သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday, 24 December 2013

ကန့်သတ်.......

ခေတ်ကိုးက
ဝါးကူထိုးပြီး လှော်လို့မရတဲ့ခေတ်

ကိုယ်တို့တွေ ဒီလို ကာရံပြစ်လိုက်ကြရင် ကောင်းမယ်

`` အောက်သား ထန်းလျက် မစားရ``
``အညာသား ငပိမစားရ`` ဆိုပြီးတော့လေ....

                                          (လင်းအိမ်နေ)

Thursday, 19 December 2013

ကိုယ်သာ နာ ...


ဆောင်ခြုံကွေးလိုက်တာနဲ့ စိတ်ကူးတွေ ဖျတ်ဖျတ်လူးကုန်တယ်၊
ပုထုဇဉ် သိပ်ပီသလွန်းတဲ့ အတွေးတွေထဲ ဂယောက်ဂယက်နိုင်လွန်းတဲ့ စိတ်တွေ အသာခေါက်သိမ်း၊
ဒါကြောင့်လဲ လူကြီးသူမတွေ ပြောကြတာ ထင်ပါရဲ့၊
ဆောင်းတွင်း အိပ်မက် ဂယောက် ဂယက် ဆိုပြီးတော့လေ၊
ကိုယ်ကတော့ အိပ်မက်တွေတင် မကဘူး အတွေးတွေပါ ဂယောက်ဂယက် ဆန်လွန်းတယ်၊
……………………………..

ကိုယ့် အနီးနား တဝှိုက် အမေ့ရဲ့ အိမ် ကြမ်းတိုက်နေတဲ့ အသံကို ကြားတယ်၊
တရုတ်ပြည်က ရောဂါ ခံစားနေရရှာသည့် အသက်၆၀ ကျော် အရွယ် သားကို စွပ်ပြုတ်တိုက်ပြီး ပြုစုနေရှာတဲ့ ၉၀ ကျော်အရွယ် ဇရာအို မိခင်ရဲ့ ပုံရိပ်လွှာတွေ မျက်လုံးထဲ ထင်မှတ်လာတယ်၊
ကိုယ်ဟာ ချက်ခြင်း ဗျာဓိထဲ စိတ်လွတ် ကိုယ်လွတ် ပါသွားတော့တာပဲ၊
………………………………………………………

“နေကောင်းရဲ့လား”
လက်ကောက်ဝတ်က သွေးကြောတွေပေါ် စမ်းလိုက်တဲ့ အေးစက်စက် လက်ချောင်းများနဲ့ အတူ အမေ့ရဲ့ စိုးရိမ်မှု စွတ်စိုသံတွေ ကိုယ့် တကိုယ်လုံး လွှမ်းခြုံ သွားတယ်
“သိပ် မကောင်းချင်ဘူး အမေ”
အမေ့ မျက်နှာ မကောင်း၊
အမေ့ရဲ့ ရေနွေး ငှဲ့သံကို အတိုင်းသား ကြားနေရသည်၊
ကိုယ့် မျက်လုံးတွေ ဖွင့်ထားလား ပိတ်ထားလား ကိုယ် မသိတော့၊
………………….

လူတွေ ကိုယ့်ကိုယ် လူမမာ လာမေးကြသည်၊
“ဘယ်လို နေသေးလဲ”
‘သေခါနီး ဗျာဓိဟာ ဘဝမှာ အနာကျင်ဆုံး နှိပ်စက်မှု ဖြစ်မှာပဲ’ တဲ့
ကိုယ့်ရဲ့ နောက်ဆုံး အချိန်မှာ လာမေးကြမဲ့ မေးခွန်းမျိုးတွေကို ခုကတည်းက အလွတ်ကျက်နေမိတယ်၊

“နေကောင်းလား”
“သက်သာလား”
“ဘယ်လိုနေသေးလဲ”
လူမမာ တစ်ယောက်ကရော လှိုက်လှိုက်လှဲလှဲ ပြုံးပြခွင့် ရှိပါသလား?
ကိုယ် ဝေ့လည်ကြောင်ပတ် လိုက်ကြည့်မိ၊

သေခါနီး လူတစ်ယောက်ရဲ့ ကိုယ့် အသက်ကို မြတ်နိုးပုံက သိပ် အစွန်းရောက် လွန်းနေမလားလို့ သံသရာကို မေးစမ်းကြည့်ချင်တယ်၊

………………………………………………….

ငါ့မှာ တစ်ယောက်တည်း ဖြစ်နေရတဲ့ အထဲ
ဝေါခနဲ ပျောက်ဆုံးလိုက်ရ
တာရာမင်းဝေ(နေကြတ်ချိန်)
…………………………………………………..

ဗုဒ္ဓအရှင်ကတော့ ဘဝမှာ “ကိုယ်သာ နာချင် နာပါစေ စိတ် အနာမခံပါနဲ့” တဲ့၊
ခန္ဓာကိုယ်ကြီး ဇရာ ရဲ့ လောင်ကျွမ်းမှုအောက်မှာ တမြေ့မြေ့ ယို့ယွင်း ပျက်စီးလာတဲ့ အချိန်၊
ဗျာဓိက စစ် မကြေငြာပဲ ကိုယ့်ကို တဖက်သတ် ဝင်တိုက်ခိုက် လိုက်တဲ့ အချိန်၊
‘ကိုယ်သာ အနာခံလိုက်ပါ စိတ် အနာမခံပါနဲ့’ တဲ့၊

(ရုပ်)
(ဝေဒနာ)
(သညာ၊ မှတ်သားမှု)
(သင်္ခါရ)
(ဝိညာဏ်၊ သိမှု)
ခန္ဓာ ငါးမျိုးနဲ့ ဖွဲ့ စည်းပုံထားတဲ့ ကိုယ် ကြီးပေါ်မှာ စွဲလမ်းစိတ်နဲ့ လူမိုက်ဟာ
ကိုယ့် ခန္ဓာကိုယ် ပေါ် တပ်မက်တဲ့ မှုကြောင့် ‘အတ္တ’ လို့လဲ ယူရဲ့၊

ဒီ “ခန္ဓာ ငါးပါး ဆိုတဲ့ ကိုယ်သာ လျှင် ငါ ကိုယ်တိုင်၊ ငါ့ကိုယ် ကြီးဟာ ငါ့ ဥစ္စာ” ဆိုတဲ့ စိတ်နဲ့ တဒင်္ဂ ကျန်းမာ နေမှုပေါ်မှာ သာယာသူဟာ နောင် ခန္ဓာကိုယ်ကြီး ဗျာဓိ တရား နှိပ်စက်လာတဲ့ အချိန်၊ သောက ပရိဒေဝ တွေ ဖြစ်နေဦးမယ် ဆိုရင် အဲ့ ပုဂ္ဂိုလ်မျိုးဟာ ကိုယ်လည်း နာ စိတ်လည်း နာ တဲ့ လူမျိုးတွေ ဖြစ်ပါ သတဲ့
ဒါကြောင့် “ကိုယ်သာ နာ ချင် နာနေပါစေ စိတ်မနာ ပါစေ” နဲ့လို့ ဗုဒ္ဓ အရှင်က ခန္ဓသံယုတ် နကုလပိတ သုတ်မှာ သတိပေး အမှာထားခဲ့ပါတယ်၊

နဖူးက ချွေးစ တွေ အဖျားငွေ့ ဆောင် နံရံတွေနဲ့ ကိုယ့် နှာခေါင်းနဲ့ ကိုယ် ရိုးရိုးလေး အသက်ရှုကြပ်နေမိပြန်သည်၊
စိတ်တွေ ဟိုး နှစ်ပေါင်း ၂၆၀၀ ကျော်ခန့်က ကျွပ်တသပ်သပ် ငြီးရင်း လျှောက်ထားနေရှာတဲ့ အရွယ်လွန် ဒကာတယောက်ရဲ့ သား ကို လက်အုပ်လေး ချီနေဟန် မျက်လုံးထဲ တရေးရေး

“သားတော် အရှင်ရေ တပည့်တော်မှာတော့ အရွယ်ကလည်းကြီး၊ အသက်ကလည်း နောက်ဆုံး အရွယ်ကို ရောက်နေပါပြီ၊ ခန္ဓာကိုယ် ပျက်စီးချက်ကတော့ ပြောမနေနဲ့ ဟိုနားက နာလိုက် ဒီနားက ကိုက်လိုက်နဲ့ မပြတ်ကို နာကျင်နေတာပါ့၊ ဒါကြောင့် သားတော်လေး ကိုလည်း အချိန်ပြည့် လာဖူးနိုင်မှာ မဟုတ်သလို သားတော်ရဲ့ တပည့်သား ရဟန်းတော်များရဲ့ ကျောင်းတိုက်တွေကိုလည်း အပါတ်စဉ်တိုင်း သွားပြီး အမြဲ မပြတ် ဖူးမြင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ခု ကြုံတုန်းလေး တရားဟောပါဦးလား ဘုရား၊” တဲ့

“ရေနွေး သောက်ဦးလေ”
အမေ ကိုယ့်ကို ကြည့်နေသည်၊ ရေနွေး သောက်ဦးသာ ပြောနေတာ ဆေးတွေပါ ထိုးပေးနေသည်၊
“သောက်”
ကိုယ် ဓာတ်ပုံထဲက တရုတ်ပြည်ထဲ ချက်ခြင်း ရောက်သွားသလို ခံစားရ၏၊
အရေးကြီးတာကတော့ စိတ် မနာမိဖို့ရုံလေး လေ ………

Tuesday, 17 December 2013

အမေ့အိမ်....

အလွမ်းအိုအိုလေး
နေညိုညိုလေးထဲ
ဖူးပွင့်ချိန် ..............၊

တိတ်ဆိတ်ရီရော်မှု စိတ်တွေထဲ
သမ္ဗာန်အိုလေး လှော်ခတ်နေချိန်..................၊

"ဧရာဝတီ" ကို ပစ်ကြည့်လိုက်တဲ့ စိတ်တွေထဲ
အမေ့အိမ် လေး ဝေ,နေပြန်တယ်လေ…....၊

Tuesday, 10 December 2013

မွေးနေ့ ဒိုင်ယာရီ.........



မွေးနေ့မှာ ဆွမ်းကပ်ဖြစ်………..
မရေရာ လူ့ဘဝကြီးထဲ ရေရာခြင်းတရားဆိုလို့ ဒါပဲ ရှိမယ်ထင်ရဲ့၊
လူဖြစ်လာရခြင်း သေချာတဲ့ သက်သေခံ ဆိုလို့ ဒီလို အမှတ်တရ နေ့ အပိုင်းစလေးတွေပဲ ရှိတာရယ်၊
တခုတ်တရ ကိုယ်မှ မစိုက်ပျိုးရင် ဘယ်သူ လှည့်ကြည့်ပ၊
မနက် ၇ နာရီ လောက်မှာ ဈေးသွား အသားငါးတန်းနဲ့ မလိုက်ဖက်တဲ့ အလှ တချို့ တွေ့တယ် ၊
ရုပ်တွေ လှပေမဲ့ စိတ်ကြမ်းကြမ်းနဲ့ လောကဓံကို ဖြတ်သန်းနေရရှာတာ သူတို့ ရင်ထဲကို ခဏလောက် ဝင်ကြည့်ချင်တယ်၊ ဘာတွေများ ရှိနေမလဲ လို့လေ၊
လက်ထဲက ဓားမ တွေကို အရင် ရှောင်တတ်ဖို့တော့ ကြိုးစားရဦးမယ်၊
တစ်သောင်းခွဲ နဲ့ တမတ်ဖိုး ဈေးချိုချိုနဲ့ ရခဲ့တဲ့ ရေဘဲတွေ ချက်ပြစ်မယ်ပေါ့ စိတ်ကူးတွေ ပုံစံ ခွက်ထဲ ဝင်လာပြန်တယ်၊
အကျိုးတရား ဘယ်ကောင်းကင်မှာ နေမလဲ ငါမသိ ငါ ဒါန လူလားမြောက်ဖို့ပဲ အရေးကြီးပါ၏၊
ဘော်ဒါ အရင်းကြီးတွေ ရဲ့ ချစ်စနိုး ငါတုတ်သံနဲ့ ဘက်ဒေးသံတွေ ပွတ်လောရိုက်နေခဲ့တာလေ
အဲ့ဒီ နိုဝင်ဘာ ညနေခင်းမှာ၊
မိုးတွေလဲ ရွာရဲ့၊
ပူစပ် ပူလောင်ကြီးနဲ့ နေရှိန် ပြင်းပြင်းကြီးကလဲ ပူရဲ့၊
ကပ္ပိယကြီး နှုတ်ခမ်းက ထွက်လာတဲ့ ဆေးပေါလိပ်ရဲ့ မိုးခိုးငွေ့များလို နောက်တော့လဲ တဖြည်းဖြည်း ဝေးသွားမဲ့ နေ့မျိုးလေ သာမာန်နဲ့ မထူးခြားပါဘူး၊
ဒါပေမဲ့ အဲ့ဒီညနေခင်းမှာ သင်္ခါရ ရေခပ်ဆင်းတဲ့ မဗေဒါရဲ့ ရေအိုးငယ်လေးဟာ ငါပါပဲ ………….

ချိုချဉ်......



(၁)
 န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိ စ၊
“သူများတွေ ဘာလုပ်နေပါလိမ့် ဆိုပြီး အပြစ်ကို ရှာရင်း အချိန်ကုန်မခံပါနဲ့၊
တနေ့တာကျင်လည်မှုကြီးထဲ ငါ ဘာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးပြီလဲ ဆိုတာပဲ ပြန်သုံးသပ်ပါ”
                                                                                              (ဗုဒ္ဓ)
ပါဝေယျက ဆိုတဲ့ ဆရာကြီး အကြောင်းကို ဖတ်ရတုန်းက ဒီလူရဲ့ လောဘဟာ သိပ်ရီစရာ ကောင်းတယ်လို့ ထင်ခဲ့တာပါ၊ ဒါပေမဲ့ ဘာဆန်းလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်တဲ့ အတွေးတိုင်း
ဘယ်တော့ မဆို အတ္တပါနေတာ ဓမ္မတာပါ၊ ဗုဒ္ဓက သူများကို ကြည့်မနေနဲ့ ၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့၊
တကယ်တမ်း ကိုယ့် အနာဂါတ်ကို ရေးထိုးမှာ ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်၊
ဘယ်တော့မဆို ကိုယ် မမှားဘူး ထင်နေတဲ့ လောကကြီးထဲ ဗုဒ္ဓက မီးစလေး ပြန်ညှိ သတိပေးတော်မူခဲ့ပါတယ်၊
“ကိုယ့် အကြောင်းပဲ ကိုယ်စဉ်းစား”တဲ့၊ ပါဝေယျက လို လူစားတွေ လောကမှာ ဒုနဲ့ဒေး၊
ဒါကြောင့် မိတ်ဆွေက ပြောတယ် ထင်ပါရဲ့၊
“ဒေဝဒတ် ဟာ သူ မှန်တယ်လို့ အမြဲ ယူဆခဲ့တယ်၊ ယုံကြည်တဲ့ အတိုင်းလဲ လှုပ်ရှားခဲ့တယ်၊ သူ မှားပါတယ် လို့ နောက် ဆုံး အချိန်ကလွဲပြီး ဘယ်တုန်းကမှ မယူဆ ခဲ့ဘူး၊ ခုခေတ်လူများ ထဲမှာလဲ ဒေဝဒတ်လို အတ္တမျိုးနဲ့ လူတွေ ဘယ်လောက်ထိ ထွန်းကားလာပြီ ထင်လဲ ကိုယ့်လူရဲ့၊ ဒါတောင်လူတွေက ဂုဏ်ယူပြီး ပြောနေကြသေးတယ်လေ၊ တပည့်တော်ကတော့ ကိုယ်မှန်တယ် ထင်ရင် ဇွတ်လုပ်ချပြစ်လိုက်တာပဲ ဘုရား တဲ့၊ ကိုယ် ကလဲ ပြန်ပြောလိုက်တယ် အေး ဒေဝဒတ္တ ဆိုတဲ့ ဗုဒ္ဓသာသနာ ရဲ့ ဗီလိန် ကိုယ်တော်ကြီးကလဲ မှန်တယ် ထင်ရာကို ဇွတ်လုပ်ခဲ့တာပဲ ဗျ လို့လေ၊”
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆုံးမဖို့ ခဲ့ယဉ်းနေတတ်ပေမဲ့၊ သူများကိုများ ဆို သိပ် ဆရာလုပ်ချင်ကြတဲ့ အမျိုးက များသားကလား၊ ဒါကြောင့်လဲ “ကွယ်ရာမှာ အတင်းတုတ်ခြင်း” ဆိုတဲ့ ဝေါဟာရ ကြီးက ကမ္ဘာဦး အစကနေ ယနေ့ မော်ဒန်ကာလများအထိ မရိုးနိုင် မအီနိုင် သူ့ ဂုဏ်သိက္ခာ သူ ထိန်းသိမ်းနိုင်နေခြင်း ဖြစ်မယ် ထင်ပါရဲ့၊၊
(၂)
“မဟတ္ထမဂန္ဒီ” လို့ ဆိုလိုက်တာနဲ့ မေတ္တာတရား ကြီးမားတဲ့ ပြုံးတုံ့တုံ့ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်ကြီးကို ပြေးမြင်မိကြမယ် ထင်ရဲ့၊
တနေ့ဂန္ဒီကြီးဆီကို သူ့သူငယ်ချင်းတယောက် သားငယ် လက်ဆွဲပြီး ပေါက်ချလာပါတယ်၊
“သူငယ်ချင်းလုပ်ပါဦး” သူ့သူငယ်ချင်းက စိတ်ပျက်လက်ပျက်
“ဘာဖြစ်တာလဲ”
“ငါ့သားလေးကွာ မင်းတူပေါ့ ချိုချဉ်တွေ သိပ်စားတယ်ကွာ၊ ဒီပုံစံ အတိုင်းဆို သူ့ သွားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားလိမ့်မယ်၊ မင်း ဆုံးမပေးပါဦး၊”
ဂန္ဒီကြီးက စဉ်းစားတယ် ၊ နောက်ပြီး သူ့သူငယ်ချင်းနဲ့ ကလေးကို တလှည့်စီကြည့်တယ်၊
“အေး တစ်လ နေရင် ပြန်လာခဲ့ကြကွာ၊”
သူ့သူငယ်ချင်းက အံ့သြသွားတယ်၊ ဟ ဒါလေး ချိုချဉ် မစားနဲ့ ဆုံးမဖို့ အရေးကို တစ်လတောင် စောင့်ရဦးမှာလား ဆိုတော့၊ ပြောသလိုသာ လုပ်ပေးဖို့ ဂန္ဒီကြီးက သူ့သူငယ်ချင်းကို မေတ္တာရပ်ခံလိုက်ပါတယ်၊
ဒါနဲ့ တစ်လကြာတော့ သားကို ခေါ်ပြီး သူ့သူငယ်ချင်း ပြန်လာတယ်၊
“သူငယ်ချင်း ဘယ်လိုလဲ အဖြေရပြီလား” လို့ ဂန္ဒီကြီးကို မေးပါတယ်၊
“အေး”
ဂန္ဒီကြီးက ခေါင်းညိတ်တယ်၊ ပြီးတော့ ကလေးကို အနား လက်ယပ်ခေါ်လိုက်တယ်၊
“သား လာစမ်းပါဦးကွ”
ကလေးက ဂန္ဒီကြီး ဘာပြောမလဲ ကြည့်နေတယ်၊
“သား ချိုချဉ်မစားနဲ့ကွ၊ ချိုချဉ်စားရင် မင်းသွားတွေ အသက်ကြီးတဲ့ အထိ မသွားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျိုးကုန်လိမ့်မယ်” ဆိုပြီး ဆုံးမ စကားတွေ ပြောပါတယ်၊
ပြီးပြီလဲ ဆိုရော သူ့သူငယ်ချင်းက ဂန္ဒီကြီးကို မေးပါတယ်၊
“နေပါဦး၊ မင်းက ဒီချိုချဉ် မစားဖို့  ပြောရုံလေး ဘာလို့ တစ်လတောင် အချိန်ပေးနေရတာလဲ”
အဲ့တော့မှ ဂန္ဒီကြီးက
“အေး မင်းရဲ့သားကို အဲ့နေ့ကတည်းက ဆုံးမစကားပြောလိုက်ရင် ရပေမဲ့၊ မင်းလာပြောတဲ့ နေ့က ငါကိုယ်တိုင် ချိုချဉ် အရမ်းကြိုက်တဲ့ သူ ဖြစ်နေလို့ပဲလေ၊ မင်းရဲ့သားကို ချိုချဉ်မစားဖို့ အကြောင်းပြောဖို့ ငါကိုယ်တိုင် တစ်လ တိတိ အချိန်ယူပြီး ချိုချဉ် မစားဖို့ ဖြတ်ခဲ့ရတယ်၊ ရက် နှစ်ဆယ် အကြာလောက်မှာ ငါ ချိုချဉ် လုံးဝ ပြတ်သွားခဲ့တယ်၊ ဒါကြောင့် တစ်လ မြောက်မှာ ငါ ကိုယ်တိုင် မလုပ်တဲ့ မကောင်းတဲ့ အလုပ်တစ်ခုကို မင်းရဲ့သား မလုပ်ဖို့ လိပ်ပြာသန့်သန့် ပြောလို့ရတာပေါ့၊
လောကကြီးမှာ သူများကို ပြောဖို့ စကားလုံးတွေ ပေါသလောက်၊ ကိုယ့်ကိုယ်တိုင် ပြန်ဆုံးမဖို့တော့ လူတိုင်းနီးပါး ဝန်လေးနေတတ်မယ် ထင်ပါတယ်၊ သူတော်ကောင်းတွေဟာ သူများကို ဝေဖန် ထောက်ပြ ဆုံးမတော့မယ် ဆိုတာနဲ့ ငါ ကိုယ်တိုင် ‘အဲ့ အလုပ်ကို ကင်းသူ တကယ် ဟုတ်ရဲ့လား’ လို့ ကိုယ့်ကိုယ် ပြန် ဆန်းစစ်တတ်ကြပါတယ်၊
ဒါကြောင့် ဗုဒ္ဓအရှင်က ပြောပါတယ်၊
“အတ္တနောဝ အဝေက္ခေယျ၊ ကိုယ့်ကိုယ်ကိုသာ အရင်ဆုံးမပါချစ်သား” တဲ့………

ဒိုင်ယာရီ တအုပ်စာလေး.........



သေမှ လွမ်းတတ်တဲ့
လူတွေ စရင်းထဲ ငါလည်းပါတယ် ညီလေး၊
(ကဲ ဘယ်လောက် ယဉ်ကျေးမှု မဆန်လိုက်တဲ့ ငါပါလဲ)

ငါ့သချိုင်းနဲ့ ငါ
ရာဇဝင်ထဲကို
ဝင်မပြရဲတာကိုးက
ဆောင်းညတွေရဲ့ ရယ်စရာ ဖြစ်ခဲ့တာလေ………….

ပတ်ဝန်းကျင်ကို အသာငဲ့ကြည့်
အသံတိတ် ပြစ်ခတ်နေတဲ့
ရနံ့တွေ
ငါ့ ဥယျာဉ်ကို
လာ ပျိုးမကြဲကြေးကွယ်၊

သတ်မှတ်နေ့တွေနဲ့
ဒိုင်ယာရီ တစ်အုပ်စာလေး ဖူးပွင့်ခွင့်ရမယ် ဆိုတောင်
ရောက်နေတဲ့ ဘဝနဲ့
ဒီလောက အတွက်
တကယ်ပါ……..
ကျေနပ်နေတယ်

ဆောင်းဦး.......

ဆောင်းဦးတဲ့
ရာသီဦး ပန်းတွေနဲ့ အမှီ
ခြေစုံရပ်ပြီး ကြည့်နေခဲ့....

မြက်ခင်း မြေပြင် နဲ့
ကောင်းကင်နမ်းတဲ့
ပင်လယ် ကြား
ခြောက်ကပ်ကပ် လမ်းသလားသူရယ်လေ

ဘ၀ကဒီလိုပါပဲ
သနပ်ခါး မလိမ်းပဲနဲ့ကို
ကြောင်တယ်

ကိုယ့်ကိုယ်ကို နိဒါန်းပြန်ပျိုးရတာလောက်
ယောက်ယက်ခတ် နေတာ မရှိလို့ပါ ကလေးရယ်

လောကဓံ တစ်ရာနဲ့
ဖြစ်တည်ပျက်တွေကြား
ငါ့ကို ခဏလောက်ရပ်ပေးကြည့်ကြပါ....

(လင်းအိမ်နေ)