သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 December 2012

ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၅)

ဂိဇ္ဈကုတ် တောင်ခြေကို ရောက်တော့ နေရဲ့ ပူရှိန်ဒေါသ က တော်တော် ပြင်းထန်နေပေပြီ၊
(နေဆွမ်းကလည်း ငတ်တော့မည်၊ :P )
ဘာပဲ ပြောပြော ဂိဇ္ဈကုတ်ဆိုတာ ဒီနိုင်ငံ မှာတင် မက အမိ ရွှေပြည်ကြီးမှာလည်း အတော် နာမည်ကြီးသော တောင်တစ်တောင်ပေပဲ မဟုတ်လေလား၊
ပင်ပန်းမှုတွေ ခဏဖယ်ထားပြီး တောင်ခြေအရောက် ခဏနားကာ ဆက်တက်ဖြစ်ကြသည်၊
ခြေလျှင်တော့ မဟုတ် စက်တီး ထိုင်ခုံ လှေကားများဖြင့် တက်ကြခြင်း ဖြစ်သည်၊၊
ပြောလို့သာ ပြောတာ ခက်လန့်လန့်ပါ ၊ တခါမှ မှ စီးဖူးပဲ ၊ (ဟင်းး ဟင်းးး တောသား ကိုယ်တော်)
ခြေလျှင်သာ ဆို တော်တော် တက်ရမည် ဖြစ်သော်လည်း သူကတော့ မပြုတ်ကျဖို့ အရေး ထိုင်ခုံကြီး အသေဖက်ကာ ရင်တထိတ်ထိတ်နှင့်ပင် ၁၀ မိနစ်လောက် အတွင်း တောင်ထိပ်ဆုံးသို့ အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့သည်၊ ဒီကြားထဲ ကုလားက…….
“ တခုမှ တဆယ်ထဲ ၊ ဆီးချို ပျောက်တယ် ဆီးချိုပျောက်တယ်” လို့
နားနားကပ်ပြီး မြန်မာ လို့ ပီပီသသ ကြီး အော်လိုက်တဲ့ အသံကြောင့်
“ ဟဲ့ ပလုတ်တုတ်” ဆိုပြီး လန့်သွားရသေးသည်၊
ကုလားက သူ့မျက်နှာကြီး ကြည့်ပြီး
“ဟီးးးးး ယူဦးမလား ဘန္တေဂျီး”
သွားကြီး ဖြီးလျှက်……..
လက်ထဲက ဆေးအိပ်ထုတ်လေးကို မြှောက်ပြသည်၊
“ယူပါဘူး”
ရွှေလူမျိုးတွေ ဘယ်လောက်တောင် လမ်းသလားထားတဲ့ နယ်မြေလဲ ဆိုတာတော့ မေးစရာတောင် မလိုတော့၊
ဒီလိုနဲ့ သူက ရှေ့ဆက် ခရီးဆက်လာခဲ့သည် ၊
……………………………………………………………………………………..
ဘာပဲ ပြောပြော တောင်ထိပ် ရောက်တာနဲ့ သစ်ပင်ရိပ် ဝါးပင်ရိပ်တွေကြား ဂျပန်ရဟန်းတော်ကြီး ဖူဂျီ တည်ထားတော် မူခဲ့တဲ့ ငြိမ်းချမ်းရေး စေတီတော်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေရသည်၊ ကျောက်ဖြူတွေနဲ့ချည်းပဲ တည်ထားတော် မူခဲ့ခြင်း ဖြစ်ပေသည်တဲ့၊ အထဲမှာ ဥာဏ်တော် မြင့် ဘုရားပုံတော် တခုကို ထုလုပ်ထားသည်၊ ဘာပဲ ပြောပြော နေပူရှိန်နဲ့ ခြေဖဝါးတွေ သိပ် အစပ်မတည့်လှခြင်းကြောင့် ဘုရားပေါ် တက်မဲ့ အစီစဉ်ကို သူက စိတ်မကောင်းစွာ ဖျက်လိုက်ရသည်၊
ဒီကြားတဲ့ “ကိုယ်တော် ကိုယ်တော့ အမျိုးတွေနဲ့ တွေ့သေးလား” ဆိုပြီး ခါးတို့ မေးလိုက်တဲ့ မိတ်ဆွေကြောင့် သူပြုံးမိသည်၊ ဟုတ်သည်လေပဲ ……….



ဘုရားရှင် လက်ထပ်တော် အခါက အရှင်မောဂ္ဂလာန် ကိုယ်တော်ကြီး ဂိဇ္ဈကုတ်တောင်ခြေက ပြိတ္တာတွေ အကြောင်း သူ့ တန်ခိုးနဲ့ မြင်တော်မူတော့
ရဟန်းတော်တွေကို ပြန်ပြန်ပြောပြလေတိုင်း ရဟန်းတော်တွေက
“ငါ့ရှင် ဟာသ တွေ သိပ်မပြောစမ်းပါနဲ့ကွာ” တဲ့ မယုံကြ
ဒါကို မြတ်စွာဘုရားကို လျှောက်တော့ ‘ ရဟန်းတို့ မောဂ္ဂလာန်ပြောတာ အမှန်ပင် ဖြစ်၏’ ဆိုပြီး
ပြိတ္တာ ဝတ္ထုတွေ အများပြား ဟောကြားတော် မူခဲ့ပါတယ်၊
သူလည်း သံသရာထဲက သာမာန် ပုထုဇဉ်လေး တယောက်မို့ ဘာပြောကောင်းမလဲ…….
ဒီတခါ ရောက်လာခြင်းသည် ဘယ်နှခေါက် မြောက်လဲဆိုတာ သူ မသိ၊
ဘာပဲ ပြောပြောသူကတော့ သံသရာ အဆက်ဆက်က ပါတ်သတ်ခဲ့ဘူးလို့ ဒီလို ပြန်ဆုံကြတာလို့ တောင်တော်ကြီးကို ကြည့်ပြီး လွမ်းမိသည်၊
မိုး အကုန် ဆောင်းလေ အဝှေ့ကြား သစ်ပင် များနဲ့ အုပ်ဆိုင်းဆိုင်း ပေါ်လေးက လှမ်းကြည့်လိုက်ရင် ဗုဒ္ဓသီတင်းသုံးတော် မူခဲ့သည် ဆိုသည့် နေရာလေးကို သူက လှမ်းတွေ့နေရသည်၊
တောင်ပေါ် ငြိမ်းချမ်းရေး စေတီတော်ကြီးရဲ့ ညာဘက်မှာ ဂျပန်ဗုဒ္ဓဘာသာ ကျောင်းတော်လေး တကျောင်း တည်ထားတာ တွေ့ရသည်၊ လေ့လာရေး သဘောမျိုးနဲ့ ကျောင်းလေးထဲ ဝင်မိတော့ မဟာယာန အိန္ဒိယ ဗုဒ္ဓဘာသာ ဝင်လေးတွေ ဘုရားဝတ်ပြုနေတာ တွေ့ရသည် ၊ ဘုရားစင်ရှေ့က အိုးစည်ကြီးကို တဒူဒူ တီးလို့ ၊ ဘုရားကိုတော့ မကန်တော့မိ၊ ဘုရားထက် ဘိုးတော်ရုပ်တွေ နတ်နဂါးရုပ်တွေက ပိုများနေသည်ဟု ထင်သည်၊
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပေကိုးး ထားလိုက်တော့………………
ဘာမဆိုင် ညာမဆိုင် ဂျပန် ဗုဒ္ဓဘာသာ တွေကိုမြင်တော့ ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ ဇင်ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ မှတ်သားဖွယ်ရာ အယူဆလေးတွေနဲ့ ပုံပြင်လေး တချို့ကို သူက အမှတ်ရမိသည်၊
………………………………………………………………………………………………………………..
တခါက လေအဝှေ့မှာ လှုပ်ရမ်း နေတဲ့ အလံငယ်လေးကို ကြည့်ပြီး လူနှစ်ယောက်က ငြင်းခုံကြပါသတဲ့
တယောက်က
“အလံက အဝတ်စလေးက လှုပ်နေတယ်”
နောက်တယောက်က
“အဝတ်စက လှုပ်နေတာ မဟုတ်ပါဘူးဟ၊ လေက လှုပ်နေတာ”
နောက်တော့ သူတို့ နှစ်ယောက်ကို အဆုံးဖြတ်ပေးဖို့ တရားဓမ္မအားထုတ်နေတဲ့ ဆရာကို သွားမေးကြပါတယ်၊
ဆရာက
“အဝတ်က လှုပ်တာလဲ မဟုတ်ဘူး၊ လေက လှုပ်တာလဲ မဟုတ်ဘူး၊
စိတ်က လှုပ်နေတာ”
တခါတလေမှာ သူလည်း ပုထုဇဉ်ပီပီ လေက လှုပ်သလား အဝတ်က လှုပ်လေသလား ဝေခွဲမရအောင် လှုပ်ခဲ့ဘူးတဲ့ အချိန်တွေ ရှိခဲ့ဖူးသည်၊
ထိုအချိန်တွေမှာ သတိရမိသည်က……..
“အော် ငါ စိတ်က လှုပ်နေသည်ပဲ”
ဂိဇ္ဈကုတ် တောင်ပေါ်ကြီးကနေ ပြန်ဆင်းတော့လဲ စက်တီးထိုင်ခုံကြီးကိုပင် ကုတ်ဖက်ပြီး ပြန်ဆင်းလာခဲ့မိသည်၊
သံသရာ အဆက်ဆက်က အမျိုးတွေကို ရင်ထဲကနေ တိတ်တိတ်ကလေး လက်ပြ နှုတ်ဆက်မိသည်၊
‘သွားပေဦးတော့မည် ဆွေတော် မျိုးတော်တို့ နောက်ကြုံလဲ လာလည်ပေဦးမည် ထမင်းကျွေးစရာ မလို’
အရှင်သာရိပုတြာလို ပုဂ္ဂိုလ်မြတ်ကြီးတောင် ဒီတောင်ခြေရင်းမှာပဲ ဘဝဟောင်းက မိခင် ပြိတ္တာမကြီးကို ချေချွတ်ခဲ့ရလေသည် မဟုတ်လား၊
ဘဝတလျှောက်လုံး ပြုခဲ့တဲ့ တွေးမိသမျှ ကုသိုလ်ကောင်းမှုတွေ အားလုံးကို ဘုရားရှေ့မှာ စုပုံပြီး ကျွတ်ထိုက်တဲ့ သူရှိက ကျွတ်စေတော့ ဆိုပြီး မေတ္တာပို့ အမျှ ပေးဝေခဲ့သည်၊
သူလုပ်နိုင်သလောက်လေးပါပဲ၊ သူ့ကိုယ်သူလဲ အကြိမ်ကြိမ်ပြန်ကြည့်ပြီး ပြောမိသည်က၊
“ဒီဘဝမှ လွတ်အောင် ရုန်းပေတော့ ကိုယ့်လူရေ၊ မရုန်းနိုင်သေးရင်တော့ သံသရာတကွေ့မှာ ဂိဇ္ဈတ်ကုတ်နဲ့ ပြန်ဆုံကြသေးတာပေါ့ ဗျာာာာာာ”

No comments:

Post a Comment