သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 17 December 2011

အမေကြားဖူးပြီးသား ပုံပြင်လေး တပုဒ်...


အမေ သားစာရေးလိုက်ပါတယ်..
သီတင်းကျွတ်လပြည့်နေ့ကပေါ့ အမေ
သားတို့ ဗာရာဏသီ ကျောင်းသားတွေကို ဥက္ကဋ္ဌကြီးရဲ့ စီစဉ်ပေးမှုနဲ့ ကားစင်းလုံးငှါးပြီး ဟိုအရင်က သံသုမာရဂိရ(ခေါ်) သုသုမာရ ဂိရဆိုတဲ့ မြို့လေးကို လေ့လာရေး အပျော်ခရီး ထွက်ခဲ့ကြတယ် အမေ....
လမ်းတလျှောက်မှာ အိန္ဒိယ နိုင်ငံရဲ့ စီးပွါးရေး ပြယုဂ် အဆောက်အအုံတချို့နဲ့ သဘာဝ ရှုခင်း လယ်ပြင် လယ်ကွက်စိမ်းစိမ်းညို့ညို့တချို့ရယ်...
တောင်စွယ်တောင်တန်းတချို့က အုံမှိုင်းမှိုင်းနဲ့ပေါ့ အမေ....


တခါတလေမှာ အမိမြန်မာပြည်ဟန်ဆောင်ထားတဲ့ လယ်မြေလယ်ကွင်းနဲ့ တောင်သူလယ်သမားတချို့ကိုလဲ တွေ့ရသေးတယ် အမေ.....
ဘာမှတော့ မဆိုင်ဘူးပေါ့ အမေ...
အမေနေမှကောင်းရဲ့လားလို့ ခဏခဏ တွေးမိတယ်...
အမေလဲ ကြားဖူးမှာပေါ့.....
သုသုမာရဂိရမြို့ ဆိုတာ မြတ်စွာဘုရားနဲ့ နကုလမာတာကြီးတို့ရဲ့အတိတ် နှစ်ပေါင်းများစွာက ထုံမွမ်းလာခဲ့တဲ့ သားသမီးနဲ့ မိဘသံယောဇဉ် တို့ကြောင့်လဲ နတ်ကောင်းနတ်မြတ်တွေက အမေကို သတိရစေတာလား မသိဘူးပေါ့ အမေ..........
လမ်းတလျှောက်မှာ အမှတ်ရစရာတွေကတော့" ပြောမဆုံးပေါင် တောသုံးထောင်"ပါပဲ အမေ..
tourist လို့ နာမည်တပ်ထားတဲ့  သားတို့ရဲ့ ကျောင်းသား အဲယားbus ကားကြီးကို ဘယ်သွားသွား အိန္ဒိယ နိုင်ငံသားတွေက လက်လှမ်းပြပြီး နှုတ်ဆက်တတ်တဲ့ အကျင့်လေးတွေကလဲ သားတို့ အမိမြေ မြန်မာနဲ့ နယ်မြေခြင်းသာမက ယဉ်ကျေးမှုခြင်းပါ ဆက်စပ်နေတယ် ဆိုတဲ့ ရိုးသားပွင့်လင်းမှု ပြယုဂ်လေး တခုပေါ့ အမေ......
ဘာပဲ ပြောပြော ရှင်တော်မြတ်၄၅ ၀ါပါတ်လုံး သွားလာ လှုပ်ရှား တရားဓမ္မတွေ ဟောကြားခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ သဘာဝရှုခင်းစိမ်းစိမ်း စိုစိုတောင်စွယ်တောင်တန်းတွေနဲ့ လှပမှု အပြည့်ရှိနေတာတော့ အမှန်ပဲ အမေ...
လမ်းတလျှောက်သားတို့ကားပေါ်မှာ ကျောင်းသားသစ်တွေနဲ့ ကျောင်းသားဟောင်းမိတ်ဆက်ပွဲ ဆိုပြီး ကျောင်းသားတွေတယောက်တလှဲ့ ရှေ့ထွက်ပြီးမိတ်ဆက်စကားပြောကြရတယ် အမေ..
ဥပမာ... တပည့်တော် ဘွဲ့ကတော့ ဘယ်သူပါဘုရား
တပည့်တော်က ဘယ်နယ်သားပါဘုရား
တပည့်တော် ပရိယတ္တိ စာပေကို ဘယ်စာသင်တိုက်မှာ သင်ယူခဲ့ပါတယ် ဘုရား စသည် မိတ်ဆက်စကားပြောပြီး
ကိုယ်ပြောချင်တဲ့ အမှတ်တရ စကားလေး တခွန်းဆီလဲ ပြောကြရသေးတယ် အမေ...
တယောက်ပြောပြီးသွားတာနဲ့ ကျန်တဲ့ ကျောင်းသားတွေ အားလုံးက ၀ိုင်းလက်ခုပ်သြဘာ ပေးကြရသေးတယ် အမေ...
ဥက္ကဋ္ဌကြီးက အဲလို စကားပြောဖို့ အကျင့်လေးကို thai တွေဆီကရခဲ့တာ ဆိုပြီး ပြောရဲလာအောင် state eXperience ဖြစ်အောင် ပြောချင်တဲ့ စကားလုံးတွေရှိရင် ရင်ဖွင့်တတ်လာအောင် အားလုံး ကျောင်းသားအချင်းချင်း တယောက်ခံစားချက်ကို တယောက် အေးအတူပူအမျှခံစားပေးတတ်လာအောင် စိတ်ကို လေ့ကျင့်ပေးခြင်းဖြစ်တယ် ဆိုပြီး ဒီအစီအစဉ်လေးကိုစီရင်ပေးခြင်း ရဲ့ ရည်ရွယ်ချက်ကိုလဲ ရှင်းပြသေးတယ်အမေ....
ဒါနဲ့ စကားမစပ်ပေါ့ အမေ.....
ဒီစာကို ဖတ်နေတဲ့ အချိန်မှာအမေ ထမင်းရော စားပြီးပြီလား
ကျန်းမာရေး ဂရုစိုက်နော် အမေ......
ညည ဘုရားရှိခိုးပြီးမှ အိပ်နော် အမေ...
ခိုင်းတယ်လို့ မထင်ပါနဲ့ အမေ သားတောင်းဆိုတာပါ...
ခု သားတို့ နေတဲ့ ဗာရာဏသီဆိုတာ မြတ်စွာဘုရား တရားဦး ဓမ္မစင်္ကြာ ဟောခဲ့တဲ့ နေရာလေး ဆိုတော့ ညည အမေ ဘုရားရှိခိုးရင် သားကို မှန်းပြီး ဓမ္မစင်္ကြာသုတ်လေး တခေါက်လောက် တခေါက်လောက် ရွတ်ရွတ်ပေးပါဦး
အမေလဲ ကုသိုလ်ရတာပေါ့ အမေ....
ဟော.. ပြောရင်းဆိုရင်း သုသုမာရဂိရမြို့နဲ့ နီးလာပြီဆိုတဲ့ အကြောင်း ဥက္ကဋ္ဌကြီးရဲ့ မိုက်နဲ့ လှမ်းပြောသံကြားရတယ် အမေ....
သုသုမာရဂိရမြို့ဆိုတာ ခေတ်တွေရဲ့ တရွေ့ရွေ့တိုက်စားလာမှုကို တောင့် မခံနိုင်ရှာဘူးထင်တယ် အမေ...
ဘုရားလက်ထပ်က အရမ်းစည်ပင် ဖွံ့ဖြိုးခဲ့တဲ့ မြို့လေးဟာ နှစ်ပေါင်း ၂၅၀၀ ကို ကျော်ဖြတ်လာခဲ့ ဟော့ဒီသားတို့ ခေတ်မှာတော့ ဘာမှ မရှိတော့ပါဘူး အမေ...
ပတ်ပတ်လည်မှာ လယ်ကွင်းလယ်ကွက် တွေ တောင်စွယ်တောင်တန်းတွေနဲ့ တချို့နေရာတွေမှာ အိမ်လေးတွေ ဟိုနားတစု ဒီနား တစုကို ကိုပဲ တွေ့ရတော့တယ် အမေ....
ဘုရားရှင်သီတင်းသုံးတော် မူခဲ့တဲ့ တောင်လေး ခြေရင်းကို ရောက်တယ် ဆိုပေမဲ့ ကားက တောင်ထိပ်ပေါ်ကို တက်လို့ မရလောက်အောင်ကို တောင်တက်လမ်းက ကျဉ်းမြောင်းလွန်းလှတယ် အမေ...
ဒီတော့ သားတို့ ကျောင်းသားတဖွဲ့လုံးလဲ made in mother အမေပေးတဲ့ ဟော့ဒီခြေထောက်တွေနဲ့ပဲ  ၉၆၉၃ ဆိုပြီး ခြေလျှင်ခရီး တောင်ပေါ်ကို ချီတက်ခဲ့ကြတယ် အမေ.....
သားတို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေမှာ တောင်တွေ့ရင် တောင်ထိပ်စေတီဆိုပြီး ဘုရားတည်တတ်တဲ့ အကျင့်လေး တွေ ရှိတယ် အမေ...
တကယ်တော့ အဲ့ဒီအကျင့်လေးတွေဟာ အိန္ဒိယ နိုင်ငံက ဆင်းသက်လာလေသလားလို့တောင် ထင်ရအောင် အိန္ဒိယနိုင်ငံသားတွေကလဲ တောင်တွေ့တာနဲ့ ဟိန္ဒူဘုရားကျောင်းလေးတွေ ဆောက်တတ်တဲ့ အကျင့်လေးတွေတွေ့ရတယ် အမေ....
အရင်ဆုံး ဘုရားသီတင်းသုံးတော်မူခဲ့ရာ ကျောင်းလေးကို ရောက်ဖို့ ဟိန္ဒူနတ်ဘုရားမကျောင်းလေးကို ဖြတ်ကျော်သွားရသေးတယ် အမေ....
ဟိန္ဒူကျောင်းက သားသားနားနား သပ်သပ်ရပ်ရပ်နဲ့ လူတွေ အများကြီး လာလည်နေကြပေမဲ့ သားတို့ မြတ်စွာဘုရားရှင် သီတင်းသုံးတော် မူခဲ့ရာကျောင်းလေးကတော့ ရှေးဟောင်းပြယုဂ် တခုအနေနဲ့ပဲ တိတ်ဆိတ်ငြိမ်သက် ဟောင်းနွမ်းနေလို့ပေါ့ အမေ...
ဘုရားရှင် သီတင်းသုံးတော် မူခဲ့ဟန်ရှိတဲ့ ( အသောက မင်းကြီး ပြုပြင်သည်ဟုလည်း ဆို၏) လှိုင်ဂူဟန် ကျောင်းတော် သေးသေးလေးလဲ အထဲမှာ မြတ်စွာဘုရားရှင်ရဲ့ ပြယုဂ်အနေနဲ့ ဘုရားရှင် ပုံတော်လေးတောင် ရှိမနေတာတော့ ၀မ်းနည်းစရာပေါ့ အမေ....
ဒါကလဲ ဗုဒ္ဓဘာသာ နိုင်ငံမှ မဟုတ်တာ ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်ခဲ့ရသေးတယ် အမေ...
သားတို့ နိုင်ငံမှာသာ ဆိုရင် ဘုရားကျောင်းဆောင် ဒီလောက် မျက်နှာ ငယ်စရာမလိုဘူးပေါ့
တောင်ပေါ်က လှမ်းကြည့်လိုက်တယ် ဆိုရင်ပဲ ....
လယ်ပြင် လယ်ကွက် စိမ်းစိမ်းတွေက အိမ်လွမ်းသူကို "ငိုချင်ရဲ့ လက်တို့"နေသယောင် ပေါ့ အမေ
မြတ်စွာဘုရားဟာ ဟော့ဒီကျောင်းတော် သေးသေးလေးထဲမှာ ၈ ၀ါတိတိ သီတင်းသုံးနေတော်မူပြီး ဒီမြို့သားတွေနဲ့ လောက အကျိုးစီးပွါးကို မနားမနေ ဆောင်ရွက်တော် မူခဲ့တယ်တဲ့အမေ....
ဒီမြို့လေးရဲ့ အထင်ကရ မိဘ မေတ္တာဘွဲ့ ဖြစ်ရပ်မှန်လေး တခုပေါ့ အမေ....
မြတ်စွာဘုရားနဲ့ နောက်ပါရဟန်းတော်တွေ ဟော့ဒီသားတို့ တွေ့နေရတဲ့ တောင်ပေါ်လေးကနေ ဆွမ်းခံတော် ကြွဆင်းတယ် ဆိုရင်ပဲ သုသုမာရ ဂိရမြို့သားတွေက မြတ်စွာဘုရားရှင်ရဲ့ ဘုရားအဖြစ်ကျက်သရေတော်ကို ကြည်ညိုစွာ ဖူးမြော် ဆီးကြိုနေကြတဲ့ အချိန်ပေါ့ အမေ....
အမေကြားဖူးပြီးသားဖြစ်တဲ့ နကုလ မာတာနဲ့ နကုလ ပိတာကြီးတို့က ဘုရားရှင်ကိုတွေ့တွေ့ချင်း.......
ဘုရားရှင်ရဲ့ ခြေဖ၀ါးတော်တွေမှာ မျက်နှာအပ်ပြီး မျက်ရည်တွေ စို့နင့်နေတဲ့ မျက်လုံး အစုံနဲ့ မြတ်စွာဘုရားကို ကြည့်ကာ " သား... သားကြီး ဘာကြောင့်များ အမေတို့ အဖေတို့ကို ဒီလောက်အကြာကြီး ခွဲသွားရတာလဲ ကွယ်" လို့ ကရုဏာဒေါသသံကြီးနဲ့ ၀မ်းနည်းပတ်လက် အပြစ်ဖို့ရှာသတဲ့ အမေ....
အဲ့ဒီလို အပြစ်ဖို့ပေမဲ့ သားတို့ရဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တစုံတခုသော စကားကို မဆိုပဲ ဆိတ်ဆိတ်လေးပဲ ငြိမ်ပြီး သည်းခံတော် မူတယ်တဲ့ အမေ....
မြတ်စွာဘုရားကို နကုလ မာတာနဲ့ နကုလ ပိတာကြီးက သူတို့အိမ်ကို ဆွမ်းစားပင့်တဲ့ အချိန်အိမ်ကို ဖိတ်ကြားသွားတဲ့ အချိန်မှာလဲ နကုလမာတာကြီးရဲ့ သားတွေ သမီးတွေက အကိုကြီး မောင်လေး စသည့်စကားတွေနဲ့ ပြောဆိုနှုတ်ဆက်သံတွေကြောင့်လဲ ပုထုဇဉ်ရဟန်းတချို့မှာ အံ့သြထူးဆန်းဖြစ်နေရတယ် တဲ့ အမေ...
မြတ်စွာဘုရားရဲ့ မိဘအရင်းတွေ ဖြစ်တဲ့ ဘုရင် သုဒ္ဓေါဒနနဲ့ မယ်တော် မာယာတို့ ရှိပါလျှက် အဘယ်ကြောင့် ဒီအဘိုးကြီးနဲ့ အဖွားကြီးက သားသားလို့ ခေါ်မှုကို မြတ်စွာဘုရားက သည်းခံတော် မူလေသနည်း လို့ သို့လော သို့လော အတွေးတွေနဲ့ပေါ့ အမေ..
နောက်ဆုံးတော့ သံသယတွေအားလုံးကို ဖျောက်ပေးမဲ့သူက မြတ်စွာဘုရားသာလျှင် ရှိတဲ့အတွက် မြတ်စွာဘုရားကို ၀ိုင်းဝန်းလျှောက်ကြတဲ့ အခါမှာ....
မြတ်စွာဘုရားက ရဟန်းတို့ နကုလမာတာကြီးနဲ့ နကုလပိတာကြီးတို့သည် ငါဘုရားရဲ့ အမိ နဲ့ အဖ ဘ၀ပေါင်း၅ ရာစီ ဖြစ်ခဲ့ကြတယ်တဲ့ ဘ၀တွေ အများကြီးပေါ့အမေ....
ဘ၀ပေါင်းများစွာက တွယ်ငြိခဲ့ ချည်နှောင်ခဲ့ကြတဲ့ ၅၂၈ မေတ္တာက ခုဘ၀မှာ တွေ့တွေ့ချင်း အမေတို့ ပြောသလို "သွေးက စကားပြောတယ်" ပဲ ဆိုရမလားပဲ အမေ....
အခုလို ငါးရာနှစ်ဆယ့်ရှစ် မေတ္တာဖွဲ့ ပြယုဂ်လေးတွေနဲ့ ထုံမွှမ်းထားတဲ့ လွမ်းညို့ယောင်သမ်းသမ်းမြို့လေးက သားတို့ ဗာရာဏသီ ကျောင်းသားတွေအတွက် ပျော်စရာတခု လွမ်းမောစရာတခု အနေနဲ့ ကျန်ရစ်လို့ လက်ပြနှုက်ဆက်ခဲ့ပြီပေါ့ အမေ...
အပြန် ကားကြီးပေါ်မှာ tv လဲဖွင့်မထား ဘယ်သူမှလဲ မိန့်ခွန်းမပြောကြားလေပဲ ကျောင်းသားတွေ တိတ်ဆိတ်ပြီး လိုက်ပါလာခဲ့ ကြတာတော့ နကုလမာတာကြီးရဲ့ သား...ဆိုတဲ့ အပြစ်ဖို့သားခေါ်သံလေးနဲ့ သားတို့ရဲ့ ရင်ထဲကို အမေ့အလွမ်း သုသုမာရ ဂိရမြို့လေးက တခုခု ပေးစွမ်းလိုက်ပြီ ဆိုတာတော့ ပြောစရာ မလိုအောင်ပါပဲ အမေ..................
                                                         အမေ ကျန်းမာပါစေ.....

No comments:

Post a Comment