သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday, 29 July 2013

ကိုယ်နဲ့ ၀ါဆိုများ


“တစ်ခါတလေ မြန်မာ လူမျိုးတွေရဲ့ သဒ္ဓါတရားနဲ့ ကိုယ့်သီလကိုယ် ထောက်ထောက် စမ်းရတာ
နောက်ကျော မလုံဘူး ကိုယ့်ညီ”
ဒီစကားကို ကိုယ်ကြားတုန်းက ပြုံးရုံပဲ ပြုံးနေခဲ့ဘူးတာပါ….
…………………………………………………………………………..
“ဝဿ ဝါသဿစီဝရံ ဝဿဝါသိကံ”
ဝါဆိုအံ့၊ ဝါဆိုဆဲ၊ ဝါဆိုပြီး သံဃာကို လှုတဲ့ သင်္ကန်းဟာ ဝါဆို သင်္ကန်းဖြစ်ပါတယ်၊
အဂုင်္တ္တိုရ် ပါဠိ သဥပါဒိသေသ သုတ်တော်မှာ သောတာပန် ပုဂ္ဂိုလ် နဲ့ တန်းတူတဲ့ ကုသိုလ် ၇ မျိုးရှိပါတယ်၊
သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်တွေ ယခု ဘဝကနေ သေလွန်ပြီး နောက်ဘဝ ဘယ်လို နည်းနဲ့မျှ အပါယ်၎ ဘုံ မကောင်းတဲ့ ဘဝကို မရနိုင်သလို ဒီ ကုသိုလ် ၇မျိုးကို ဖြည့်ဆည်းပြီး ပုဂ္ဂိုလ်ဟာလည်း ဒီဘဝကနေ သေလွန်ပြီး သံသရာ အဆက်ဆက် ဂတိမြဲတယ်လို့ ဆိုလိုတာပါ၊
(၁) သရဏဂုံ ကုသိုလ်
(၂) ငါးပါး သီလ တည်ခြင်း
(၃) ဝါဆိုသင်္ကန်း အမြဲမပြတ်လှုခြင်း
(၄)ရေတွင်းရေကန် လှုခြင်း
(၅)စာရေးတံ ဆွမ်းလှုခြင်း(မြန်မာပြည်အခေါ် မဟာဒုဂ်ဆွမ်း)
(၆)လဆန်းပက္ခ လဆုတ်ပက္ခ ဆွမ်းလှုခြင်း
(ရှင်းအောင်း ပြောရရင်တော့ တစ်လတစ်ခါ နီးစပ်ရာကျောင်းကို ဆွမ်းချိုင့် ပို့ခြင်း ဆွမ်းကပ်ခြင်း)
(၇)ကျောင်းသင်္ခန်း လှုခြင်း      တို့ ဖြစ်ပါတယ်…..။
……………………………………………………………………………….
ဝါဆိုလပြည့် ဝါဆိုကာလ ဝါဆိုတော့မည် ဆိုတာနဲ့
ခေါင်းလောင်းတီးလိုက်သလို သင်္ကန်းကပ်ပွဲတွေ အစီစီ အရီအရီ၊
ကြွယ်ဝတဲ့ လူကုန်ထံကြား သဒ္ဓါတရားနဲ့ ပေါက်ဖွားလာတဲ့ သင်္ကန်းတစုံဟာ ဖြစ်တည်လာဖို့ မခဲယဉ်းပေမဲ့ သာမန်လူတန်းစားတွေ ဖို့တော့ အလှုတခုဟာ သိပ်ခက်ခဲတဲ့ ဓားတောင် တစ်ခု ဖြစ်ချင် ဖြစ်နေမှာ၊
ယနေ့ ဝါဆို သင်္ကန်းကပ် အာရုံ ဆွမ်းစား ရှိသည် ဆိုတာနဲ့ အိပ်မှုန့် စုတ်ဖွား လုပ်မနေအား ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားကို ချီးမြောက်ဖို့ အနည်းဆုံး ကိုယ့်မျက်လုံးတွေက စောစောထဖို့ ထိုက်တန်နေခဲ့သည်၊
တကယ်တော့ သင်္ကန်းဆိုတာ အမျိုးစား များစွာ ရှိသလို
လူတန်းစား ဆိုတာလဲ အမျိုးစား များစွာ ရှိနေခဲ့တာပဲ မဟုတ်လား
အလှုရှင်တွေ လာပြီ ဆိုတာနဲ့ ဆရာတော်က တရားလေးဟော ရေစက်လေးချ၊
အာလာပ သလာပတွေကြား မျောလွင့်လာတဲ့ အသံက နှလုံးသားနဲ့ ရဟန်းတစ်ပါးရဲ့ နားတွေကို ထိခိုက်နာကျင်စေတော့တာပဲ၊
“ဒါ သူ လှုတဲ့ သင်္ကန်းဘုရား၊ ကောင်မလေးက ဝါဆိုသင်္ကန်းလှုချင်နေတာ ကြာပြီ ၂ နှစ်လောက် ရှိပြီ ဘုရား သူအားခဲထားတာ၊ အဲ့ဒါ ဒီလတော့ မဖြစ်မနေ လှုမယ် ဆိုပြီး ၂ လလောက် သူ့ အမေအိမ်ကို လစာ ပြန်မပို့ပဲ စုပြီး ဝယ်ကပ်တာပါ ဘုရား၊ ရွာမှာ သူ့ အမေက တယောက်ထဲနေရတာလေ၊ အဲ့ဒါ သူက ဒီ၂ လတော့ ပိုက်ဆံ မယူပါနဲ့ အမေရယ် သမီး ဝါဆိုသင်္ကန်း ကပ်ချင်လို့ပါ ဆိုပြီး ခွင့်တောင်း လှုတာလေ ဘုရား၊ တကယ်တော့ တပည့်တော်တို့ အိမ်မှာသူနေတာ ကြာပြီ ဆိုတော့ တပည့်တော်တို့ရဲ့ သမီးရင်းလိုလဲ ဖြစ်နေပါပြီ ဘုရား”
ခေါင်းငုံထားပေမဲ့ အသက် ခပ်ငယ်ငယ် ကောင်မလေး  နှုတ်ခမ်းတွေမှာ အိမ်ရှင်ရဲ့ ဆရာတော့အပေါ် လျှောက်ကြားတဲ့ စကားအပေါ် ကျေနပ်မှုတွေ အထင်သား
“ကောင်မလေးက လစာ တစ်လ ဘယ်လောက်ရလဲ”
ဆရာတော့်ရဲ့ အမေးစကား
တကယ်ဆို အပေါ်က စကားတွေ အရ ကိုယ်ရော ကျောင်းတိုက် တစ်တိုက်လုံးရဲ့ သံဃာတွေလဲ ဒီအဖြေကို သိချင်နေလိမ့်မယ် ဆိုတာ တိတ်ဆိတ်ခြင်းက သက်သေပြနေသည်၊
“တစ်သောင်းခွဲ ပါ ဘုရား”
ဟာ…..
“တစ်ခါတလေ မြန်မာ လူမျိုးတွေရဲ့ သဒ္ဓါတရားနဲ့ ကိုယ့်သီလကိုယ် ထောက်ထောက် စမ်းရတာ
နောက်ကျော မလုံဘူး ကိုယ့်ညီ”
ဒုတိယ အကြိမ်မြောက် ဒီစကားကိုသာ ထပ်ကြားခွင့်ရှိမယ် ဆိုရင်
ကိုယ် သေချာပေါက် ခေါင်းညိတ် အသိမှတ်ပြုရမှာပဲ……………………………………..
ဆရာတော်ကတော့ ကိုယ်တွေကို တိုင်ပင်သည်၊
ဒီသင်္ကန်းကတော့ မဖြစ်မနေ ဝတ်ရမည်၊ တဲ့
နောက်ဆုံး ဆရာတော် တရားဟော ပလ္လင်ပေါ်တက်တိုင်း တက်တိုင်း ဝတ်ဖို့ ကိုယ်တွေက ဝိုင်း ဆုံးဖြတ်ချက်ချပေးလိုက်သည်၊
…………………………………………………………………….
တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး ပြောကြားတဲ့ “ဝံသာနု” စိတ်ဓာတ်နဲ့ ဈေးဝယ်ဖို့ အကြောင်းကို
လူအခွင့်ရေး ဆိုတဲ့ အီးယောင်ဝါးနဲ့ ကိုယ်က ကန့်လန့်တိုက်ချင်ခဲ့တဲ့ ကောင်ပါ၊
မထင်မှတ်ပဲ တက္ကစီ သမားတစ်ယောက်ရဲ့  ဝါဆိုသင်္ကန်းကပ်ပွဲဟာ မခန်းနားခဲ့ရင်တောင် ကိုယ့်အတွက် ကြီးကျယ်သွားခဲ့တာ၊
တရားလဲ သိမ်း ဒီဒကာ လျှောက်လိုက်တဲ့ စကားက ကိုယ့်ရင်ကို ဟင် ကျသွားစေခဲ့ပေါ့၊
“တပည့်တော် က အဲ့လိုပဲ လှုနေရရင်ကိုး ပျော်နေတာဘုရား၊ ဒီနေ့ ဝါဆိုသင်္ကန်းကပ်ပွဲဟာ တပည့်တော်နဲ့ တပည့်တော် တက္ကစီပေါ်မှာ စီးနင်းလိုက်ပါဖူးကြတဲ့ ခရီးသွားတွေရဲ့ အလှုပါ ဘုရား” တဲ့
ကိုယ့်အမျိုး ကိုယ့်ဘာသာ အတွက် အထောက်ကူ မဖြစ်ပဲ ကိုယ်လုပ်ခဲ့တဲ့ အရာတွေက ကိုယ့်ပေါင်ရိုးကို  ပြန်ထိုးခိုင်းတဲ့ ဓားရိုးတွေ ဖြစ်နေခဲ့တာ ဘယ်နှခုတောင် ရှိခဲ့ပြီလဲ ?



No comments:

Post a Comment