သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 31 December 2012

နွေရာသီ ရက်စွဲ များရဲ့


နွေဦးခေါ်သံက ဗာရာဏသီရဲ့ ဆောင်းညတွေကို တိုက်ဖြိုလိုက်ပေပြီ၊

“ အငွေ့တထောင်းထအောင်ပူရဲ့

လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်

ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။

ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။

မိုးနတ်မင်းကြီးရယ်....

ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...

ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။ “

(တာရာမင်းဝေ)

ဘာရယ်မှန်းမသိ “ ဒီထက်ပူ ဦးမှာ ပေပါ့” ဆိုတဲ့ အသံတွေက သူ့ကို ဝိညဉ်ဆိုးတို့ ခြောက်လှန့် သံလို ပူလောင်လွန်းလှပေ၏၊

ဘာပဲ ပြောပြော ဆောင်းရာသီကို ကျော်ဖြတ်လာတဲ့ နောက်ဆုံး လက်ကျန် ငွေ့ငွေ့ လေပြေလေညင်းတို့ရဲ့ အသက် ရှုသံ ပြင်းပြင်းက အပူဒဏ်ကို ကြာရှည် တောင့်ခံ နိုင်မယ်တော့ မထင်

မောဟိုက် ဆူပွေလျှက် ၊

birthday...

မနက်ဖြန် အမေ့မွေးနေ့ပါတဲ့ ဖုန်းပြောဖြစ်၊ သူများတကာတွေ မွေးနေ့မှာ happy birthday . မွေးနေ့မှာ ပျော်ရွှင်ပါစေ စသည် ပြောပေးခဲ့ပေမဲ့ အမေ့ မွေးနေ့မှာတော့ သူက ဒီစကားလေးကို ပြောဖြစ်ခဲ့ပါတယ်၊ " မွေးနေ့ဆိုတာ တကယ်တော့ အမေနဲ့ သားကို တဖြည်းဖြည်းဝေးကွာလာအောင် ဆွဲခေါ်သွားနေတဲ့ အရာပါ" လို့ အမေအသံက စိတ်မကောင်းဖြစ်သွားတဲ့ဟန်... (ကိုယ်လည်း မတတ်နိုင်ပါဘူး ဒါလည်း အမှန်တရားပဲလေ၊ ကိုယ့်ကို ဇရာတွေဆီကို ဆွဲခေါ်သွားတဲ့ နေ့မှာ အမေ ကုသိုလ် များများလုပ်ပါ ၊ ငါ အိုနေပြီ ဆိုတာ မမေ့ပါနဲ့အမေ)

"သင်္ခါရ စကားတွေ ဝိုင်းဖောင်ဖွဲ့ကြတဲ့ ညနေခင်းမှာ
နေဝင်ချိန်တွေ မေ့လျော့ခံနေရ"
(သာကီလုလင်)

Saturday 29 December 2012

ကျက်သရေ တက်နေ သို့ ဖြာစေ………

ဇာတ်တော်တွေ လိုက်ဖတ်ဖြစ်တော့ ကြံကြံဖန်ဖန် ကျောင်းဒကာကြီး အနာထပိဏ် ဆီမှာ ကျက်သရေ လာတောင်း တဲ့ ပုဏ္ဏား တစ်ယောက်ကို သွားဖတ်မိလေရဲ့၊

ဘယ်နှယ့် တောင်းစရာ ရှားလို့ ကျက်သရေ လာတောင်းရတယ်လို့၊

(သူသာ သူဋ္ဌေးကြီး နေရာမှာ ဆို မျက်စောင်း တစ်ဖက်ကို စွေ့နေအောင် ချိတ် ၊

လက်ညှိုးငေါက်ငေါက် ထိုးပြီး ‘ငါ’ ကလော် တုတ်မိမှာပဲ၊)

“ဟဲ့ ဘာတွေ လာပြောနေတာလဲ ရူးနေလား

ကျက်သရေ သူတောင်းစား” ( အဲ…..အဲ)

“ကျက်သူတောင်းစား” (ဟင်.. ဒါလည်း လှသေးပါဘူး)

အမ်……… ဘယ်လို စခေါ်ပြီး ကလော် ရပါ့နော်၊

(တော်ကြာ……. ကိုယ်က ကလော် မလို့ စဉ်းစားနေတုန်း၊ ပုဏ္ဏား က သူ့ကို မျက်နှာငယ်လေးနဲ့မော့ကြည့်၊ ပြီး....... သူလိုချင်တာ မရမဲ့ အတူတူ လက်လျှော့သွားတဲ့ ပုစံနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဒီလို ထပြောလိုက်မှ ဒုက္ခ၊)

“နေပါစေတော့ ဆရာရယ်၊ ဆရာက ကျက်သရေမှ မရှိဘဲလေ”

“အဲ”

…………………………………………………………………………

ရဟန်းမှာ သူငယ်ချင်း တစ်ပါးရှိပါတယ်၊

အကိုတစ်ယောက်လိုရော သူငယ်ချင်း တစ်ယောက်လိုပါ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ၊

ရဟန်းက တခါတလေမှာ ကိုယ့်ကိုယ်ရေးကိုယ်တာ မဟုတ်တာတွေ သူ့ကို တဟားဟား ကြွားပြီး ပြောပြတတ်ရင် သူက ရဟန်းကို ပြောလေ့ရှိတဲ့ စကားက…..

“မင်းတော်တော် ကျက်သရေ မရှိတဲ့ကောင်”

ပြောရင်း သူက ရယ်လျှက်……..

စာသင်တိုက်တွေရဲ့ ‘ ကောင်းဆိုး မဟူ အတူတူ ’

စည်းမျဉ်းတွေ အရ ‘ဆွမ်း’ ဆိုရင်လဲ ပေါင်းစားရသည်၊

‘စာ’ ဆိုရင်လဲ ပေါင်းကျက်ရသည်၊

‘သန့်ရှင်းရေး’ ဆိုရင်လဲ ပေါင်းလုပ်ရသည်၊

‘ရေ’ ဆိုရင်လဲ ပေါင်းချိုးရသည်၊

တစ်ခါတလေ ဧည့်သည် လာတဲ့ နေ့များ ဆိုရင် စာသင်သား ဆိုတဲ့ အတိုင်း ကိုယ်ပိုင် ဖျာလေး တစ်ချပ် ခေါင်းအုံးလေး တစ်လုံး နေပူပူ မိုးရွာရွာ ခြုံစရာ ဆောင်လေး တစ်ထည်မှ လွဲ၍ အပိုမရှိတတ်သော စာသင်းသားတို့ အဖို့ ကိုယ့်ရှိတဲ့ ဆောင်လေး ခေါင်းအုံးလေး ဖျာလေးကို ဧည့်သည်ကို ကျကျ နန ခင်းပေးလို့ ကိုယ်ကတော့ ဖြစ်သလို သူများခြင်ထောင်ထဲမှာ ပေါင်းအိပ်ရသည့် ရက်များလဲ ရှိ၏၊

ဒါသည်ပင် မိသားစု စိတ်ဓာတ် မွေးမြူပေးခြင်း ဖြစ်သည်ဟု အစဉ်အဆက် ဆရာတော်များက မိန့်တော်မူခဲ့ကြလေ၏၊


Friday 28 December 2012

လာဘ



စိတ်တွေကို ဆာလောင်နေတဲ့ ညနဲ့
ညတွေကို ဆာလောင်နေတဲ့ စိတ်
ကျားနဲ့ ဆင်လယ်ပြင်မှာ တွေ့ကျ
ဒီမိုးသာ မရွာခဲ့ဘူးဆို ငါတို့လဲ ဒီလို မိုးခိုနေစရာ ဘယ်လိုလိမ့်မလဲ
ခုတော့ ဘောလုံးတလုံးလို လိမ့်လာတဲ့
သက္ကာရ ရဲ့ အတောင်ပံပွပွ တွေကို နမ်းရင်းနမ်းရင်းနဲ့ ပဲ
ငါတို့တွေ ကျုံလှီလာ
ကဲ တင့်တယ်ပါရဲ့လား
တဇောက်ကန်းကန်း ချုပ်စပ်လိုက်တဲ့ အပြာရောင်ပါးပါး ကောင်းကင်မှာ
လရောင်တွေ ချို့တဲ့လာတာ လောကဓံတော့ မဖြစ်နိုင်
ခေါင်းတွေခဲ
အသဲတွေ ကျဲ
ပျိုးချလိုက်တဲ့ တကိုယ်စာ ပဋိစ္စသမုပါဒ်ကြီးထဲ
လောဘသားရောင်လေး ပြဲပြဲ……………

ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၅)

ဂိဇ္ဈကုတ် တောင်ခြေကို ရောက်တော့ နေရဲ့ ပူရှိန်ဒေါသ က တော်တော် ပြင်းထန်နေပေပြီ၊
(နေဆွမ်းကလည်း ငတ်တော့မည်၊ :P )
ဘာပဲ ပြောပြော ဂိဇ္ဈကုတ်ဆိုတာ ဒီနိုင်ငံ မှာတင် မက အမိ ရွှေပြည်ကြီးမှာလည်း အတော် နာမည်ကြီးသော တောင်တစ်တောင်ပေပဲ မဟုတ်လေလား၊
ပင်ပန်းမှုတွေ ခဏဖယ်ထားပြီး တောင်ခြေအရောက် ခဏနားကာ ဆက်တက်ဖြစ်ကြသည်၊
ခြေလျှင်တော့ မဟုတ် စက်တီး ထိုင်ခုံ လှေကားများဖြင့် တက်ကြခြင်း ဖြစ်သည်၊၊
ပြောလို့သာ ပြောတာ ခက်လန့်လန့်ပါ ၊ တခါမှ မှ စီးဖူးပဲ ၊ (ဟင်းး ဟင်းးး တောသား ကိုယ်တော်)
ခြေလျှင်သာ ဆို တော်တော် တက်ရမည် ဖြစ်သော်လည်း သူကတော့ မပြုတ်ကျဖို့ အရေး ထိုင်ခုံကြီး အသေဖက်ကာ ရင်တထိတ်ထိတ်နှင့်ပင် ၁၀ မိနစ်လောက် အတွင်း တောင်ထိပ်ဆုံးသို့ အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့သည်၊ ဒီကြားထဲ ကုလားက…….
“ တခုမှ တဆယ်ထဲ ၊ ဆီးချို ပျောက်တယ် ဆီးချိုပျောက်တယ်” လို့
နားနားကပ်ပြီး မြန်မာ လို့ ပီပီသသ ကြီး အော်လိုက်တဲ့ အသံကြောင့်
“ ဟဲ့ ပလုတ်တုတ်” ဆိုပြီး လန့်သွားရသေးသည်၊
ကုလားက သူ့မျက်နှာကြီး ကြည့်ပြီး
“ဟီးးးးး ယူဦးမလား ဘန္တေဂျီး”
သွားကြီး ဖြီးလျှက်……..
လက်ထဲက ဆေးအိပ်ထုတ်လေးကို မြှောက်ပြသည်၊
“ယူပါဘူး”
ရွှေလူမျိုးတွေ ဘယ်လောက်တောင် လမ်းသလားထားတဲ့ နယ်မြေလဲ ဆိုတာတော့ မေးစရာတောင် မလိုတော့၊
ဒီလိုနဲ့ သူက ရှေ့ဆက် ခရီးဆက်လာခဲ့သည် ၊
……………………………………………………………………………………..
ဘာပဲ ပြောပြော တောင်ထိပ် ရောက်တာနဲ့ သစ်ပင်ရိပ် ဝါးပင်ရိပ်တွေကြား ဂျပန်ရဟန်းတော်ကြီး ဖူဂျီ တည်ထားတော် မူခဲ့တဲ့ ငြိမ်းချမ်းရေး စေတီတော်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေရသည်၊ ကျောက်ဖြူတွေနဲ့ချည်းပဲ တည်ထားတော် မူခဲ့ခြင်း ဖြစ်ပေသည်တဲ့၊ အထဲမှာ ဥာဏ်တော် မြင့် ဘုရားပုံတော် တခုကို ထုလုပ်ထားသည်၊ ဘာပဲ ပြောပြော နေပူရှိန်နဲ့ ခြေဖဝါးတွေ သိပ် အစပ်မတည့်လှခြင်းကြောင့် ဘုရားပေါ် တက်မဲ့ အစီစဉ်ကို သူက စိတ်မကောင်းစွာ ဖျက်လိုက်ရသည်၊
ဒီကြားတဲ့ “ကိုယ်တော် ကိုယ်တော့ အမျိုးတွေနဲ့ တွေ့သေးလား” ဆိုပြီး ခါးတို့ မေးလိုက်တဲ့ မိတ်ဆွေကြောင့် သူပြုံးမိသည်၊ ဟုတ်သည်လေပဲ ……….


ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၄)

“ကိုယ်တော်လေး ယူ့ရုပ်လေးက ချောပါဘိသနဲ့၊ ဘယ်နှယ့်ကြောင့် ငယ်ငယ်လေးနဲ့ ရဟန်းပြုပြီး တရားကျင့်နေတာလဲ ၊ ကျုပ်တိုင်းပြည်ကို လာခဲ့စမ်းပါ၊ တိုင်းပြည်တစ်ဝက်ပေးပြီး မင်းစည်းစိမ်ကို ခံစားရစေပါ့မယ်၊”
ပုဂ္ဂလ စွဲ ကြည်ညိုမှုကို မကင်းနိုင်ရှာတဲ့ အရိယာလောင်း ဗိမ္ဗိသာရလို ပုဂ္ဂိုလ်ကြီးက သိဒ္ဓတ္ထရဟန်းတော်လေး ရဲ့ ငယ်ဂုဏ်နဲ့ ခတ္တိယ ရုပ်ရည်ကို ကြည့်ပြီး အားမလို အားမရ ပြောရှာသည်။
“ ငယ်ပါသေးတယ် ကိုယ့်လူရယ် လောကစည်းစိမ်ကို ပျော်ပျော်ကြီး ခံစားစမ်းပါ” တဲ့
သိဒ္ဓတ္ထ ရဟန်းတော်လေးက သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကနေ တစက်ကလေး မှ နောက်ဆုတ် မပေးနိုင်မှန်းကို ရိပ်မိတဲ့ ဘုရင်ကြီးက နောက်ဆုံးတော့
“အင်း တားမရနေပေါ့၊ ဒါပေမင့် သင် တရားရတဲ့ နေ့ ကျုပ် တိုင်းပြည်ကို ပထမဆုံး ကြွလာရမယ်နော်”
ကတိလေး တစ်လုံးပိုက်ပြီး တိုင်းပြည်ပြန်သွားရှာသည်၊
……………………………………………………………………………..
ဝေဠုဝန် ကျောင်းတံခါးကို တွန်းဖွင့်လိုက်သံမှာတော့ ဗုဒ္ဓအရှင်ရဲ့ ဒီစကားလေးက ကပ်ပါလာသည်၊
“ချစ်သားတို့ ကြည့်ကြစမ်းပါ ၊ လှလှလေး လုပ်ထားတဲ့ အရုပ်ကလေးနဲ့ တူတဲ့
အရိုးစု ၃ ရာနဲ့ ထောက်ထားလင့်ကစား နာကျင်တတ်တဲ့၊ တွေ့တဲ့လူ အားလုံးနီးပါးကို စိတ်ကစားမှု ပေးနိုင်စွမ်း ရှိတဲ့၊ ဒွါရ ကိုးပေါက်နဲ့ တည်ဆောက်ထားတဲ့ ဟော့ဒီ ခန္ဓာကိုယ် အရုပ်ကြီးကို ကြည့်ကြစမ်းပါ၊
ဒီလောက်လှတဲ့ ခန္ဓာကိုယ်ကြီး တောင် အမြဲမတည်ပါတကား”
ထိုသို့ဖြင့်


ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၃)

“အခု တပည့်တော်တို့ သွားနေတဲ့ နေရာ က အရှင်မဟာကဿပကြီး ဦးဆောင်တဲ့ ပဋ္ဌမ သံင်္ဂါယနာ တင်ခဲ့တဲ့ နေရာလေးပါဘုရား”
စာသင်သား အချင်းချင်းမို့ ထူးထူးထွေထွေရှင်းပြစရာ မလိုပဲ ‘ အော်ဟုတ်လား ဘုရား’ ဟုပင် ပြိုင်တူရေရွှတ်မိကြသည်၊
တောင်ပေါ်မတက်ခင် အရင်ဆုံးတောင်ခြေရင်းမှာ ဟိန္ဒူ ဓလေ့ ထုံးစံအရ ဇာတ်နိမ့် ဇာတ်မြင့် ရေချိုးတဲ့ နေရာလေးက ဆီးကြိုလို့နေသည်၊
“ဟေ့ရောင် ဇာတ်နိမ့် မင်း ရေဝင်ချိုးပါလားကွ”
မိတ်ဆွေ ရဟန်းတော်ရဲ့ သူ့ကို လှမ်းနောက်လိုက်တဲ့ စကားကြောင့် သူက ပြုံးလိုက်သေးတယ်၊
ရေချိုးပုံက အဆင့်ဆင်ဖြစ်သည် ၊
ဇာတ်အမြင့်ဆုံးလူတွေက ချိုးချလိုက်တဲ့ ရေကို ဇာတ်လတ် တွေက ချိုးသည်၊
ဇာတ်လတ်တွေ ချိုးလို့ ကျလာတဲ့ ရေကို တဆင့် ဇာတ်အနိမ့်ဆုံး လူတွေက ချိုးလည်း ချိုးသည်၊ အဝတ်လည်း လျှော်ကြသည်၊ အန္တရာယ် ကင်းလေသည် ဆိုပဲ၊ သူ့အယူနဲ့ သူတော့ ဟုတ်နေသည်၊
တချို့ က ရေချိုးရုံနဲ့ အားမရ ပလုတ်တွေ ဘာတွေ ကောက်ကျင်းလိုက်သေးသည်(ဝေါ့)
တောင်တက်လမ်းတွေ စတက်ရပြီဆိုတာနဲ့ ကျိုက်ထီးရိုးဘုရားဖူးသွားတုန်းက တောင်ပေါ်ခြေလျှင် တက်ခဲ့ရတဲ့ အချိန်လေးကို သတိရမိသေးသည်၊
ကျိုက်ထီးရိုးတောင် ဘုရားဖူး တက်ခဲ့ရတုန်းက အလှုခံ မဏ္ဍပ် တွေနဲ့ တွေ့ရတဲ့ အချိန်က လွဲလို့ ကျန်တဲ့ အချိန်တွေက ပျော်စရာတွေချည်းပါပဲ ၊ သွားလေသူ ဒကာတော် စိုင်းထီးဆိုင်ကြီးလို ‘မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး’ ဆိုတာမျိုးဖြစ်၏၊
ဘုရားပေါ်က ဆင်းလာတဲ့ လူတွေ လမ်းမှာတွေ့တိုင်း ဘုရားရောက်တော့မည်လား မေးရသည်မှာ အမော…..
“ရောက်တော့မှာလားဗျ”
“ရှေ့တစ်ပြတင် ဦးဇင်း”
ဒီလိုနဲ့ တောင်သုံးတောင်ခန့် သူက မခိုင့်တခိုင် သဒ္ဓါတရားလေး လက်ထဲဆုပ်ပြီး ကျော်ဖြတ်ခဲ့ရလေသည်၊
(ဟူးးးးးး မောထှာ)
ဒါပေမဲ့ ခု သူတို့တက်နေရတဲ့ တောင်က ရာမည က အထင်ကရ တောင် မဟုတ်၊
ရာဇဂြိုလ် ထဲက ထေရဝါဒ အနာဂါတ်ကို အစပြိုးခဲ့တဲ့ ပိဋကတ်သုံးပုံ စတင် ရွတ်ဖတ်ရာနေရာ၊
တောင်တက်လမ်းလေးက ပြေလျှောလေး လုပ်ပေးထားတဲ့ အတွက် တက်ရတာတော့ သိပ်အခက်လှကြီးရယ်မဟုတ်တောင် နေခင်းကြောင်တောင် လူတကိုယ်လုံးကို
လောင်မြိုက်နေတဲ့ နေရောင်ကြောင့် သူတို့တဖွဲလုံး ပင်ပန်းနွမ်းနယ်နေခဲ့တာတော့အမှန်၊
တောင်က တောင်ဆို ဆိုပေမဲ့ တောင်ကတုံး ဆိုတော့ သစ်ပင်ရိပ် ဝါးပင်ရိပ် ချို့တဲ့ တဲ့လေးထဲပဲ သူတို့
သင်္ဂါယနာတင် ဂူဝ သို့ အမောအပန်း ရောက်လာခဲ့ကြလေသည်၊
အမှန်အတိုင်း ပြောရရင် ရဟန္တာ ငါးရာ တော့ ငါးရာ ဆန့်အောင် ဘယ်လို ထိုင်ခဲ့ကြတယ် မသိ ၊
သူတို့လို ဘာမှ မဟုတ်တဲ့ သာမင်ညောင်ည တွေသာ စုပေါင်း ထိုင်လိုက်ရင် ၅၀ တောင် အနိုင်နိုင် ထိုင်ရမည် ဟု သူက မှတ်ချက် ချမိသည်၊


ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၂)

“ရောက်ခဲ့ပါပြီ ရာဇဂြိုလ်” တဲ့ (ယနေ့ခေတ်ခေါ် ရာဂျဂီရိ)
မကြာသေးခင်က ကျင်းပ ထားတဲ့ တောင်တက် ပွဲ သဘင်(နက္ခာတ် ပွဲသဘင်ကြောင့်) လမ်းကျော တလျှောက် လူ ဦးရေက ရှုပ်ရှက်ခက်နေဆဲ………….
တောင်တက်ပွဲတော် အရှိန်က မသေးလှကြောင်း ပြသလျှက်ရှိပေသည်၊
ဘာပဲ ပြောပြော ဒီပွဲတော်လေးအကြောင်းကို ကြားလိုက်တာနဲ့ သူငယ်ချင်း နှစ်ယောက်ကြားက ကတိစကားလေး တစ်ခွန်းကို သူက သွား သတိရမိသည်၊
“ သမ္မကောလိတ အမှေသု ယော ပဌမံ အမတံ အဓိဂစ္ဆတိ၊ သော ဣတရဿ အာရောစေတု”
‘သူငယ်ချင်း ကောလိတရေ….. ငါတို့ထဲက ဘယ်သူပဲ အမတ တရားကို အရင်ရရ နောက်လူကို ပြောကြေးကွာ’ တဲ့
သူငယ်ချင်းဆိုတာလဲ……………………………………
မိုးရာသီရဲ့ နောက်ဆုံး နှုတ်ဆက်သံကြောင့် ညှို့တို့တို့ တိမ်တစုက သူ့ကို ငုံကြည့်နေဆဲ…………………
အို !!!!!!!!!!!!!
လက်ယာတော်ရံကြီးတွေ ရဲ့ ဇာတိမြို့တော်ကြီးက မှိုင်းအုတ် ရီဝေလို့ပါလား ကွယ်……………………

“ ဥသြ တကောင်နှင့် နွေ မဖြစ် ဆိုသော်လည်း
ဟို ဝေးဝေး သစ်ကိုင်း ထက်မှ တစာစာ
အော်မြည်ကြွေးနေသော ငှက်ကလေး ကိုတော့ဖြင့်
ဥပေက္ခာ မပြုနိုင်ပါချေ”
မောင်ရင့်မာ (ကျောင်းကုန်း)
……………………………………………………………………..
ခုတော့ တောင်တက်ပွဲတော်ကြီးရဲ့ အလယ်ထဲမှာ တိတ်ဆိတ် နေတဲ့ လူ နှစ်ယောက်ရှိပါတယ်၊
ခါတိုင်းရက်တွေနဲ့ မတူတဲ့ ရွှင်လန်းတက်ကြွနေတဲ့ အရိပ်ယောင်မရှိ၊


ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၁)

“တနေ့လုံးလင်းကျင်းခဲ့တဲ့ ဇရာအို နေရောင်ခြည် လမ်းတွေမှာ တွေဝေ လွမ်းစွတ်စွာ”
မထင်မှတ်တဲ့ ခြေလှမ်းတွေနဲ့ နာလန္ဒာ ဆိုတဲ့ ရပ်ဝန်းလေး တခုဆီ သူက ခြေဆန့်မိပါရဲ့
ရွှေပြည်ကြီးသားတို့ ထုံးစံ အတိုင်း ဧည့်လာရင် ပျော်တတ်တဲ့ အကျင့်လေးနဲ့ သူ့ကို ဝိုင်းဝန်းကြိုဆိုကြ၊
မိတ်ဆက်စကားတွေ ဆိုခဲ့ကြ၊
အိန္ဒိယ ရောက်ခဲ့တာခြင်း အတူတူ ဘာမာန ဘာမာန်မှ မရှိခဲ့ကြ၊
ဒါသည်ပင် ဗုဒ္ဓအရှင် ထားခဲ့တဲ့ ရှေ့ဆောင် မေတ္တာထားရေး လမ်းညွှန်ကို လိုက်စားသူတို့ရဲ့ ပင်ကိုယ်စရိုက်ပင် ဖြစ်လေမည်၊
သူက တွေးမိနေဆဲ…………………
သူငယ်ချင်းမိတ်ဆွေ ရဟန်းတပါးရဲ့ စေတနာ ကိုယ်စားပြု ဘုရားဖူးပို့ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့က ပျော်ပျော်ကြီး ခရီးထွက်ခွင့်ရခဲ့ပါတယ်၊
“နာလန္ဒာမှသည် မြို့ရာဇဂြိုလ် ဆီသို့”ဆိုလေပဲ ၊(တယ်ဆိုတဲ့ စာ)………


သေချာခြင်း မနက်ဖြန်တစ်ခု

ဘဝမှာ အောင့်သက်သက်ဖြစ်ခဲ့ရတဲ့ ရက်တွေ တော်တော်များများရှိခဲ့ဘူးပါတယ် ၊

ဥပမာပေါ့ဗျာ

အိမ်မက်တခုထဲမှာ အိမ်သာ တက်မိတယ် ဆိုပါစို့(ကြံကြံ ဖန်ဖန်)

စဉ်းစားသာကြည့်………………

တော်တော် အောင့်သက်သက်ဖြစ်ရတဲ့ ကိစ္စ

ဘယ်လောက် ညှစ်ညှစ် ထွက်ကို မထွက်ဘူး၊

……………………………………………………………..

အမှန်အတိုင်းပြောရရင်တော့ တစ်ခါတလေ ကောင်းစေချင်လို့ ပေးမိတဲ့ အကြံက သူများတွေ အမြင်မှာ တော်တော် ပေါတဲ့ ကောင်လို့ ထင်ချင်လဲ ထင်တတ်ကြသေးတယ်လေ..

ဒါကြောင့်ပြောတာနေမှာပေါ့ “စေတနာ ဆိုတာ လူတိုင်းနဲ့ မတန်ဘူး” ဆိုတာ

အိန္ဒိယ ဆိုတဲ့ လက်ချမီး နိုင်ငံ က ဝက်သားဆိုတာ စားရခဲဗျ၊

ရှိတဲ့ ဝက်သားကလဲ မြန်မာပြည်လို မွေးမြူရေး ဝက်သား မဟုတ်တော့ မချက်တတ် ချက်တတ်နဲ့ ရောမွှေနယ်ပြီး ချက်၊(တိုင်တွေလဲ ပတ်)

ပြီးရင် ဒီ ဝက်သိုးဆော်က နံနေရော၊

ဒါနဲ့ တခါ “ဝက်သားဝယ်ချက်ကြမယ်ဟေ့” ဆိုပြီး အများစုပေါင်း လို့ ရှိတဲ့ ဝတ္ထုငွေလေး ရှိ စု မဲ့စု ကောက်ကာ ဝက်သားလေး တစ်ကီဂျီ ဝက်ချက်ကြတယ်၊

ဒါနဲ့ ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်ကြရော ဆိုပါတော့၊

“ဝက်သား ဆိုတာ ရွှေထက်ရှား” ဆိုတော့ သရေ တမျှမျှနဲ့

ဝိုင်းကြည့်ကာ နည်းအစုံစုံ အဖုံဖုံနဲ့ တစ်ယောက်တစ်ပေါက်ဝိုင်းပြီး ချက်ရမဲ့ ကျောင်းသားရဲ့ ဘေးမှာ ကြောင်တွေ အစာတောင်းနေတဲ့ ဟန်နဲ့ တစီစီ ဝိုင်းအော်ကာ ဆူညံကြပါလေကုန်ရော၊

(အဲ့နေ့ကတော့ ဝမ်းသာအားရနဲ့ စာတောင် မကျက်ဖြစ်ကြဘူး ထင်ပါတယ်)

ဒါနဲ့ ကျောင်းသား တစ်ယောက်က ထပြောတယ်၊

“ဝက်သားကို ဒီတိုင်းချက်ရင်တော့ နံနေတော့မှာကွ”

(ဟုတ်တော့လဲ ဟုတ်ပါတယ်လေ)

နောက်တစ်ယောက်

“ဟ ဗျစ် ဗျစ်နဲ့ မြည်အောင် နယ်လေဟာ”


Friday 21 December 2012

အာလူးမြစ်

 “ဆွမ်းဘုန်းပေးမယ် ဆွမ်းဘုန်းပေးမယ်”

ဆွမ်းချက်အလှည့်ကျ မိတ်ဆွေရဟန်းရဲ့ ဆွမ်းစားကြွရန် နိုးဆော်သံစူးစူး ကြောင့် တဖက်ခန်းက အိန္ဒိယကျောင်းသားတို့ကပင် ဖြတ်ခနဲ့ လှည့်ကြည့်ကြသည် ။

“ ဘာဟင်းချက်လဲ”

“ထုံးစံ အတိုင်း” သိလိုက်ပါပြီ အာလူး………

မဇ္ဈိမ ဒေသရဲ့ ရေခံမြေခံပဲ ကောင်းတာလား၊ စက်ပစ္စည်း ရုပ်ဝတ္ထုတို့ပင် ကောင်းတာလား မပြောတတ်၊

ပေါလိုက်တဲ့ အသီးအနှံ သီးလိုက်ရင်လည်း အမိမြေက အသီးအနှံတွေထက် ထွားကြိုင်းပေ၏၊ (ကောင်းပေစွ)

အိန္ဒိယ ရဲ့ အပေါဆုံး နဲ့ ဈေးအသက်သာဆုံး အသီ်းအနှံ ကတော့ အာလူး ပင်ဖြစ်၏၊

အာလူးတစ်လုံးတစ်လုံးရဲ့ စံချိန်မှီ အရွယ်အစားကလဲ နိပ်ပေစွ၊ “တစ်လုံးတစ်လုံး ဘူးသီးလုံးလောက်ရှိပေသည်”ဟု ဆိုရမလိုလို၊

အာလူး ၅ လုံးလောက်ဆိုရင် အဆောင်နေ မြန်မာ ကျောင်းသား ရဟန်းတော်များတို့ ဗီတာမင် အာဟာရ ကြွယ်ဝစွာဖြင့် ဘုဉ်းပေးရော့ပဲ………..

ထိုကြောင့် ကိုယ့်ထမင်းကိုစား၊

ကိုယ့်ဟင်းကိုချက်၊

ကိုယ့်စားမဲ့ဟာ ကိုယ့်ဟာကို ပိုက်ဆံထည့်၊

ကိုယ့်ဟာကို ဝယ်ရတဲ့၊

ရေခြားမြေခြားက အိန္ဒိယ ကျောင်းသား တစုစားဖို့ အာလူးဟာ ဈေးအတန်ဆုံးနဲ့ ဗိုက် အဝဆုံး အဖြစ် ဟင်းဝယ် အရှင်တို့ မျက်စိကျစရာ ဖြစ်သလို…

ချက်ရတဲ့ အရှင်ကလဲ ဝယ်ပေးတာ ချက်ရတာမို့ စားရတဲ့ အရှင်တွေလဲ ချက်ပေးတာ စားပေရော(သာဓု…သာဓု)…….

ဘာမဆိုင် ညာမဆိုင် အာလူးဆိုတဲ့ ကောင်နဲ့ (မှတ်ချက်၊ အာလူးသည် မြန်မာလိုလဲ အာလူး ကုလားလိုလဲ အာလူးဟုပင် စပီကင် တူစွာ ခေါ်ဆိုကြလေ၏) မျက်နှာချင်း ဆိုင်မိတိုင်း အငြိမ့်ထဲက နိုင်ငံကျော် ဟာသ လူရွှင်တော် ဒကာကြီးကိုတိမ်ညွန့်ရဲ့ အာလူးရောင်းနေတဲ့ ဟန်ကို လွမ်းမိသည်၊၊

“ အာ အာ အာ အာလူးဟာ တကယ်ကို ကောင်းတယ်၊ အာလူးကို ချက်လို့စားရင် တပြည်လုံးမှာ အားတွေ ရှိမယ်” ဆိုပဲ (ဆရာကြီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ ကမ္ဘာကျော် သီချင်းကြီး ဖြစ်ပေရာ၏။ အာဂပါပေ့းP)


ဒိုင်ယာရီ

၂၉.၂.၂၀၁၁
ဗာရာဏသီရဲ့ အာရုံကျောတွေကို ဆွဲဆန့်လို့ မနက်ခင်းတွေရဲ့ တရေးနိုးသံကို သူက အသံလွှင့်လိုက်သည်၊
"ဝါးးးးးးးးးးးးးးးးးးးးးးးးး"
သူ့ဘေးက အခန်းဖော် နီပေါကျောင်းသားလေးကတော့ အင်းအောင် အင်းအောင် ဘာတွေမှန်းတော့ မသိ၊ စာကျက်နေတာ ဟုတော့ သိသည် ၊(မေဂျာ မတူ၍ မသိ)
ဟုတ်တယ် သူရဲ့ အခန်းဖော်လေးကတော့ စာမေးပွဲ ရက်တွေ
လည်မျိုမြုပ်လာသည်နှင့် အမျှ သူအိပ်ချိန်တွေကို ဖဲ့ သုံးနေသည်ထင်၊သူနဲ့ တော့ ကွာပါ့ သူက တော့ အိပ်ချိန်တွေကို တိုးချဲ့လိုက်သည် စာမေးပွဲ နီးပြီလေ အားရှိရမယ် မဟုတ်လား))
(ဒီကောင် ခုတလော ငါထက် အိပ်ရာထ စောနေပါလား) ရဟန်းက သူဥာဉ် အတိုင်း မကောင်းတဲ့ ဘက်က ရွေးပြီး စဉ်းစားကာ ပေစောင်းပေစောင်းကြည့်ရင်း ဘေစင်တွေ ရှိရာသို့ ခြေလှမ်းတွေကို တာ စလွှတ်လိုက်၏၊
ခုတလော တက္ကသိုလ်မှာ စာမေးပွဲ ရက်တွေ နီးလာသည်နှင့် အမျှ ကျောင်းတက်ရက်တွေ စိပ်လာသည်၊
ငယ်ငယ်တုန်းက ပရိယတ္တိ ပညာရေးခန်းမတွေ အလယ်ကို သွားဖို့ ခြေလှမ်းတုံ့နေတတ်တဲ့ သူအတွက်တော့ တက္ကသိုလ် ဆိုတာကြီးက သူ့စိတ်ကို ဒီလိုပဲ တငင်ငင်ဆွဲခေါ်ရင်း တနှစ်ပင် ကုန်လု နီးခဲ့ ပါပကော…………………..
 
   "ဘန္တေဂျီး you sleep long time"
လှည့်ကြည့်လိုက်တော့ အခန်းဖော် နီပေါသား
(အင်း ခုတလော ဒီကောင် ငါ့ ကို ဆုံးမစကားတွေ ပြောတာ များပြီ)
ပြုံးပြလိုက်သည်၊
ညာဘက်လက် တဘက်က မျက်ချေးခွာပြီး အိပ်ချင်မူးတူး ဒယီးဒယိုင်လျှောက်လာတဲ့ သူ့ကို
ဂျာရူး ဆိုတဲ့ တံမြက်စည်း လှည်းသမားလေးက ထုံးစံအတိုင်း နှုက်ဆက်လေသည်
‘ဂုရုဂျီး နာမာစတေးးးးးးးးးးးးးးးး’
ဘာလဲဟ သူကလဲ ရောယောင်ပြီး ယဉ်ကျေးမှု ဆန်လိုက်သည်၊
ခေါင်းညိတ်လျှက်၊
‘နာမာစတေးးးး ဂျာရူး၊’
ပြောရင်း လက်တဖက်က ကပ်ပါလာတဲ့ မျက်ချေးကို အပြင်သို့ တောက်လွှတ်လိုက်သည်၊
(မျက်ချေးသည် မနေ့ကရဲ့ နောက်ဆုံး အတိတ်ဖြစ်သွားလေပြီ)
………………………………………………
သင်္ခန်းစာတွေ နဲ့ စာသင်ခန်းတွေကို ဖတ်ရတာ ညီးငွေ့ တဲ့ သူပီပီ
ခါတိုင်းနေ့တွေလိုပဲ စာသင် စားပွဲခုံတွေနဲ့ ဗာရာဏသီ ဘလက်ဘုတ်တွေအောက် အရောက်သွားဖို့
သူ့ခြေထောက်တွေကို အမိန့်ပေးနေရဆဲ….
ဒီနေ့ သင်မဲ့ သင်ခန်းစာက ဥပက ကြီးနဲ့ ဗုဒ္ဓ အရှင် တို့ရဲ့ တွေ့ဆုံခန်း………..
တွေ့ခဲ့ နေရာလေးက အန္တရာ စ ဂယံ ၊ အန္တရာ စ ဗောဓိံ တဲ့
ဘာမှ မဆိုင် ရောက်ဖူးခဲ့ ဖူးတဲ့ နေရာလေး တခုမို့ သူလွမ်းသွားသည်။
ခေါင်းတညိတ်ညိတ်နဲ့ လမ်းဖယ်ပေးခဲ့တဲ့ ဥပက ကြီးရဲ့ ဟန်
ငါ ဟာ ဇိန မည်တဲ့ဗုဒ္ဓပင် ဖြစ်လေတယ်လို့ ရဲရဲတောက် မိန့်ကြားနေတဲ့ ဗုဒ္ဓရဲ့ ဟန်
ဒါတွေကို သူက စာမျက်နှာတွေပေါ်မှာသာ ကောက်ခြစ်မိရင်း
' အ လိုက်ပါဘိ မောင်ရင်ဥ ရယ်' လို့ ခပ်ဖွဖွ ရေရွတ်မိသည်၊
သူ့ရဲ့ အချစ်ရဆုံး ဘော်ဘော်ကြီးတွေတော့ ကြားလို့ မဖြစ် ၊ ဒီ မတာ တွေကလွယ်တာမဟုတ်၊
တော်ကြာ “ မင်းစကားကလဲ တော်တော် ဖရု(fruit) လှပါလား” လို့ လာပြောနေမှ ဒုက္ခရယ်၊
……………………………………………………….
"ယနေ့ နံနက်
ငါ့အိမ်ပြတင်း၌ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းညိတ်ပြ
ထိုနောက်
ထွက်ခွါသွားလေသည်"
တဂိုး(ငှက်တေလေ)
………………………………………………………….

Thursday 20 December 2012

“ကျိန်စာအောက်က ကမ္ဘာမကြေ ”



သူလို ကိုယ်လို အကြောင်းတစ်ခု ပြောပြီး
သီချင်းဖြစ်သွားတဲ့ စာသား
ကမ္ဘာမကြေ သီချင်းအောက်မှာ စုစည်းမိကြ
ခေါင်းပေါင်းများဟာ “တစ်နိုင်ငံထဲထုတ် ရက်ထည်များပါ”တဲ့
ကြာရှည်လိုတဲ့ စီမံကိန်းတွေ ပျိုးချရင်း
ငါတို့ရဲ့ အတိတ်တွေ မှားလာ….
“သံသရာရှိသရွှေ့တော့ ဒီလိုလေးပဲ ကောင်းပါသတဲ့”
ဘေးအိမ်တွေက အော်တယ်၊
ကမ္ဘာကြီးက ဆူတယ်၊
ဒီလိုနဲ့ ငါတို့ရဲ့ နွေးထွေးမှု အသိုက်အဝန်းလေးဟာ
ပူနွေးလာ
ကဲ “ ရိုဟင်ဂျာ” တဲ့ အပြစ်အနာတွေနဲ့ လက်ခံခဲ့ရခြင်းဟာ
သမိုင်းကပေးတဲ့ ဆိုးမွေများ
ဧရာဝတီ ရှိတယ်
ငါတို့တွေ ငါးဖမ်းခွင့်မရှိ၊
သံလွင်ရေ ရှိတယ်
ငါတို့တွေ ရေချိုးခွင့် မရှိ၊
ကဲ မြစ်ကြီးလေးစင်းနဲ့ ငါတို့ရဲ့ အမိမြေ
ကြိမ်စာတွေ ဒရဟောသင့်……

Tuesday 18 December 2012

ရော်ရွက်များနဲ့.....

“ ဘာလိုလိုနဲ့ အသက်တွေ ကြီးလာကြ ပြီ ” လို့

မိတ်ဆွေတွေနဲ့ ပြောရင်းက ကျောင်းသားတစ်ယောက်က ထပြောတဲ့ ဘုရားဂေါပက ကြီးရဲ့အဖြစ်ပျက်ကြောင့် ရယ်ရသေးတယ်၊

“ ဒီလို ဂေါပက မျိုးဆိုရင်တော့ တော်တော် ဂွကျမှာပဲ ” တဲ့


တစ်ယောက်က ရေရွတ်တယ်………………..

ဟုတ်ပါ့………………..

……………………………………………………….

ဘုရားဂေါပက ကြီး တစ်ယောက် တဲ့၊

ဘုရားဆင်းတုတော်လေး ကို ရပ်ကွက်ထဲ အပူဇော်ခံဖို့ ပွေ့အယူမှာ

ပုဆိုးစ က လက်နဲ့ ငြိပါပြီး အောက်စလွတ်သလို ဖြစ်သွားသတဲ့၊

ဒါကို ဂေါပက ကြီးက မသိရှာဘူး၊

ရပ်ကွက်ထဲ ဘုရားဆင်းတုတော်လေး ပင့်ပြီ အပူဇော်ခံဖို့ အားလုံးရဲ့ ရှေ့ဆုံးက မော့မော့

မော့မော့နဲ့ အသွား၊

ကောင်မလေးတွေက သူ့ကို ကြည့်ပြီး တခိခိနဲ့ ရယ်ကြပါလေရော၊

ဒါကို ဂေါပက ကြီးက ဘာမှမသိဘဲ လှမ်းငေါက်လိုက်ပါတယ်၊

“ ဟဲ့………. ဟဲ့ ကလေးမလေး တွေ ဘာရယ်နေတာလဲ ၊

ကြည်ညိုကြလေ ကြည်ညိုကြ ” တဲ့

း) တော်တော်နောက်တဲ့ ဂေါပက 

Saturday 15 December 2012

သံသရာကြားက together ခရီးဖော်များသို့

 *အနော်မာ ကမ်းမှာတော့
ယသော်ဓရာ လွမ်းကျန်ခဲ့မယ်
*ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့

ကဏ္ဍက ဖွားဖက်တော်ရယ်။
*ချစ်တာ သိပေမဲ့
သစ္စာရှိရာ ရှေ့လမ်းပေမို့
မေ့စတမ်းကွယ် တာရှည်ကြည့်
ပါရမီဖြည့် ကျန်ပါကွယ်
သံသရာနယ်က ရုန်းလို့ အထွက်
*ကြာချည်လှပ် လွမ်းတုန်းမှာပဲ
ယာယီဇာတ် တခန်းဆုံးပြီးပေါ့
ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
စည်းခြားကျန် မျှော်…. မျှော်….ကာနဲ့
ယသော်ဓရာ တစ်သက်လွမ်းစေမယ့်
အနော်မာ တဖက်ကမ်းကို
(ကဏ္ဍကရယ်………)
လှမ်းတော့ သွက်သွက်……………….
မောင်စိန်ဝင်း(ပုတီးကုန်း)
…………………………………………………………………………..
အနုပညာရဲ့ လှုပ်နှိုးကြွပုံက အလောင်းတော်ရဲ့ စိတ်နှလုံးကို ကြည်ညိုလေးစားမှု ပိုဖြစ်စေ၏၊

တန်ဆောင်မုန်းနှင့် တစ်ထောင့်နှစ်ရာ…….


 သူ ငယ်ငယ် ရွာမှာ ကိုကျော်တင့် ဆိုတဲ့ ဘုန်းကြီးကျောင်း ကပ္ပိယကြီး တယောက်ရှိပါတယ်၊
တနေ့တော့ ရွာထဲက မင်္ဂလာဆောင်တခုမှာ ဘုန်းကြီးက ရှေဆုံးကနေ တရားထောက်နေတဲ့ ကိုကျော်တင့်ကြီးကို မေးပါတယ်၊
“ဒကာကျော်တင့် ခင်ဗျားက ဘုန်းကြီးရဲ့ ကပ္ပိယကြီး ဆိုတော့ဗျာ လင့်ကျင့်ဝတ်တရားငါးပါးတော့ သိမှာပေါ့”
“သိပါတယ်ဘုရား”
“ပြောစမ်းပါအုံးဗျ”
“ဘုရား တရား သံဃာ မိဘ ဆရာ ပါဘုရား”
“တိန်”
…………………………………………..
ဒီနေ့ ‘ ၉ရက် ၁၀လ ၂၀၁၂ ခုနှစ်မှာ’ ရွှေနိုင်ငံ သာသနာရေးကနေ အိန္ဒိယ သံရုံးမှ တဆင့် ကထိန် အတွက် ဆိုပြီး အိန္ဒိယ ကျောင်းသား သံဃာတော်တွေ အတွက် ဝတ္ထုငွေ တစ်ပါးကို ရူပီး တစ်ထောင့်နှစ်ရာဆီ အလှုခံရရှိပါတယ်၊ ဝါတစ်ဝါကျွတ်လို့ ပဝါရဏာကနေ ထွက်မြောက်ပြီးစ သံဃာတော်တွေ ဖို့ ဘယ်သွားသွား လွတ်လပ်စွာ သွားခွင့်ရပေတော့မည်၊
“ဝါဆိုခြင်း” ဆိုတဲ့ ပညတ်တော် မရှိစဉ်အခါက

mosquito


အခန်းတံခါးကို တွန်းအဖွင့်မှာ လက်နောက်ပြစ် ဝင်သွားတဲ့ ခြင်တစ်ကောင်ကို လှမ်းတွေ့လိုက်တယ်။
ဒီကောင်တွေက “ အလှုခံခြင်း သည်းခံပါ”တောင်လုပ်လို့ရတဲ့ ကောင်တွေ ဟုတ်ဘူးရယ်…
ခုပဲကြည့် တစာစာအော်ပြီး အစာတောင်းနေပုံများ ငါ့ကို တူရို့ အမေလင်များ မှတ်နေကြလား မသိ၊
ချွတ်ခြုံကျ ညမှာ ရောဂါဘယတွေ အလကားယူပေးနေတဲ့ အနန္တ သတ္တဝါ တစ်ကောင်
အံကြိတ် ခံပိတ် ရိုက်ချင်ပေမဲ့ တရားမှာရှိတယ် ‘ ပါဏာတိပါတ’ တဲ့လေ
ညလှလှလေးနဲ့ ချုပ်စပ်သီကုံးထားတဲ့ သံခေါင်ယမ်ကို ဖြတ်စီးဖို့ အဝေးဆီက ဗျောက်သံတွေကြားရဲ့၊
တကယ်တော့ mosquito ဆိုတဲ့ ကောင်တွေက movie ထဲက သရဲတွေလိုပဲ နေ့လည် နေ့ခင်းဆို သူတို့ပဲ မဟုတ်လေသလား မှောင်ရိပ်ခိုပြီး တောတိုးငြိမ်သက်နေကြပုံများ စတုတ္ထဈာန် ရပြီးသား သူတွေ အလား။

တူမျှစိတ်

 သူ့အဖြစ်က ဒီလိုရယ်ပါ ကမ္ဘာမှာ အဆိုးသွမ်းဆုံး ဖြစ်ချင်လည်း ဖြစ်လိမ့်မည်၊
ဒါနဲ့ပဲ မိတ်ဆွေတွေ အများပြားကို သူဆုံးရှုံးရသည့် အဖြစ်နဲ့ ကြုံရချေသည်၊
တချို့လူတွေက ထင်ချင်လည်းထင်လိမ့်မည်၊ “ မာနက ကြီးထှာ” လို့

သို့သော် ထိုသို့ မဟုတ် ၊ ဒါသည်ပင် သူ့ရဲ့ စရိုက် တခုလိုဖြစ်နေချေပြီ၊
သူ မှတ်မိနေဆဲပါပဲ ၊ ဟော့ဒီရင်ဘတ်ကြီးထဲ နောင်တတွေ အသင်္ချေမက ထည့်သို မြုပ်နှံ ထားခဲ့လေရဲ့လေ………………..
တခါတလေ သူက ဘယ်သူ့ကို မှ စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် နေမိသည်၊
စာအုပ် ဖတ်နေတဲ့ အချိန်တို့ တခုခုကို ဈာန်ဝင်နေတဲ့ အချိန်တို့ဆို ပိုဆိုးသည်၊

Wednesday 12 December 2012

နီယွန်ညနေခင်းများ……


 သူနေတဲ့ ဗာရာဏသီ မြို့လေးကို အိန္ဒိယရဲ့ မန္တလေး မြို့အဖြစ် သူက ရွံ့ရွံ့ ချွန်ချွန် တင်စားလိုက်သည်၊

ကြည်စမ်း………….

နေဝင်ရီ တရောရဲ့ ဂီတ ညတွေထဲ စက်ဘီး စီးလာတဲ့ မန္တလာသူ မဟုတ်တဲ့ အိန္ဒိယာန်းလှပျိုဖြူ တချို့

သူ့ကို ဘာမှတ်နေလဲ မသိ သင်္ကန်းတကားကား နှင့် ထေရဝါဒ ဘန္တေကြီး တစ်ပါးကို သူတို့ အမြင်မှာ တခြား ကမ္ဘာက ဂြိုလ်သားတွေနဲ့များ အမြင်မှားနေကြလား မသိ ပြုံးစိစိ လုပ်ပြီး သူ့ကို ကြည့်သွားကြသေး၏၊

ညနေခင်း ဆည်းဆာရဲ့ ရှက်နိုးဟန်နဲ့ ကောင်းကင်ကြားက သူ့ကို လှမ်းကြည့်နေတဲ့ ကဗျာတပုဒ်

ဒါကိုပဲ လူတွေက လမင်း ဟုခေါ်ဆိုကြလေသည်မဟုတ်လား၊

ရဟန်းရဲ့ ပညာတော်သင် လမ်းခရီး က ဖဲကတ္တီပါ လွှမ်းတဲ့ နွေးအိအိ ပါးပြင်တွေပေါ်ကို သမာရိုးကျအတိုင်း လျှောက်လှမ်းခဲ့ရသည်တော့မဟုတ်၊

“အေး မင်း ၂၆ ရက် နေ့မှ မရောက်ရင် ဒီကို မလာနဲ့တော့” 

Tuesday 11 December 2012

ဒိုင်ယာရီ



၁၁.၁၂.၂၀၁၂
မနက် နေ့ ည
သိပ်မလှတဲ့ အက္ခရာလေးနဲ့ ငါ
မနက်ခင်းတွေကို ကိုက်ဖဲ့ဝါး ဟင်းချက် ထမင်းချက် ဇာတ်မျောလေးကို ခပ်ငံငံလေး ခံစားမိရဲ့၊
ဒီလိုနဲ့ ဘာမှန်းမသိ နေ့လည်ရောက် ထမင်းစိတွေ ဗိုက်ထဲကို သိပ်ထည့် ပြီးတော့ မျက်လုံးမှိတ် ပတ်လတ်လှန်
ဟော အိပ်ပီဆိုပဲ ကောင်းလိုက်တဲ့ ဘဝ ဒါနဲ့ နိုးရင်တော့ ကဗျာတပုဒ်ရေးမယ်ပေါ့လေ
စိတ်ကူး ချိုချိုလေး လောင်းထည့် မသိမသာ ပြုံးလိုက်တဲ့ အပြုံးမှာ စဉ်းစားထားတာလေးတွေ ပါသွားပြန်တယ်၊
ဒီလိုနဲ့ အစကနေ အစကို ပြန်ရောက် ဂျာအေးရဲ့ နာရင်းရိုက်ခြင်းကို ခံရပြန်ပါသတဲ့
ခက်ပါလေကွယ် ဆောင်းမှန်လာရင် ရေချိုးခြင်းတွေကို ငတ်လာတယ် နှာစီးမလား ဖျားနေမလား သံသယတွေနဲ့ ကြိုးခုန်ကစားရင်း ပုံမှန်ပဲ ပြန်လည်ပတ်လာပြန်တယ်
ရေချိုးမယ် နှလုံးသားကို သံန္ဒိဋ္ဌာန်တွေ ကပ်သပ်ချုပ်ရင်း ချွေးတစက်စ နှစ်စက်စ ထုတ်ဖို့ ကိုးနဝင်းကို ခြေလျှင် သူ ကြွတော် မူခဲ့ ဘယ်သူမှမရှိ အခန်းကို ပိတ်ထားတဲ့ တခါးတွေနဲ့ နို့တိုက်နေတဲ့ ခွေးမတကောင်ပဲ ရှိ ဒါပေမဲ့ ရပါတယ် လေ ငါက ခေသူမှ မဟုတ်လေလဲ အိမ်ဘေးက လမ်းကျဉ်းလေးပေါ် အပါတ် ၁၀ ခါ တိတိ ပတ်ပြေးပလိုက်တယ် (ကိုင်းဘာမှတ်နေလဲ)
…………………………………………………………………………………