သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 29 December 2012

ကျက်သရေ တက်နေ သို့ ဖြာစေ………

ဇာတ်တော်တွေ လိုက်ဖတ်ဖြစ်တော့ ကြံကြံဖန်ဖန် ကျောင်းဒကာကြီး အနာထပိဏ် ဆီမှာ ကျက်သရေ လာတောင်း တဲ့ ပုဏ္ဏား တစ်ယောက်ကို သွားဖတ်မိလေရဲ့၊

ဘယ်နှယ့် တောင်းစရာ ရှားလို့ ကျက်သရေ လာတောင်းရတယ်လို့၊

(သူသာ သူဋ္ဌေးကြီး နေရာမှာ ဆို မျက်စောင်း တစ်ဖက်ကို စွေ့နေအောင် ချိတ် ၊

လက်ညှိုးငေါက်ငေါက် ထိုးပြီး ‘ငါ’ ကလော် တုတ်မိမှာပဲ၊)

“ဟဲ့ ဘာတွေ လာပြောနေတာလဲ ရူးနေလား

ကျက်သရေ သူတောင်းစား” ( အဲ…..အဲ)

“ကျက်သူတောင်းစား” (ဟင်.. ဒါလည်း လှသေးပါဘူး)

အမ်……… ဘယ်လို စခေါ်ပြီး ကလော် ရပါ့နော်၊

(တော်ကြာ……. ကိုယ်က ကလော် မလို့ စဉ်းစားနေတုန်း၊ ပုဏ္ဏား က သူ့ကို မျက်နှာငယ်လေးနဲ့မော့ကြည့်၊ ပြီး....... သူလိုချင်တာ မရမဲ့ အတူတူ လက်လျှော့သွားတဲ့ ပုစံနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဒီလို ထပြောလိုက်မှ ဒုက္ခ၊)

“နေပါစေတော့ ဆရာရယ်၊ ဆရာက ကျက်သရေမှ မရှိဘဲလေ”

“အဲ”

…………………………………………………………………………

ရဟန်းမှာ သူငယ်ချင်း တစ်ပါးရှိပါတယ်၊

အကိုတစ်ယောက်လိုရော သူငယ်ချင်း တစ်ယောက်လိုပါ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ၊

ရဟန်းက တခါတလေမှာ ကိုယ့်ကိုယ်ရေးကိုယ်တာ မဟုတ်တာတွေ သူ့ကို တဟားဟား ကြွားပြီး ပြောပြတတ်ရင် သူက ရဟန်းကို ပြောလေ့ရှိတဲ့ စကားက…..

“မင်းတော်တော် ကျက်သရေ မရှိတဲ့ကောင်”

ပြောရင်း သူက ရယ်လျှက်……..

စာသင်တိုက်တွေရဲ့ ‘ ကောင်းဆိုး မဟူ အတူတူ ’

စည်းမျဉ်းတွေ အရ ‘ဆွမ်း’ ဆိုရင်လဲ ပေါင်းစားရသည်၊

‘စာ’ ဆိုရင်လဲ ပေါင်းကျက်ရသည်၊

‘သန့်ရှင်းရေး’ ဆိုရင်လဲ ပေါင်းလုပ်ရသည်၊

‘ရေ’ ဆိုရင်လဲ ပေါင်းချိုးရသည်၊

တစ်ခါတလေ ဧည့်သည် လာတဲ့ နေ့များ ဆိုရင် စာသင်သား ဆိုတဲ့ အတိုင်း ကိုယ်ပိုင် ဖျာလေး တစ်ချပ် ခေါင်းအုံးလေး တစ်လုံး နေပူပူ မိုးရွာရွာ ခြုံစရာ ဆောင်လေး တစ်ထည်မှ လွဲ၍ အပိုမရှိတတ်သော စာသင်းသားတို့ အဖို့ ကိုယ့်ရှိတဲ့ ဆောင်လေး ခေါင်းအုံးလေး ဖျာလေးကို ဧည့်သည်ကို ကျကျ နန ခင်းပေးလို့ ကိုယ်ကတော့ ဖြစ်သလို သူများခြင်ထောင်ထဲမှာ ပေါင်းအိပ်ရသည့် ရက်များလဲ ရှိ၏၊

ဒါသည်ပင် မိသားစု စိတ်ဓာတ် မွေးမြူပေးခြင်း ဖြစ်သည်ဟု အစဉ်အဆက် ဆရာတော်များက မိန့်တော်မူခဲ့ကြလေ၏၊




သူနဲ့ ရဟန်းနဲ့ကတော့ ထို့ထက်ပါမက အခြေနေ အရ ဆွမ်းခံအိမ်ပါ ပေါင်းကြွကြသည်၊

ရန်ကုန်က ဆွမ်းခံ အိမ်တွေ ဆိုတော့ သိတဲ့အတိုင်း စာသင်သား ချစ်သော အိမ်တွေ များသည်၊

များသော အားဖြင့်တော့ လေကျော ရှည်တဲ့ ရဟန်း နှစ်ပါးနဲ့ ဆွမ်းခံ အိမ်တွေနဲ့က အပေါက်အလမ်း တည့်ကြသည်၊

ကိုယ်က လဲ ကိုယ့် ဆွမ်းခံ အိမ်တွေဆို မိသားစု စိတ်ဓာတ်ထားပြီး ဆက်ဆံသလို၊

သူတို့ကလဲ ကိုယ့်ကို သူတို့ရဲ့ သားသမီးတယောက်လိုများ သံယောဇဉ်တွေ ထားပြီး သဘောထားခဲ့ ကြလေပြီထင့်၊

တခါတလေ ကျောင်းမှာ ဆွမ်းကပ်ရှိလို့ မကြွနိုင်ပဲ မေ့ပြီးတော့များ တစ်ရက်တလေ မပြောပဲ ထားကြည့်၊

နောက်ရက်တွေမှာ ရဟန်းက တစ်အိမ်တစ်အိမ် ဆင်း ဆွမ်းခံ အိမ်တွေရဲ့ ဆုံးမ သြဝါဒကို ခံယူရလေတော့၏၊

“ ဦးဇင်း မနေ့က ဘာလို့ ဆွမ်းခံ မကြွတာလဲ”

ထိုသို့ဖြင့် အစချီလေကာ………….

“ဦးဇင်း နေမကောင်းဘူး မှတ်လို့” (စိုးရိမ်သံများ)

“ဆွမ်းကပ်ရှိလို့လား ဦးဇင်း” (စပ်စုသံများ)

“ထင်တော့ထင်သား မနေ့က ပြဿဒါးရက်မို့ ဦးဇင်း မကြွတာလား” (ဘာမှ မဆိုင်)

ဒီလောက် ရင်းနှီးကျွမ်းဝင် တဲ့ အိမ်တွေ ပျော်ပျော် နေတတ်တဲ့ စာသင်သား ရဟန်းနှစ်ပါးနဲ့ ဓာတ်မကျပဲ ဘယ် နေတော့အံ့………………

(သူတို့ကလဲ သူတို့ပင်)

တခါ ရဟန်းက ကျောင်းဝေယျာဝစ္စတွေ မပြတ်သေးလို့ ဆွမ်းခံနောက်ကျမှ ကြွဖြစ်သည်၊

ဒါကို့ သူ့သူငယ်ချင်းက အခွင့်ရေး ကောင်းကောင်း ယူထားသည်၊

“ ဟင် ဦးဇင်း နေမကောင်းဘူး ဆို”

ဒကာမကြီးက ဆွမ်းဇလုံတွေ သိမ်းနေရင်း တန်းလန်းဖြင့်…………..

“ အဲ………. ဘယ်သူပြောတုန်း”

ရဟန်းက ယောင်နန ခေါင်းငဲ့ပြီးမေးမိသည်၊

“ သိဘူးလေ .. ဟိုဦးဇင်းပြောတာပဲ”

သိလိုက်ပြီ ၊ “ဟင်း..ဟင်း သင်းတော့လား”

စိတ်ထဲက ကြိမ်းဝါးမိသည်၊

နောက်နေ့မှာ သူ့ကို ဒကာမကြီးက

“ ဦးဇင်း ဘုန်းကြီးလုပ်နေပြီး ဘာလို့ လိမ်ပြောတာလဲ မနေ့က ပြောတော့ ဟိုဦးဇင်း နေမကောင်းဘူး ဆို”

သူ့ဖြေရှင်းချက်ကလဲ ကြည့်ပါဦး ရိုက်ချင်စရာ ကောင်းပါဘိ

“ အာ ဒကာမကြီးက သေချာမှ နားထောင်ပဲ ဦးဇင်းပြောတာက သူနေမကောင်းဘူးပဲ ပြောတာ ဘယ်နေ့ရယ်လို့မှ မပါတာ”

“အဲ”

ဒကာမကြီးကလဲ ယောင်နန ဖြင့် ခေါင်းကုတ်ပြီး စဉ်းစားသလို လုပ်ပြီးမှ၊

“ဦးဇင်း တို့ကတော့လေ”

ရယ်လျှက်၊

ဆွမ်းခံ အိမ်က ဘာရရ ဆွမ်းစားကျောင်းမှာ ပေါင်းပြီး တတိုက်လုံး အတူတူ စားရတဲ့ ဓလေ့အရ၊

သူရလျှင် ငါစား၊

ငါရလျှင် သူစား၊ ဘယ်သူရရ ညီတူ မျှတူ ခွဲဝေဘုန်းပေးကြရလေသည် ၊

ဒါသည်ပင်လျှင် သူနေဘူးသော စာသင်တိုက်ကြီးတွေရဲ့ မိသားစု စိတ်ဓာတ်ဖြစ်၏၊

တခါတော့ ဆွမ်းခံ အိမ်ကို ရဟန်းက အရင် ရောက်ဖြစ်သွားသည်၊

“ ဦးဇင်း ဒါလေး လှုလိုက်ချင်လို့ ဘုရား”

ကြည့်လိုက်တော့ ငှက်ပျောသီး ဖီးကြမ်းကြီး တစ်ဖီး၊

ဒါကြီးသာ တလမ်းလုံးသယ်သွားရရင်၊ အကြံတခု ဖြတ်ခနဲ ရလိုက်သည်၊

“ အင်း ဒကာမကြီး ဟိုဦးဇင်းကို လှုလိုက်လေ”

ဒကာမကြီးက တစ်ခုခု မေးမလို လုပ်ပြီးမှ ..

“ အော်……….. တင်ပါ ဘုရား”

ကျောင်းရောက်တော့ သူငယ်ချင်းက ရဟန်းကို သူပြောနေကျ စကားနဲ့ ပယ်ပယ်နှယ်နှယ် ပစ်ပေါက်လေတော့၏၊

“ မင်းတော်တော် ကျက်သရေ မရှိတဲ့ကောင်”

ရဟန်းက တဟားဟားဖြင့် ရယ်နေသည်ကိုပင် သူက ကြည့်မရတဲ့ ဟန်နဲ့ ပြုံးကာ ………..

“ အေးပါ…… မင်းတော်တော် ကျက်သရေ မရှိတဲ့ကောင်”

ထပ်ပြောသည်၊ ( ပြောထိုက်ပါတယ်လေ သူက တလမ်းလုံး ငှက်ပျောသီး တစ်ဖီးကို အပင်ပန်းခံကာ သယ်လာရသည်၊ ဒီလဲ ရောက် ကိုယ်က ဦးအောင် တဗြုတ်ဗြုတ်နဲ့ တစ်လုံးပြီး တစ်လုံး တွယ်နေသည်ကိုး၊)

ဒကာမကြီးကတော့ ရဟန်းကို “ ဒီဦးဇင်းလေးက လောဘ နည်းတာပဲ” တွေးသွားလောက်ပေမည်၊

“ အော် ……….. ငါတော်တော် ကျက်သရေ ရှိတဲ့ ကောင်ပါလား”

ရဟန်းက ယုတ္တိ ကြီးနဲ့ သူ့ သူငယ်ချင်းကို ငြီးပြတော့…………………

နှစ်ယောက်သား အခန်းကျဉ်းလေး ထဲမှာ ရယ်သံတွေ လွင့်တက်သွားသည်၊

…………………………………………………………………….

တိုက်တိုက် ဆိုင်ဆိုင်ပြောမလားမသိ

(ဂျပန်)ဇင်ပုံပြင်လေးတခုက ဖြတ်ခနဲ့ ဦးနှောက်တလျှောက်ပျံသန်းလာသည်၊

လူတစ်ယောက်က ပန်းချီဆရာကြီးရဲ့ အိမ်ကို သွားကာ ဆိုင်းဘုတ်တခု အပ်ပါသတဲ့၊

“ကျုပ် အိမ်ကို ဝင်လိုက်တာနဲ့ဗျာ ကျက်သရေ မင်္ဂလာ ရှိသွားစေမဲ့ ဆိုင်းဘုတ်မျိုး တစ်ခု လုပ်ပေးစမ်းပါဗျာ၊ အိမ်ဝ မှာ ချိတ်ထားချင်လို့ပါ”

“ရ ရပါစေ့မယ်”

ဆရာကြီးက အာမခံ လိုက်တယ်ဆိုရင်ပဲ ခုနက လူက ကျေနပ်ပြီးပြန်သွားပါတယ်။

တစ်ရက်နှစ်ရက် ကြာလို့ ဆိုင်းဘုတ်အပ်ထားတဲ့ လူက သူ့ဆိုင်းဘုတ်ယူဖို့ ပြန်အလာ…

ဆိုင်ဘုတ်မှာ ရေးထားတဲ့ စာ ကို ကြည့်ပြီး အရမ်းဒေါသ ထွက်သွားပါတယ်၊

ဆိုင်ဘုတ်မှာ ရေးထားတဲ့ စာက…………….

(၁) အဘိုးသေမည်

(၂) အဖေ သေမည်

(၃)သား သေမည်

(၄)မြေး သေမည် တဲ့

ဆိုင်းဘုတ်အပ်တဲ့ လူက ဒေါသတွေ အရမ်းထွက် မျက်ထောင့်နီကြီးနဲ့ ပန်းချီဆရာကြီးကို ကြည့်လိုက်ကာ…………..

“ခင်ဗျား ဘယ်လိုလုပ်တာလဲ ကျုပ်ကို စော်ကားတာလား၊ ခင်ဗျားစာက ဘယ်မှာ ကျက်သရေ ရှိလို့လဲ”ပေါ့ စသည် ရန်တွေ့ပါတော့တယ်၊

ဆရာကြီးက ဘာမှ ဝင်မပြောသေးပါဘူး၊ ခုနက လူ ပြောလို့ ပြီးပြီ ဆိုမှ ဆရာကြီးက

“ခင်ဗျား စဉ်းစားကြည့်လေဗျာ ၊ဒီထက် ပိုပြီး ကျက်သရေ ရှိတဲ့ စာရှိဦးမလား

အဘိုးသေပြီးမှ အဖေ သေမယ် အဖေသေပြီးမှ သားသေမယ် သားသေပြီးမှ မြေးသေမယ် သူ့ဟာသူ သက်တမ်းစေ့နေပြီးမှ သေသွားကြရတဲ့ သဘောဗျ၊

ဘယ်လောက် ကျက်သရေ ရှိလိုက်သလဲ၊ တချို့အိမ်တွေများ ဆိုရင် အဖိုးမှ မသေသေးဘူး အဖေက အရက်နာ ကျပြီး သေပြီ၊ အဖေမှ မသေသေးဘူး သားက A နဲ့ လျှောပြီ၊ ကဲ… ကျုပ်ပြောတာ ဘယ်လောက် ကျက်သရေ ရှိသလဲ ၊ သူ့ဟာသူ လူသက်တမ်းစေ့နေပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းသွားရတဲ့ သဘောကို ဆိုလိုတာဗျ၊”

ပုံပြင်လေးကတော့ ဒါပါပဲကွယ်………………..

ရဟန်းကတော့ တွေးမိတယ်၊ ဆရာကြီးပြောတာ ဟုတ်ပေမဲ့လည်း သူရေးပေးတဲ့ စာကြီး အိမ်ပေါက်ဝမှာသာ ချိတ်ထားရမယ် ဆိုရင် ဖြင့်ကား ဒီပုံပြင် ကြားဖူးတဲ့ လူကတော့ ကိစ္စမရှိ၊ မကြားဖူးတဲ့ လူတွေရဲ့ အမြင်မှာ…………………..

(ဟီ.. ဟိ.. ဘယ်လိုကြီးလဲ မသိ၊ တော်တော် အူကြောင်ကြောင် နိုင်တဲ့ ကိစ္စပဲ)


" အဲ့သည်လိုနဲ့

လူ့ဘဝကို ယုဇနပင်လေးမှာ အသာချိတ်

ဒူယားတလိပ်နဲ့လည်း အိပ်ပျော်တတ်ခဲ့ပြီ "

(ကဗျာဆရာ မောင်ချောနွယ်)

……………………………………………………

သာဝတ္ထိ ဆိုတဲ့ တခေတ်တခါက မြို့ပြကြီးမှာ လက္ခဏာဖတ် ကျွမ်းကျင်တဲ့ ပုဏ္ဏား တစ်ယောက်ရှိပါတယ်၊

သူ အကျွမ်းကျင် ဆုံး ပညာက လူတစ်ယောက်ကို ကြည့်လိုက်ရင် အဲ့လူမှာရှိတဲ့ သူ့ရဲ့ ကျက်သရေ မင်္ဂလာဟာ ဘယ်မှာ တည်တယ် ဆိုတာ ပြောပြနိုင်သတဲ့၊

(ဘာမဆိုင် ညာမဆိုင်၊ဒကာတော်ကြီး တာရာမင်းဝေရဲ့ ကဗျာထဲက စာသားလေး တခု သွားသတိရမိပြီး သူက ပြုံးမိသေးတယ်၊ တကယ်လို့ပုဏ္ဏားက သူ့ကို ကျက်သရေ ဘယ်နားရှိလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ စူးစမ်းသလို လာကြည့်နေမယ် ဆိုရင်ပေါ့လေ…………..

“ဟိ….. ငါကတော့ ကာထားမှာပဲ” တဲ့၊ တော်တော် နောက်တဲ့ ဒကား))

ပုဏ္ဏားကြီးက သူ့နဲ့ တမြို့ထဲသား အနာထပိဏ် သူဋ္ဌေးကြီးရဲ့ ကြွယ်ဝ ချမ်းသာမှုကို မနာလိုဖြစ်ပြီး တနေ့ထက်တနေ့ စိတ်မချမ်းမသာ ဖြစ်ရသတဲ့၊

အဓိကကတော့ သူဋ္ဌေးကြီးက မြတ်ဗုဒ္ဓရဲ့ တပည့်သား သာဝက ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး ပုဏ္ဏားကြီးကတော့ အဲ့ဒီခေတ်ရဲ့ ဘာသာခြားတယောက်ဖြစ်တဲ့ အတွက် သူဋ္ဌေးကြီး ကြောင့် သာဝတ္ထိမှာ ဗုဒ္ဓသာသနာ ဒီလောက် တိုးတက် ခိုင်မာ လာတယ်လို့သူက ယူဆတယ် ၊ဒါကြောင့် ပုဏ္ဏားကြီးက သူဋ္ဌေးကြီးကို ကြည့်မရ အူတို ရောဂါရနေတာပါ၊

ဒါနဲ့ သူက စဉ်းစားတယ်၊

“သူဋ္ဌေးကြီး အိမ်က ကျက်သရေ ကို ထုတ်ဆောင် ခိုးယူခဲ့ပြီး၊ သူဋ္ဌေးကြီးကို ကျက်သရေ မရှိအောင် လုပ်ထည့်လိုက်ရင် ကောင်းမယ်”

သူက အကြံနဲ့ သူဋ္ဌေးကြီးဆီ လာပါတယ်၊

သူဋ္ဌေးကြီးက ဒီမြို့ရဲ့ နာမည်ကြီး ပုဏ္ဏား လူအများလေးစားရတဲ့ ပုဏ္ဏား ဆိုတော့ တလေးတစားနဲ့ စားစရာသောက်စရာတွေနဲ့ ရိုရိုသေသေ ဧည့်ခံပါတယ်၊

ပုဏ္ဏား က သူဋ္ဌေးကြီးရဲ့ အိမ် တဝန်းလုံးကို မျက်လုံးကစားပြီး “ ဒီသူဋ္ဌေးကြီးရဲ့ ကျက်သရေ က ဘယ်မှာ တည်ပါလိမ့်” ဆိုပြီး အသဲသန် လိုက်ရှာနေတယ်၊

သူဋ္ဌေးကြီး က ပုဏ္ဏားကို

“ နို့… လာရင်းကိစ္စလေး ဆိုစမ်းပါဦးဗျ”(မင်းသားကြီး ‘ဝင်းဦး’ ဟန်ဖြင့်)

အဲ့ဒီအချိန်မှာပဲ သူဋ္ဌေးကြီးရဲ့ ရွှေညောင်းစောင်းထဲမှာ ထည့်ထားတဲ့ ဆွတ်ဆွတ်ဖြူ ကြက်ဖ တကောင် ရှိသတဲ့၊ သူဋ္ဌေးကြီး ကျက်သရေက ကြက်ဖရဲ့ အမောက်မှာ တည်နေတာတွေ့လိုက်တယ်၊ဒါနဲ့ ပုဏ္ဏားကြီးက မျက်နှာကို ချိုချဉ်ရတဲ့ ကလေး တစ်ယောက်ရဲ့ အပြုံးလို ဟက်ခနဲ့ ပြုံးလိုက်ကာ……………

“ ဒီလိုရှိပါတယ် သူဋ္ဌေးကြီးရဲ့ ကျုပ်ကဗျာ ခင်ဗျားသိတဲ့ အတိုင်း ကျောင်းသား ၅ ရာရဲ့ ဆရာကြီးလေဗျာ(ကြွးလိုက်ပါသေးတယ်)သူတို့လေးတွေကို မန္တာန် သင်ပေးရတဲ့ ဆရာကြီးတဆူပေါ့ဟဲ ဟဲ၊ ကျုပ်တို့မှာ ကြက်ဖ တစ်ကောင်ရှိတယ်ဗျ၊ မနက်မနက် သူ့ အော်သံနဲ့ ကျုပ်တို့က အိပ်ရာထ မျက်နှာသစ် မန္တာန်ရွတ်ရတဲ့ အလုပ်ကို လုပ်ရလေသပေါ့၊ ခုတော့ဗျာ……… ဒီကြက်က မနက်မနက် အချိန်မဟုတ် အခါမဟုတ် ထထ အော်တော့ ကျုပ်ကော ကျုပ်ကျောင်းသားလေးတွေပါ ပင်ပန်းရတယ်ဗျာ၊

ခင်ဗျား ကြက်ဖကြီး ကြည့်ရတာတော့ ဟဲ….ဟဲ အချိန်နဲ့ အခါနဲ့ အချိန်မှန် အော်တတ်မယ့် ပုံပဲ၊ အဲ့ဒါ ဖြစ်နိုင်မယ် ဆိုရင် ခင်ဗျား ကြက်ဖကြီး ကျုပ်ကို ပေးစမ်းပါဗျာ”

ကျောင်းဒကာကြီး အနာထပိဏ်ဆိုတာ သိတဲ့ အတိုင်း နဂိုကတည်းက လှုချင်နေတဲ့ သူ ‘ဘယ်သူ့ကို ဘာလှုရရင် ကောင်းမလဲ’ လို့ စဉ်းစားနေတဲ့ သူဆိုတော့ ချက်ခြင်းပဲ………….

“ပုဏ္ဏားကြီး ဒီကြက်ဖကို ပုဏ္ဏားကြီးကို လှုပါတယ်ဗျာ”

ကြက်ဖကြီး ပုဏ္ဏား လက်နဲ့ထိတယ် ဆိုရင်ပဲ ချက်ခြင်း ကျက်သရေက ကြက်ဖကြီး အမောက်ကနေရွေ့ပြီး ခေါင်းရင်းမှာ ထား ထားတဲ့ ပတ္တမြား ပေါ်ကို ရွှေ့သွားပါသတဲ့၊

ဒါနဲ့ ပုဏ္ဏားက သူဋ္ဌေးကြီးကို အဲ့ ပတ္တမြားကြီးကိုပါ လှုဖို့ ထပ်ပြောသတဲ့၊

“ကဲ ယူစေဗျာ” သူဋ္ဌေးကြီးက သဒ္ဓါတရား ကောင်းတာကိုးဗျ လှုလိုက်ပါတယ်၊

ပုဏ္ဏားကြီး ပတ္တမြားကို လက်နဲ့ ထိတယ် ဆိုရင်ပဲ ပတ္တမြားပေါ်မှာ ရှိတဲ့ ကျက်သရေ က ရွှေ့သွားပြီး ခေါင်းရင်းမှာ ထောင်ထားတဲ့ အဆောင် တောင်ဝှေးပေါ်ကို ရောက်သွားသတဲ့၊

အဲ့တောင်ဝှေးကိုလဲ ပုဏ္ဏားကြီးက ဆက်တောင်းပါတယ်၊

“အဟဲ ကျုပ်က အသက်လဲ ကြီးပြီလေဗျာ၊ အဲ့တောင်ဝှေးလေးလဲ”

“လှုပါတယ် ဗျာ လှုပါတယ်”

ဒီတခါတော့ ကျက်သရေက ပုဏ္ဏားကြီး တောင်းလို့ မရတဲ့ နေရာကို ရွှေ့သွားပါတော့တယ်၊

နေရာက သူဋ္ဌေးကြီးရဲ့ တစ်ဦးတည်း ချစ်လှစွာသော ဇနီး ‘ ပုည လက္ခဏ ဒေဝီ’ ရဲ့ ဆံနွယ်တွေ ကြားထဲကို ရောက်သွားတာပါ၊

ဒီတခါတော့ ပုဏ္ဏားကြီးက လက်လျှော့လိုက်ပါတယ်၊

“ဟိုက်……………ဒါတော့ တောင်းလို့ ဖြစ်ဘူးဟ၊ ဒါက စွန့်လှုဖို့ ခက်တဲ့ ပစ္စည်းရယ်”

နောက်ဆုံး……..

ပုဏ္ဏားလဲ သူဋ္ဌေးကြီးကို အကြောင်းစုံ ရှင်းပြပြီး လက်နက်ချ အရှုံးပေးလိုက်ပါတယ်၊

“သူဋ္ဌေးကြီးရဲ့ ကျက်သရေကို ခိုးထုတ်ယူဖို့လာခဲ့တာပါဗျာ၊ ဒါပေမဲ့ ခိုးယူလို့မရခဲ့ပါဘူး၊ သူဋ္ဌေးကြီးရဲ့ ပစ္စည်းတွေ ပြန်ယူပါတော့ ဗျာ” ဆိုပြီး ဖြောင့်ချက်ပေး ဝန်ခံပြီး စိတ်ပျက်လက်ပျက်နဲ့ သူ့အိမ်သူ ပြန်သွားပါတော့တယ်၊

ဒီအကြောင်းတွေ မြတ်စွာ ဘုရားကို လျှောက်တယ် ဆိုရင်ပဲ မြတ်စွာဘုရားက ……………….

“သူဋ္ဌေးကြီး ဖြစ်ပြီးသော ကျက်သရေမင်္ဂလာ အဖြာဖြာ တို့သည် ၊ဘုန်းကံ ကြီးသူတို့၏ ခြေရင်းသို့သာ သက်ဆင်းကျရောက်ကြလေ ကုန်၏၊” ဟု မိန့်တော်မူပါတယ်၊

ကဗျာလေး တစ်ပုဒ် ရှိပါတယ်……………..(အားလုံးလဲ ကြားဖူးမှာပါလေ)

“မကောင်းမှု ရှောင် ၊

ကောင်းမှု ဆောင်၊

ဖြူအောင် စိတ်ကို ထား၊” တဲ့

စာကြောင်းလေး သုံးကြောင်းထဲပေမဲ့ ဒါဟာ ဂင်္ဂါမြစ်ထဲက သဲစုတွေ မက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်အဆူဆူ တို့ရဲ့ အဆုံး အမပါ၊

ကိုယ့် မှာ ကျက်သရေ မင်္ဂလာ ရှိချင်တယ် ဆိုရင်တော့ အရင်ဆုံး မြတ်စွာဘုရား ပြောသလို ဘုန်းကံရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ဖို့ပါပဲ၊

ဒါဆို ဘုန်းကံရှိတဲ့ လူဖြစ်အောင် ဘယ်လိုလုပ်မလဲ ဗုဒ္ဓဘာသာဝင်ရယ်လို့မှ မဟုတ်ပါဘူး ဘာသာခြားတွေလဲ ကျင့်လို့ရတဲ့ စကားလေး သုံးခွန်းထဲ ပါးချင်ပါတယ်၊

(၁) မကောင်းမှုကို ရှောင်ပါ၊(ကိုယ့်စိတ်ထဲမှာ ဘာသာရေး အရ မဟုတ်ပဲ “ဒါလုပ်ရင် မကောင်းတဲ့ အလုပ်ပဲ ဒါလုပ်ရင်တော့ ငါ့ပတ်ဝန်းကျင်က လူတွေက ငါ့ကို ကဲ့ရဲ့မှာပဲ” လို့ တွေးမိရင် အဲ့ မကောင်းတဲ့ အလုပ်ကို ရှောင်လိုက်ပါတဲ့၊)

(၂) ကောင်းမှုကို ဆောင်ပါ၊(ကိုယ့်စိတ်ထဲမှာ “ဒါလုပ်ရင်တော့ကောင်းတဲ့ အလုပ်ကိစ္စပဲ ပညာရှိတွေ ချီးမွမ်းတဲ့ အလုပ်ပဲ”၊လို့ ဆင်ခြင်မိရင် အဲ့အလုပ်ကို လုပ်လိုက်ပါတဲ့)

(၃) ဖြူအောင် စိတ်ကို ထား၊ ( နေ့စဉ်နေ့တိုင်း အရေးအကြီးဆုံး အလုပ်က ကိုယ်စိတ်ကို ‘အကုသိုလ်’ လို့ အမည်တပ်ထားတဲ့ အညစ်အကြေးတွေ အဝင်မခံပဲ စိတ်ဓာတ်ကောင်းလေး မွေးပြီး ဖြူစင်နေအောင် ထားဖို့ပါပဲ တဲ့)

ဒီသုံးချက်ထဲပါ………………..

စကားလေး တစ်ခွန်းကြားဖူးပါတယ်၊ ဘယ်သူပြောမှန်းတော့ မသိတော့ဘူး၊

“ လူတယောက်ရဲ့ စိတ်ဓာတ်ကို မျက်နှာကနေ ဖတ်ကြည့်လို့ရတယ် ဆိုရင် သင်ယုံမလား” တဲ့

(သူက အကျောရှည်တတ်တဲ့ အမျိုးဆိုတော့ ထပ်ကွန့် တွေးတွေးလိုက်ပါတယ်၊ ဟင့်အင်း ယုံပါဘူး

“လူ့အကြောင်း ပေါင်းကြည့်မှ သိ” တဲ့ ဒီလူ ကြားဘူး ဖူးထင်တယ်)

No comments:

Post a Comment