သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 15 December 2012

သံသရာကြားက together ခရီးဖော်များသို့

 *အနော်မာ ကမ်းမှာတော့
ယသော်ဓရာ လွမ်းကျန်ခဲ့မယ်
*ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့

ကဏ္ဍက ဖွားဖက်တော်ရယ်။
*ချစ်တာ သိပေမဲ့
သစ္စာရှိရာ ရှေ့လမ်းပေမို့
မေ့စတမ်းကွယ် တာရှည်ကြည့်
ပါရမီဖြည့် ကျန်ပါကွယ်
သံသရာနယ်က ရုန်းလို့ အထွက်
*ကြာချည်လှပ် လွမ်းတုန်းမှာပဲ
ယာယီဇာတ် တခန်းဆုံးပြီးပေါ့
ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
စည်းခြားကျန် မျှော်…. မျှော်….ကာနဲ့
ယသော်ဓရာ တစ်သက်လွမ်းစေမယ့်
အနော်မာ တဖက်ကမ်းကို
(ကဏ္ဍကရယ်………)
လှမ်းတော့ သွက်သွက်……………….
မောင်စိန်ဝင်း(ပုတီးကုန်း)
…………………………………………………………………………..
အနုပညာရဲ့ လှုပ်နှိုးကြွပုံက အလောင်းတော်ရဲ့ စိတ်နှလုံးကို ကြည်ညိုလေးစားမှု ပိုဖြစ်စေ၏၊

ဒါကြောင့်လဲ တောင်မြို့ ဆရာတော် လို အထင်ကရ ဆရာတော်ကြီး ကိုယ်တိုင်က အနုပညာရဲ့ အစွမ်းရောက်ပုံက ဘုရားကို ပိုကြည်ညိုစေသည်ဟု သြဝါဒမှာ ထည့်သွင်း မိန့်ကြားတော် မူခဲ့ခြင်း ဖြစ်ပေမည်၊
ဘာပဲပြောပြော သူကတော့ ဒီကဗျာလေးကို ဖတ်မိမိခြင်း တိတ်ဆိတ်နေတဲ့ သံခေါင်ယမ်ကြားမှာ အိပ်ခန်းဆောင် ကန့်လန့်ကာလေးကို လှစ်ဟပြီး ယသော်ဓရာကို နောက်ဆုံးကြည့်တော်မူတဲ့ အလောင်းတော်ရဲ့ ရီဝေဝေ မျက်လုံးများကို ခံစားမိသည်၊
“သစ္စာရှိရာ ရွှေလမ်းပေမို့
မေ့စတမ်းကွယ် တာရှည်ကြည့်
ပါရမီဖြည့် ကျန်ပါကွယ်” တဲ့
သုမေဓာနဲ့ သုမိတ္တာ ဘဝမှာ ‘ ကြာဖူး’ အတူတူ လှုပြီး ကုသိုလ် ဝေမျှခဲ့ရကစလို့ အလောင်းတော်နဲ့ ဘဝပေါင်း များစွာ ပါရမီဖြည့်ဖက်တွေ အဖြစ် လိုက်ပါလာခဲ့တဲ့ ယသော်ဓရာ………….
နောက်ဆုံး တောထွက်တော်မူတဲ့ အထိ သိဒ္ဓတ္ထက သူကို ထားခဲ့ပါလားလို့ စိတ်တစ်ချက် မညိုငြင်ခဲ့ဖူးတဲ့ ယသော်ဓရာ
အလောင်းတော် တောထဲမှာ ခြို့ခြံတဲ့ အကျင့် ကို ကျင့်နေပြီတဲ့ ဆိုတဲ့ သတင်းကြားရင် သူလဲ ခြိုခြံတဲ့ အကျင့်ကို လိုက်ကျင့်တဲ့ ယသော်ဓရာ
အလောင်းတော် အစာ မစားတော့ဘူးတဲ့ ဆိုတဲ့ သတင်းကြားရင် အစာ စားခြင်းကို ဖြတ်ပြီး လိုက်နေခဲ့တဲ့ ယသော်ဓရာ
နောက်ဆုံး နန်းတော်သို့ ဘုရား ကြွလာသည့်တိုင် အရမ်းတွေ့ချင်နေတဲ့စိတ်ကို ဖျောက်ပြီး
“သိဒ္ဓတ္ထ အရှင်က ငါ့ရဲ့ကျေးဇူး သူ့အပေါ်မှာ အများကြီးရှိတယ် ဆိုတာ သိရင် ငါနေတဲ့ အခန်းထဲကို ကိုယ်တိုင် ကြွလာလိမ့်မယ်”လို့ စိတ်ကို တင်းခံနေသော်ငြား တကယ့် တကယ် ဘုရား ကြွလာတယ်လဲ ဆိုရော ဝမ်းနည်းစိတ်နဲ့ လွမ်းစိတ်ကို ထိန်းမထားနိုင်ရှာခဲ့တဲ့ ယသောဓရာ
သူကတော့ ပါရမီ ဖြည့်ဖက်တွေ့ရဲ့ နုညံ့တဲ့ စိတ်နှလုံးကို ခံစားမိလေတိုင်း ………………….
…………………………………………………………………………………………………………………………
ခုတစ်လော အိန္ဒိယ နိုင်ငံရဲ့ ဟိန္ဒူ ပွဲတော်ရက်ကြောင့် သူ့အတွက် အားလပ်ရက်တွေ အပို ထွက်နေသည်၊
ကျောင်းစာနဲ့ ကျောင်းနဲ့ ကလွဲပြီး အချိန်ပို မရှိတတ်တဲ့ သူတို့လို ကျောင်းသား တစ်စု အဖို့တော့ အခုလို အားလပ်ရက်ကြီးက အပျင်းဆိုတဲ့ ဝေါဟာရနဲ့ ပိုရင်းနှီးလာစေသည်၊
“နကုလ တို့ ရွာကို နောက်တခေါက် သွားရအောင်လား”
ကျောင်းသားတွေနဲ့ မထင်မှတ်ဘဲ ခရီးစဉ်တခုကို သွားမိဖို့ တညီတညွတ်ထဲ စီစဉ်မိနေကြပြန်သည်၊
ခုတလော တင်လိုက်တဲ့ ပို့စ်တွေက ခရီးသွားပို့စ်တွေက များနေတော့ “ဒီကိုယ်တော်နှယ် တယ်လဲ ခြေအငြိမ် မနေပါလား”လို့ ထင်ရင်လည်းထင်ကြပေမည်၊
(ဟုတ်တော့လဲ ဟုတ်ပေသား )
ဘာပဲပြောပြော သူတို့ကတော့ ပျော်ပျော်ကြီး ခရီးဆက်ဖြစ်ခဲ့ဦးမယ် ထင်ပါတယ်၊
………………………………………………………………………………
တခါတုန်းက ဗုဒ္ဓအရှင် သံသုမာရ မြို့လေးမှာ သီတင်းသုံးနေခိုက်
မနက်စောစောရဲ့ အာရုဏ်ဦးလေးမှာ နကုလမာတာ ကြီးတို့ရဲ့ အိမ်ကို သပိတ်ပိုက်ပြီး ဆွမ်းစား ကြွတော် မူပါတယ်။
အဲ့ဒီအချိန်မှာပဲ နကုလပိတာကြီးက ဗုဒ္ဓအရှင်ကို လျှောက်ပါတယ်
“ မြတ်စွာဘုရား ဘုရားတပည့်တော်သည် နကုလမာတာ ကြီးကို စတင်လက်ထပ်ခဲ့တဲ့ အချိန်က စပြီး နကုလမာတာကြီးကို ကျော်၍ အခြားအမျိုးသမီးများအား စိတ်နှင့်ပင် မပြစ်မှားဖူးပါ၊ ကိုယ်နှင့်ဆိုသော် ဘယ်ဆိုဖွယ်ရာ ရှိအံ့ ဘုရား၊ အရှင်ဘုရား တပည့်တော်တို့သည် ယခုဘဝမှာလဲ အချင်းချင်း တွေ့မြင်၍ ချစ်ခင်စွာ ပေါင်းသင်းနေထိုင်လိုပါကုန်၏၊ နောင်သံသရာ အဆက်ဆက်လည်း တယောက်နဲ့ တယောက် ဆုံတွေ့ရပါ၏ ဘုရား”
နကုလ မာတာကြီးကလဲ အားကျမခံ လျှောက်ပါတယ်…………..
“အရှင်ဘုရား တပည့်တော်လည်း နကုလပိတာ ကြီးကို လက်ထပ်ခဲ့တဲ့ အချိန်က စလို့ ယခု အချိန်ထိ နကုလပိတာကြီးကို ကျော်၍ အခြား ယောက်ျားအား စိတ်နှင့်ပင် မဖောက်ပြန်ဖူးပါ၊ ကိုယ်နှင့်ဆိုသော ဘယ် ဆိုဖွယ်ရာ ရှိအံ့ဘုရား၊ အရှင်ဘုရား တပည့်တော်သည်လည်း နကုလပိတာကြီးနှင် ယခုဘဝမှာလဲ အချင်းချင်းတွေ့မြင်၍ ချစ်ခင်စွာ ပေါင်းသင်းနေထိုင်လိုပါ၏၊ နောင်ဘဝအဆက်ဆက် သံသရာမှာလည်း တယောက်နဲ့ တယောက် ဆုံတွေ့၍ ချစ်ခင်စွာ ပေါင်းသင်းဆက်ဆံရပါလို၏ဘုရား”
စစ်မှန်သော ပါရမီ ဖြည့်ဖက်တို့ရဲ့ နှလုံးသားကို သူ အကြိမ်ကြိမ် ဦးညွှတ်မိသည်၊
မြှောက်အရပ်က မုန်သုန်လေသံကြား တရိပ်ရိပ်ပြေးနေတဲ့ ဖဲသားရောင် ကောင်းကင်က လှနေဆဲ
“ကမ္ဘာကြီးရဲ့ အစက လူဟာ ဒီလို မဟုတ်ဘူး အမြွာလိုက်ပါပြီးသား ဥက္ကာ ကျောက်တုံးလေးတွေပေါ့ ကမ္ဘာကြီးပေါ်ကို ဆင်းသက်လာတဲ့ အချိန်မှာ မြေကြီးနဲ့ တိုက်မိပြီး လူတွေရဲ့ အစိတ်ပိုင်းလေးတွေဟာ ကွဲကြေပြီး နှစ်ခြမ်းစီ နှစ်ခြမ်းစီ တကွဲတပြား ဖြစ်သွားကြတယ်လေ၊ ဒါကြောင့်လူတိုင်း လူတိုင်းဟာ လူ့လောကကို ရောက်လာပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် တခြမ်းကို အချစ်ဆိုတာနဲ့ တွေ့အောင် ရှာကြရတယ်”
မိတ်ဆွေရဲ့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်လေးကို နားထောင်ပြီး ခေါင်းညိတ်မိသည်၊
ဟုတ်ပေမည် အလောင်းတော် သိဒ္ဓတ္ထသည် သူ့ရဲ့ တခြမ်းပဲ့လေးကို သံသရာတလျှောက်လုံး တွေ့အောင် ရှာနိုင်ခဲ့သည်
နကုလကြီးတို့ကလဲ သံသရာ အဆက်ဆက် ထိုသို့ တယောက်ကို တယောက် ရှာတွေ့ချင်သည်၊
ဒါကြောင့်ပင် ဘုရားကို အားကိုးတကြီး လျှောက်ကြခြင်း ဖြစ်မည်၊
ဗုဒ္ဓအရှင်က
ဒကာတို့ ယခုဘဝမှာလဲ ချစ်ခင်စွာ တွေ့၍ သံသရာ အဆက်ဆက် တွေ့ဆုံ လိုကြပါကုန်လျှင်
“နှစ်ဦးစလုံးသည် တူညီတဲ့ သဒ္ဓါတရား ရှိရမည်၊တူညီတဲ့ သီလ ရှိကြရမည်၊ တူညီတဲ့ စွန့်ကြဲမှု စာဂ ရှိကြရမည်၊ တူညီတဲ့ ပညာလဲ ရှိကြရမည်၊ ထိုသို့ဆိုသော် လင်မယားနှစ်ဦးလုံးသည် ယခုဘဝမှာလဲ ချစ်ခင်စွာ ပေါင်းသင်းနေထိုင်ကြရ၍ သံသရာ အဆက်ဆက် မှာလည်း ချစ်ခင်စွာ တွေ့ဆုံကြကုန်ရာ၏”
ထိုသို့ဖြင့်
ယသော်ဓရာရဲ့ ဖဝါးပေါ်ကို မျက်နှာအပ် ငိုရှိုက် နေသံလေးကို “မသင့်ပါဘုရား” ဆိုပြီး ရဟန်းတွေ တားနေတဲ့ ကြားက ကြည်ဖြူစွာ ခွင့်ပြုတော်မူခဲ့သည်၊
‘သံသရာက ချစ်ခဲ့သမျှထဲမှာ ဒီတခါ နောက်ဆုံးမို့ ခွင့်ပြုလိုက်ပါလေတော့’ တဲ့
သူကတော့ အနော်မာ ကမ်းထိပ်က လည်ပြန်ကြည့်တချက်နဲ့ ပါရမီရှင် တစ်ပါးကို အကြိမ်ကြိမ် ဦးညွှတ်ကြည်ညိုမိနေဆဲ………………………………

No comments:

Post a Comment