သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 9 December 2012

သူ၏..


နင်မာန သိပ်ကြီးတယ် ၊
သုဘလုလင် ကြီးရဲ့ အကြောင်းတွေ များများ ဖတ်ဖို့ လိုလိမ့်မယ် တဲ့……………
ကံကြမ္မာ ရဲ့ မရိုးမရွ ခုတ်ထွင်းသံတွေ နားထောင်ရင်း နေ့တနေ့ကို မရဲတရဲ စတင်ခဲ့ပါပြီ၊
ဒီနေ့ဟာ ငါ တကယ်ဖြစ်နေခဲ့၊
မနေ့က တစ်ညလုံး အိပ်မရလို့ ရေသောက်လိုက် လမ်းလျှောက်လိုက်နဲ့ မိုးတိတ်သံကို စောင်းစားနေမိသည်၊
ငါ့နောက်မှာ အတိတ်ပေါင်း များစွာ၊
ငါ့ရှေ့မှာ အနာဂါတ်ပေါင်းများစွာ၊
ပစ္စုပ္ပန် ဆိုတာကြီးနဲ့ ပြဿနာ မီးထွန်း မရှာမိဖို့အရေး မနက်ခင်းတွေကို နှိုးရင် ရင်တလှပ်လှပ် ၊

ဗုဒ္ဓရဲ့ ဓမ္မပေါင်းများစွာ ကျမ်းစာအုပ်တွေကြားထဲ အိပ်ပျော်၊ သာမန် ပုထုဇဉ်တွေလည်း အတ္ထုပ္ပတ္တိ တွေ ရှာရင်း ကိုယ်ရေး ကိုယ်တာတွေ ပြောရင်း မောရောပေါ့၊ တကယ်တော့ ဗုဒ္ဓဟာ ကိုယ်တော်တိုင် ဝန်ခံပြီးပြီ မဟုတ်လား၊
ဗုဒ္ဓဟာ ဖန်ဆင်းရှင်ဘုရား မဟုတ် တရားတို့ရဲ့သခင်၊ တရားတို့ရဲ့ ပိုင်ရှင်၊ ဓမ္မ ကို ဟောပြောတတ်လေသူ ဗုဒ္ဓဆိုသော ဇိန မြတ်စွာ ပင် ဖြစ်လေသည် တဲ့
တကယ်တော့ သူလို သာမန်သူကတော့ ဘာမှ မသိသေးတဲ့ ကလေးသာသာ ………..
ခုချိန်ထိ ဘယ်နေရာမှာ ဘယ်လို တရား မျိုးဟောထားတယ် ဆိုတာထက် ပိဋကတ် ဝတ္ထုတော် တွေကိုသာ ဖတ်လို့ကောင်းနေဆဲ……………
(လူတယောက်ရဲ့ အလွယ်လိုက်မှု စိတ်ဓာတ်မျိုးလဲ ဖြစ်ချင် ဖြစ်မည်)
………………………………………………………………………………
“ ဥာဏ်ကြီးရှင် ဘာကြောင့် ဖြစ်သလဲ ဆိုတော့ ကလေးငယ်ရဲ့
စိတ်ကူးကို လူအိုကြီးထဲ သယ်လာနိုင်လို့ပေါ့”
(ဟပ်စလေ)
ပါဠိတော်ထဲမှာ လက်ယာရံ ထေရ်ရှင် ရဲ့ ပညာဥာဏ် ကြီးမြင့်မားပုံကို ဖတ်လိုက်ရလေတိုင်း ကြက်သီးထလောက်အောင် သူက ကြည်ညိုမိလေသည်၊
ထေရ်ရှင်ရဲ့ ပညာဥာဏ် ကြီးပုံကလဲ ကြည့်ပါဦး
မိုးရွာနေတဲ့ အချိန် မိုးစက်ပေါက်တွေ ဘယ်နှစ်ပေါက် ကျသလဲ ဆိုတာတောင် ရေတွက် နိုင်တယ်တဲ့၊
ဘာပဲ ပြောပြော ထိုသို့သော ဥာဏ်ကောင်းမှုမျိုးသူမှာ မရှိ၊(သေချာပါတယ် မရှိတာ)
တကယ်ဆို ပြောတာပင် လွန်လှလေပြီ မဟုတ်လား၊
ပြီးခဲ့တဲ့ ၂၀၀၉ ခု နှစ်လောက်တုန်းက မပြန်တာ ၁၂ နှစ်လောက် ရှိပြီဖြစ်သော မိခင် မွေးရပ်မြေ ရွာလေး တရွာသို့ အလည်သွားဖြစ်သည်၊
မျိုးစုံလှစွာသော ဆွေမျိုးပေါင်း များစွာကို တွေ့ခဲ့ရလေသည်၊
“တပည့်တော်ကတော့ ဘယ်သူကနေ ဘယ်လိုတော်တာ ဘုရား”
( စသည် အမျိုးမျိုး အဖုံဖုံ သူ့ကို ဆွေးမျိုးဝိုင်းစပ်သံ များစွာ၊ အမှန်တိုင်းပြောရရင် သူကတော့ တကယ် ဘယ်သူ့ကို မှ မမှတ်မိ၊)
“ဟဲ ဟဲ……… ဟဲ ဟဲ” နှင့်
(တကယ်တော့ ဘာပြန်ပြောရမှန်းမသိတာနှင့် သွားကြီးဖြီးပြထားခြင်းဖြစ်သည်၊)
‘မှတ်မိတော့ဘူး ဂျာ’ လို့ပြောလိုက်ရင်လည်း သူတို့က ရွှေစိတ်တော် ဆိုးကြပေမည့်ဆွေတော် မျိုးတော်များပေကိုး ဗျ၊ မလွယ်
တချို့က ပြောကြသေးသည်၊
“ ဦးဇင်းက ငယ်ရုပ် မပျောက်ဘူးနော်” တဲ့
“ငယ်ငယ်လေးက အတိုင်းပဲ (ချစ်စရာလေး” (အဲ့လို မပြော ကိုယ့်ဟာကို ရေးချင်လို့ ထည့်ရေးသည်) အဟဲ)………….
ခု သူက တော်တော်ကြီးသွားလို့လား၊ ဒါမှ မဟုတ် တဖက်လှည့်နဲ့ ကိုယ့်ကို မြှောက်နေတာလား မဝေခွဲတတ်၊
“မြှောက်ပါနဲ့ ဂျာ ၊နေတတ်ဝူးးးးးးးး အဟီးး”
(ကိုယ့်ဆွေမျိုးနဲ့ ကိုယ့်ဘုန်းကြီးကတော့ ကိုက်ပါ့)
ဒီကြားထဲ ၃ နှစ်အရွယ် ကလေးမလေး တယောက်က သူ့ကို လာကန်တော့တော့ ကလေးချစ်တဲ့ သူပီပီ သူက မေးမိသည်၊
“မီးလေး နာမည် ဘယ်လိုခေါ်လဲ”
ကလေးက ရှက်နေသေးသည်၊
သူ့အဖေဘက် မျက်နှာမူရင်း ပြီတီတီလုပ်နေသည်၊
သူ့အဖေက ကိုယ့်ကို လက်ညှိုးထိုးရင်း
“ဖြေလိုက်လေ သမီးရဲ့ ဘုန်းဘုန်းမေးနေတယ်လေ၊”
မိမိကလဲ သူအကြောက်ဆုံး စကားနဲ့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်၊(ကြောက်တယ်လို့ထင်တာပေါ့လေ)
“ဘာလဲ ဘုန်းဘုန်းနဲ့ ဆွေမျိုး မတော်ချင်ဘူးလား” ၊ (အဟဲ)
ထိုတော့မှ ကလေးမလေးက သူ့ကို မကြည့် သူ့အဖေကို မော့ကြည့်ပြီး ဖြေသည်၊
“တဂျင်ညင့်ဝေခိုင်ကျော်”(သဇင်မြင့်ဝေခိုင်ကျော်)
“ဟင်”
သူ အံသြသွားရသည်၊(ရှည်လျားလိုက်ပါဘိ)
“ရှည်လှပါလား”
ကလေးမလေး အဖေက ရယ်သည်၊
“ဘယ်သူပေးတာလဲ မီးလေးကို ဒီနာမည်”
“ပေပေဂျီး”
သူ့အဖေကို ကြည့်လျှက်……..
အံသြရပါသည်၊ကလေးမလေး အဖေကို သူအံသြသလို ကြည့်မိတော့
သူ့အဖေက ဘာပြောရမှန်း မသိသူတို့၏ ထုံးစမ်း အတိုင်း ဟဲ ဟဲ…… ဟဲ ဟဲ လုပ်ရင်း
သူ့ကို ပြန်ပြောလိုက်ပုံက……………..
“အိပ်မက်နဲ့ ဗေဒင်အရ နမိတ်ကောက်ပြီးပေးထားတာပါ ဘုရား ဟဲ ဟဲ”
ဖြစ်ရလေ
ရှည်လိုက်တဲ့ အိပ်မက် ၊
ဧကန္တ ဒီအဖေတော့ တော်တော် အိပ်ရေး  ကြီးပုံပေါ်သည်၊
ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်မပြောချင်ပါလေ
အော် ကိုယ့်အမျိုးတွေ ကိုယ့်အမျိုးတွေ တော်တော်လေးလဲ ဟုတ်တဲ့ ကိုယ့်အမျိုးတွေပါလား…………..:)J

No comments:

Post a Comment