သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday, 10 December 2013

ချိုချဉ်......



(၁)
 န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိ စ၊
“သူများတွေ ဘာလုပ်နေပါလိမ့် ဆိုပြီး အပြစ်ကို ရှာရင်း အချိန်ကုန်မခံပါနဲ့၊
တနေ့တာကျင်လည်မှုကြီးထဲ ငါ ဘာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးပြီလဲ ဆိုတာပဲ ပြန်သုံးသပ်ပါ”
                                                                                              (ဗုဒ္ဓ)
ပါဝေယျက ဆိုတဲ့ ဆရာကြီး အကြောင်းကို ဖတ်ရတုန်းက ဒီလူရဲ့ လောဘဟာ သိပ်ရီစရာ ကောင်းတယ်လို့ ထင်ခဲ့တာပါ၊ ဒါပေမဲ့ ဘာဆန်းလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်တဲ့ အတွေးတိုင်း
ဘယ်တော့ မဆို အတ္တပါနေတာ ဓမ္မတာပါ၊ ဗုဒ္ဓက သူများကို ကြည့်မနေနဲ့ ၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့၊
တကယ်တမ်း ကိုယ့် အနာဂါတ်ကို ရေးထိုးမှာ ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်၊
ဘယ်တော့မဆို ကိုယ် မမှားဘူး ထင်နေတဲ့ လောကကြီးထဲ ဗုဒ္ဓက မီးစလေး ပြန်ညှိ သတိပေးတော်မူခဲ့ပါတယ်၊
“ကိုယ့် အကြောင်းပဲ ကိုယ်စဉ်းစား”တဲ့၊ ပါဝေယျက လို လူစားတွေ လောကမှာ ဒုနဲ့ဒေး၊
ဒါကြောင့် မိတ်ဆွေက ပြောတယ် ထင်ပါရဲ့၊
“ဒေဝဒတ် ဟာ သူ မှန်တယ်လို့ အမြဲ ယူဆခဲ့တယ်၊ ယုံကြည်တဲ့ အတိုင်းလဲ လှုပ်ရှားခဲ့တယ်၊ သူ မှားပါတယ် လို့ နောက် ဆုံး အချိန်ကလွဲပြီး ဘယ်တုန်းကမှ မယူဆ ခဲ့ဘူး၊ ခုခေတ်လူများ ထဲမှာလဲ ဒေဝဒတ်လို အတ္တမျိုးနဲ့ လူတွေ ဘယ်လောက်ထိ ထွန်းကားလာပြီ ထင်လဲ ကိုယ့်လူရဲ့၊ ဒါတောင်လူတွေက ဂုဏ်ယူပြီး ပြောနေကြသေးတယ်လေ၊ တပည့်တော်ကတော့ ကိုယ်မှန်တယ် ထင်ရင် ဇွတ်လုပ်ချပြစ်လိုက်တာပဲ ဘုရား တဲ့၊ ကိုယ် ကလဲ ပြန်ပြောလိုက်တယ် အေး ဒေဝဒတ္တ ဆိုတဲ့ ဗုဒ္ဓသာသနာ ရဲ့ ဗီလိန် ကိုယ်တော်ကြီးကလဲ မှန်တယ် ထင်ရာကို ဇွတ်လုပ်ခဲ့တာပဲ ဗျ လို့လေ၊”
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆုံးမဖို့ ခဲ့ယဉ်းနေတတ်ပေမဲ့၊ သူများကိုများ ဆို သိပ် ဆရာလုပ်ချင်ကြတဲ့ အမျိုးက များသားကလား၊ ဒါကြောင့်လဲ “ကွယ်ရာမှာ အတင်းတုတ်ခြင်း” ဆိုတဲ့ ဝေါဟာရ ကြီးက ကမ္ဘာဦး အစကနေ ယနေ့ မော်ဒန်ကာလများအထိ မရိုးနိုင် မအီနိုင် သူ့ ဂုဏ်သိက္ခာ သူ ထိန်းသိမ်းနိုင်နေခြင်း ဖြစ်မယ် ထင်ပါရဲ့၊၊
(၂)
“မဟတ္ထမဂန္ဒီ” လို့ ဆိုလိုက်တာနဲ့ မေတ္တာတရား ကြီးမားတဲ့ ပြုံးတုံ့တုံ့ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်ကြီးကို ပြေးမြင်မိကြမယ် ထင်ရဲ့၊
တနေ့ဂန္ဒီကြီးဆီကို သူ့သူငယ်ချင်းတယောက် သားငယ် လက်ဆွဲပြီး ပေါက်ချလာပါတယ်၊
“သူငယ်ချင်းလုပ်ပါဦး” သူ့သူငယ်ချင်းက စိတ်ပျက်လက်ပျက်
“ဘာဖြစ်တာလဲ”
“ငါ့သားလေးကွာ မင်းတူပေါ့ ချိုချဉ်တွေ သိပ်စားတယ်ကွာ၊ ဒီပုံစံ အတိုင်းဆို သူ့ သွားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားလိမ့်မယ်၊ မင်း ဆုံးမပေးပါဦး၊”
ဂန္ဒီကြီးက စဉ်းစားတယ် ၊ နောက်ပြီး သူ့သူငယ်ချင်းနဲ့ ကလေးကို တလှည့်စီကြည့်တယ်၊
“အေး တစ်လ နေရင် ပြန်လာခဲ့ကြကွာ၊”
သူ့သူငယ်ချင်းက အံ့သြသွားတယ်၊ ဟ ဒါလေး ချိုချဉ် မစားနဲ့ ဆုံးမဖို့ အရေးကို တစ်လတောင် စောင့်ရဦးမှာလား ဆိုတော့၊ ပြောသလိုသာ လုပ်ပေးဖို့ ဂန္ဒီကြီးက သူ့သူငယ်ချင်းကို မေတ္တာရပ်ခံလိုက်ပါတယ်၊
ဒါနဲ့ တစ်လကြာတော့ သားကို ခေါ်ပြီး သူ့သူငယ်ချင်း ပြန်လာတယ်၊
“သူငယ်ချင်း ဘယ်လိုလဲ အဖြေရပြီလား” လို့ ဂန္ဒီကြီးကို မေးပါတယ်၊
“အေး”
ဂန္ဒီကြီးက ခေါင်းညိတ်တယ်၊ ပြီးတော့ ကလေးကို အနား လက်ယပ်ခေါ်လိုက်တယ်၊
“သား လာစမ်းပါဦးကွ”
ကလေးက ဂန္ဒီကြီး ဘာပြောမလဲ ကြည့်နေတယ်၊
“သား ချိုချဉ်မစားနဲ့ကွ၊ ချိုချဉ်စားရင် မင်းသွားတွေ အသက်ကြီးတဲ့ အထိ မသွားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျိုးကုန်လိမ့်မယ်” ဆိုပြီး ဆုံးမ စကားတွေ ပြောပါတယ်၊
ပြီးပြီလဲ ဆိုရော သူ့သူငယ်ချင်းက ဂန္ဒီကြီးကို မေးပါတယ်၊
“နေပါဦး၊ မင်းက ဒီချိုချဉ် မစားဖို့  ပြောရုံလေး ဘာလို့ တစ်လတောင် အချိန်ပေးနေရတာလဲ”
အဲ့တော့မှ ဂန္ဒီကြီးက
“အေး မင်းရဲ့သားကို အဲ့နေ့ကတည်းက ဆုံးမစကားပြောလိုက်ရင် ရပေမဲ့၊ မင်းလာပြောတဲ့ နေ့က ငါကိုယ်တိုင် ချိုချဉ် အရမ်းကြိုက်တဲ့ သူ ဖြစ်နေလို့ပဲလေ၊ မင်းရဲ့သားကို ချိုချဉ်မစားဖို့ အကြောင်းပြောဖို့ ငါကိုယ်တိုင် တစ်လ တိတိ အချိန်ယူပြီး ချိုချဉ် မစားဖို့ ဖြတ်ခဲ့ရတယ်၊ ရက် နှစ်ဆယ် အကြာလောက်မှာ ငါ ချိုချဉ် လုံးဝ ပြတ်သွားခဲ့တယ်၊ ဒါကြောင့် တစ်လ မြောက်မှာ ငါ ကိုယ်တိုင် မလုပ်တဲ့ မကောင်းတဲ့ အလုပ်တစ်ခုကို မင်းရဲ့သား မလုပ်ဖို့ လိပ်ပြာသန့်သန့် ပြောလို့ရတာပေါ့၊
လောကကြီးမှာ သူများကို ပြောဖို့ စကားလုံးတွေ ပေါသလောက်၊ ကိုယ့်ကိုယ်တိုင် ပြန်ဆုံးမဖို့တော့ လူတိုင်းနီးပါး ဝန်လေးနေတတ်မယ် ထင်ပါတယ်၊ သူတော်ကောင်းတွေဟာ သူများကို ဝေဖန် ထောက်ပြ ဆုံးမတော့မယ် ဆိုတာနဲ့ ငါ ကိုယ်တိုင် ‘အဲ့ အလုပ်ကို ကင်းသူ တကယ် ဟုတ်ရဲ့လား’ လို့ ကိုယ့်ကိုယ် ပြန် ဆန်းစစ်တတ်ကြပါတယ်၊
ဒါကြောင့် ဗုဒ္ဓအရှင်က ပြောပါတယ်၊
“အတ္တနောဝ အဝေက္ခေယျ၊ ကိုယ့်ကိုယ်ကိုသာ အရင်ဆုံးမပါချစ်သား” တဲ့………

No comments:

Post a Comment