တာဝန်ယူရပါတယ်၊
ဒါကြောင့် ဗိဿနိုး ဘုရားဟာ လူသား တွေရဲ့ ချစ်ခင်မှုကို အများဆုံး ရရှိတော်မူပါတယ်၊
ဗိဿနိုးဘုရားသခင်ဟာ လူသားတွေရဲ့ အသိဥာဏ် ဖွံ့ဖြိုးရေး၊ လိမ်မာယဉ်ကျေးပြီး အထက်တန်းရောက်ရှိနိုင်ရေး၊ လူသားတို့အား တရားလမ်း ညွှန်ပြ၍ အဓမ္မလို့ခေါ်တဲ့ မတရားမှု များမှရှောင်ကြဉ်ရေး၊ သူတော်ကောင်းတရား ပြန့်ပွါးရေးတို့ အတွက် ကိုယ်တော်တိုင် လူပြည်သို့ အဝတာရ ၁၀ ပါး အဖြစ်နဲ့ လူ့လောကကို ဆင်းသက်၊ အမှန်တရားနဲ့ လူ့လောက ကောင်းကျိုးအတွက် ဆောင်ရွက်ရပါသတဲ့၊(အဝတာရ ၁၀ပါးတော့ ရှည်မှားစိုး၍ မပြတော့ ဟူလို)
ဖန်ဆင်း တည်ဆောက် ပြီးရင်တော့ ဒီအတိုင်း ထားလို့ မရ၊ ဖျက်သိမ်းခြင်း လုပ်ငန်းကို ပါ လုပ်ရပါသေးတယ်၊
ကမ္ဘာကြီးရဲ့ အဖျက်လုပ်ငန်း မှန်သမျှကို သျှီဝက တာဝန်ယူရပါတယ်၊
ဣသွာရ ဘုရားသခင်ဟာ ဖို၊မ အစုံရှိတဲ့ ဘုရားသခင် ဖြစ်လို့ အပွါးတော် ဘုရား သုံးဆူဖြစ်တဲ့ ဗြဟ္မာ၊ ဗိဿနိုး၊ သျှီဝ တို့မှာ ကြင်ယာဖက် ၃ ပါးလဲရှိပါသေးတယ်၊
သူတို့ကတော့
သူရဿတီ၊ လက်ချမီး၊ ပါရာဝတီ  တို့ဖြစ်ပါတယ်၊
ဗြဟ္မာရဲ့ ကြင်ယာဖက် သူရဿတီဟာ အသိဥာဏ်ပညာကို အလင်းရောင်ပေး၍ စာပေပိဋကတ်တို့ကို စောင့်ရှောက်ပါတယ်၊
ဗိဿနိုးရဲ့ ကြင်ယာတော် လက်ချမီးကတော့ ဥစ္စာဓန ကို တိုးပွါးပေးကမ်းစေတော်မူတတ်သော သခင်မ ဖြစ်ပါသတဲ့၊
ပါရာဝတီကတော့ လင်သား သျှီဝ ဘုရားနဲ့ စရိုက်လက္ခဏာ တူညီတယ်လို့ ဆိုပါတယ်၊
ဒါက ဥုံ ဆိုတဲ့ စကားလုံးလေးကို ကိုယ်စား ပြုတဲ့ ဘုရား ၃ဆူရဲ့ အကြောင်းပါ၊
ပုဏ္ဏားလေးက အပြောကောင်းလှသည်၊
“ဘန္တေရဲ့ ငါတို့မှာမှ ဖြစ်ခြင်း စောင်ရှောက်ခြင်း(တည်ခြင်း) ပျက်ခြင်း ရှိတာ မဟုတ်ဘူး၊
အစ္စလာမ်တို့ ခရစ်ယာန် တို့ရဲ့ GOD ဆိုတဲ့ စကားလုံးလေးကို ကြည့်လိုက်ဦး၊
G ဆိုတာ        generation
O ဆိုတာ          operation
D ဆိုတာ           destruction  ကဲ ဘာထူးလဲ”  တဲ့၊
အင်း သူ့ဟာနဲ့ သူ ဟုတ်တော့လည်း ဟုတ်နေတာပါပ၊ဲ
(ကမ္ဘာပေါ်မှာ အင်း သံယောင် အလိုက်တတ်ဆုံး ရွှေပြည်ကြီး သားပီပီ) “ohh right my friend”   ဆိုပြီး လက်မထောင်၊ ရမ်းသမ်း ထောက်ခံလိုက်တော့တာ၊ ကမ္ဘာကြီးရဲ့ ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်းတွေ အသာထား ဘုရားတိုင်း ဘုရားတိုင်းကတော့ ကိုယ်ပိုင် အတွေးဆတွေနဲ့ လောကကြီးကို ငြိမ်းချမ်းသာယာစေချင်မှာပဲလေ၊
စစ်ပွဲတွေ သဘာဝဘေးအန္တရာယ်တွေ ဆိုတာ ကိုးက လူတွေ အနေထိုင် မတတ်လို့ ဖြစ်တာ ဒီလိုပဲ ကိုယ်က လတ်တလော ကောက်ချက်ချထားလိုက်တယ်၊။