သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 December 2012

ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၄)

“ကိုယ်တော်လေး ယူ့ရုပ်လေးက ချောပါဘိသနဲ့၊ ဘယ်နှယ့်ကြောင့် ငယ်ငယ်လေးနဲ့ ရဟန်းပြုပြီး တရားကျင့်နေတာလဲ ၊ ကျုပ်တိုင်းပြည်ကို လာခဲ့စမ်းပါ၊ တိုင်းပြည်တစ်ဝက်ပေးပြီး မင်းစည်းစိမ်ကို ခံစားရစေပါ့မယ်၊”
ပုဂ္ဂလ စွဲ ကြည်ညိုမှုကို မကင်းနိုင်ရှာတဲ့ အရိယာလောင်း ဗိမ္ဗိသာရလို ပုဂ္ဂိုလ်ကြီးက သိဒ္ဓတ္ထရဟန်းတော်လေး ရဲ့ ငယ်ဂုဏ်နဲ့ ခတ္တိယ ရုပ်ရည်ကို ကြည့်ပြီး အားမလို အားမရ ပြောရှာသည်။
“ ငယ်ပါသေးတယ် ကိုယ့်လူရယ် လောကစည်းစိမ်ကို ပျော်ပျော်ကြီး ခံစားစမ်းပါ” တဲ့
သိဒ္ဓတ္ထ ရဟန်းတော်လေးက သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကနေ တစက်ကလေး မှ နောက်ဆုတ် မပေးနိုင်မှန်းကို ရိပ်မိတဲ့ ဘုရင်ကြီးက နောက်ဆုံးတော့
“အင်း တားမရနေပေါ့၊ ဒါပေမင့် သင် တရားရတဲ့ နေ့ ကျုပ် တိုင်းပြည်ကို ပထမဆုံး ကြွလာရမယ်နော်”
ကတိလေး တစ်လုံးပိုက်ပြီး တိုင်းပြည်ပြန်သွားရှာသည်၊
……………………………………………………………………………..
ဝေဠုဝန် ကျောင်းတံခါးကို တွန်းဖွင့်လိုက်သံမှာတော့ ဗုဒ္ဓအရှင်ရဲ့ ဒီစကားလေးက ကပ်ပါလာသည်၊
“ချစ်သားတို့ ကြည့်ကြစမ်းပါ ၊ လှလှလေး လုပ်ထားတဲ့ အရုပ်ကလေးနဲ့ တူတဲ့
အရိုးစု ၃ ရာနဲ့ ထောက်ထားလင့်ကစား နာကျင်တတ်တဲ့၊ တွေ့တဲ့လူ အားလုံးနီးပါးကို စိတ်ကစားမှု ပေးနိုင်စွမ်း ရှိတဲ့၊ ဒွါရ ကိုးပေါက်နဲ့ တည်ဆောက်ထားတဲ့ ဟော့ဒီ ခန္ဓာကိုယ် အရုပ်ကြီးကို ကြည့်ကြစမ်းပါ၊
ဒီလောက်လှတဲ့ ခန္ဓာကိုယ်ကြီး တောင် အမြဲမတည်ပါတကား”
ထိုသို့ဖြင့်



ဝေဠုဝန်ကျောင်းရဲ့ အခန်းဆောင် ထောင့်လေးတနေရာမှာ တိတ်တိတ်လေး အသဲကွဲနေတဲ့ ရဟန်းတပါးရဲ့ အမြင်မှာ ဥဏ်အလင်းတို့ ပြန်တတ်လာခဲ့လေသည်ပဲ၊
“အိုကွယ်….. လှရက်လိုက်တဲ့ သီရိမာ၊ ရောဂါလေး ခံစားနေရလို့ ခန္ဓာကိုယ်လေး နွမ်းနယ်နေတာတောင် ဒီလောက် လှရက်နိုင်လွန်းနေရင်၊ ကျန်းမာစဉ် မိတ်ကပ်လေး အလှလေး နည်းနည်းသာ ပြင်ထားလိုက်ရင် ဘယ်လောက် လှလိုက်လေမလဲ”

သိလျက်နှင့်ပင် ၀ိပါက်ကြမ္မာငင်လို့
ရွှေညာဏ်ရှင် မဝေခွဲနိုင်ဘု ပွဲတွေ့အမှား။
( ဦးပုည)
ဒီဘဝမှာ သေချာပေါက် ကျွတ်တန်းဝင်မှာမှန်းသိရက်နဲ့ ကံကြမ္မာ ကစားခြင်း ခံလိုက်ရသေးသည့်
ရဟန်းတပါးရဲ့ တစုံတခုကို တောင့်တသံနှင့်၊ တိတ်ဆိတ်မှုကြား ကျေးငှက်များတို့ ပျံသန်းလျှက် ရှိနေဆဲပင်၊
ဘာပဲ ပြောပြော ဝါးတော ကြီးမှာ ဝါးတွေ သိပ်ရှိတာ မတွေ့တော့၊
ကျောင်းတော်ကြီးရဲ့ ခလယ်တည့်တည့်မှာ ရေကူးကန်လို့ ရေကန်လေးတခု လုပ်ထားတာတွေ့ရသည်၊
ထိုရေကန်လေးမှာ မြတ်စွာဘုရား မျက်နှာသစ်ရေချိုး သန့်စင်တော် မူလေသည် ဆိုလေပဲ၊
နှောင်းခေတ်မှာ အိန္ဒိယ အစိုးရက ပြန်လည် တူးဖော်ပြီး ဆောက်ထားခြင်းဖြစ်သည်၊ တဲ့
ဒီကြားတဲ့ ကျောင်းသား ကလေးလေး တွေနဲ့ ဆုံလို့ သူတို့ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေတဲ့ မျက်လုံးတွေကို ရှက်ကိုးရှက်ကန်း ခံလိုက်ရသေးတယ်၊
အင်းပေါ့လေ ကိုယ်ကိုယ်က လူထူး လူဆန်းကြီးဖြစ်နေတာကိုးးးးးးးးးး
‘ ကြည့်စေတော့ ကြည့်စေတော့’………………
ဘာပဲ ပြောပြော ဝေဠုဝန်ကျောင်းတော်ကြီးရဲ့ ပျော်ရွှင်ဖွယ် ကောင်းပုံကတော့ အံမခန်းပါပဲလေ၊
ဒါနဲ့ပဲ ဗိမ္ဗိသာရ က သူ့ရဲ့ ချစ်ဆုံး မိဖရားလေး ခေမာကို ဒီဥယျာဉ်လေးထဲကို တဖက်လှည့်နဲ့ ခေါ်ပြီး တရားနာစေခဲ့လေသည် မဟုတ်လား၊
“မည်မျှပင် အလှမာန် ဝင့်လို မာန ဟန်ချီစေကာမူ နောက်ဆုံးတော့ ပုတ်ရလေသည်ပဲ” တဲ့
ဝေဠုဝန် ရဲ့ အလှ တရားနဲ့ မိန်းမသားတို့ရဲ့ အလှတရားက ထိုခေတ်အခါက စင်ပြိုင်ကလျှက် ရှိပေမည်၊
ဒီလိုပင် သူက ကောက်ချက်ချမိသည်၊
……………………………………………………………………………………………………………………………

No comments:

Post a Comment