သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 December 2012

သေချာခြင်း မနက်ဖြန်တစ်ခု

ဘဝမှာ အောင့်သက်သက်ဖြစ်ခဲ့ရတဲ့ ရက်တွေ တော်တော်များများရှိခဲ့ဘူးပါတယ် ၊

ဥပမာပေါ့ဗျာ

အိမ်မက်တခုထဲမှာ အိမ်သာ တက်မိတယ် ဆိုပါစို့(ကြံကြံ ဖန်ဖန်)

စဉ်းစားသာကြည့်………………

တော်တော် အောင့်သက်သက်ဖြစ်ရတဲ့ ကိစ္စ

ဘယ်လောက် ညှစ်ညှစ် ထွက်ကို မထွက်ဘူး၊

……………………………………………………………..

အမှန်အတိုင်းပြောရရင်တော့ တစ်ခါတလေ ကောင်းစေချင်လို့ ပေးမိတဲ့ အကြံက သူများတွေ အမြင်မှာ တော်တော် ပေါတဲ့ ကောင်လို့ ထင်ချင်လဲ ထင်တတ်ကြသေးတယ်လေ..

ဒါကြောင့်ပြောတာနေမှာပေါ့ “စေတနာ ဆိုတာ လူတိုင်းနဲ့ မတန်ဘူး” ဆိုတာ

အိန္ဒိယ ဆိုတဲ့ လက်ချမီး နိုင်ငံ က ဝက်သားဆိုတာ စားရခဲဗျ၊

ရှိတဲ့ ဝက်သားကလဲ မြန်မာပြည်လို မွေးမြူရေး ဝက်သား မဟုတ်တော့ မချက်တတ် ချက်တတ်နဲ့ ရောမွှေနယ်ပြီး ချက်၊(တိုင်တွေလဲ ပတ်)

ပြီးရင် ဒီ ဝက်သိုးဆော်က နံနေရော၊

ဒါနဲ့ တခါ “ဝက်သားဝယ်ချက်ကြမယ်ဟေ့” ဆိုပြီး အများစုပေါင်း လို့ ရှိတဲ့ ဝတ္ထုငွေလေး ရှိ စု မဲ့စု ကောက်ကာ ဝက်သားလေး တစ်ကီဂျီ ဝက်ချက်ကြတယ်၊

ဒါနဲ့ ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်ကြရော ဆိုပါတော့၊

“ဝက်သား ဆိုတာ ရွှေထက်ရှား” ဆိုတော့ သရေ တမျှမျှနဲ့

ဝိုင်းကြည့်ကာ နည်းအစုံစုံ အဖုံဖုံနဲ့ တစ်ယောက်တစ်ပေါက်ဝိုင်းပြီး ချက်ရမဲ့ ကျောင်းသားရဲ့ ဘေးမှာ ကြောင်တွေ အစာတောင်းနေတဲ့ ဟန်နဲ့ တစီစီ ဝိုင်းအော်ကာ ဆူညံကြပါလေကုန်ရော၊

(အဲ့နေ့ကတော့ ဝမ်းသာအားရနဲ့ စာတောင် မကျက်ဖြစ်ကြဘူး ထင်ပါတယ်)

ဒါနဲ့ ကျောင်းသား တစ်ယောက်က ထပြောတယ်၊

“ဝက်သားကို ဒီတိုင်းချက်ရင်တော့ နံနေတော့မှာကွ”

(ဟုတ်တော့လဲ ဟုတ်ပါတယ်လေ)

နောက်တစ်ယောက်

“ဟ ဗျစ် ဗျစ်နဲ့ မြည်အောင် နယ်လေဟာ”




ဆားတို့ မဆလာတို့နဲ့ နယ်ခိုင်းနေတာပါ ကြည့်ပြီး စိတ်မရှည်တဲ့ ဟန်နဲ့

(သူလဲ ဝင်လုပ်တာ ဟုတ်ပဲနဲ့)

သူတို့က အမျိုးမျိုးပြောနေကြတော့ ကိုယ်လဲ အားကျမခံ ဝင်ပြောလိုက်ပါတယ်၊

“ဝက်သိုးစော် မနံချင်ရင် ဒီလိုလုပ်ပါလားကွ”

အားလုံးရဲ့ စူးစမ်းတဲ့ မျက်လုံးတွေက သူ့အပေါ်မှာ

ဝက်သားကို မဆလာနဲ့ နယ်ပြီး ချက်မလို့လုပ်နေတဲ့ ကျောင်းသားက သူ့ကို အားကိုတကြီး မျက်လုံးတွေနဲ့ မော့ကြည်နေသည်၊

နည်းကောင်းလေး ဘာလေးများရမလားပေါ့

“ဘာလုပ်ရမှာလဲ”

တကယ်လဲ သူတို့ နည်းကောင်းရသွားပါတယ်၊

“ရေမွှေးဖျန်းလိုက်လေ”

အားလုံးက သူ့ကို ဝိုင်းထောပနာပြုကြ၏၊(ကောင်းချီးသံတော့ ဟုတ်ဟန်မတူ)

“မသာ”…

“သေနာ”…………

“ခွေါင်းသတားစေးးးးးးးးးးးးးး”

မျက်လုံးထဲမှာ ရေမွှေးဖျန်းထားတဲ့ ဝက်သားကို မြင်ယောင်ပြီး၊

စိတ်ကူးနဲ့ တစ်ချက် အနံရှုကြည့်မိသည်၊

"အင်း အနံလေးကတော့ ဆိုးပါဘူး"

ဒါမျိုး ဒါမျိုး အက္ခရာ များနှင့်

………………………………………..

“ ငါ့ သမိုင်းကို ငါရေးမည်

ငါ့ငှက်များ ကောင်းကင်သို့ပျံစေသတည်း”

တာရာမင်းဝေ

ခေတ်သစ် အင်္ဂလိပ် ဒဿန ပညာရှင်နှင့် သင်္ချာပညာရှင်ဖြစ်တဲ့ ဘာထရန်ရတ်ဆယ် က လူရဲ့ အဓိပ္ပါယ်ကို ဒီလို ရှင်းပြဘူးပါတယ်၊

သူက လူသားများကို သဘောင်္ပျက် ခရီးသည်များနဲ့ နှိုင်းတယ်၊ သဘောင်္က မြုပ်သွားပြီ ညက အေးစက်စက် မှောင်မှိုက်နေတယ်၊ လေက ပြင်းပြင်းထန်ထန် တိုက်ခိုက် စက်ဆုပ်ဖွယ်ရာ လှိုင်းလုံးတွေကလည်း တဝုန်းဝုန်းနဲ့ ပြေးလိမ့်လာပြီးတော့ ခရီးသည်တွေကို အကြင်နာ တရားမဲ့စွာ ရိုက်ပုတ်ချလိုက်တယ် ၊ခရီးသည်တွေရဲ့ လက်တွေက အေးစက်ထုံကျဉ်လွန်းတော့ တွယ်ထားတဲ့ ဟာတွေကို ကြာကြာ မဆွဲ မတွယ်နိုင်တော့ဘူး၊ ဒါကြောင့် လှိုင်းပုတ်တော့ လက်လွတ်ပြီး ခရီးသည်တွေ လွင့်စဉ်သွားကြတယ်၊

သူတို့ ကျရောက်တဲ့ နေရာမှာ သူတို့ မြုပ်ကြလို့ မြုပ်တဲ့ နေရာမှာ ပူဖောင်းကလေးများ တက်လာကြတယ်၊ဒါပေမယ့် မကြာခင်မှာပဲ လှိုင်းလုံးကြီးများက ပူဖောင်းလေးတွေရဲ့ အပေါ်ကို လိမ့်လာကြပြီး ပင်လယ်ပြင်ပေါ်မှာ ပြေးလွှားနေကြလို့ ဘာမှ မဖြစ်ခဲ့ဘူးလို့ထင်မြင်ရတယ်

အဲ့လိုပဲ အသက်ကြီးသူများရော အသက်ငယ်သူများပါ ကမ္ဘာကြီးပေါ်မှာ နေ့စဉ်သေဆုံးနေကြတယ်၊

သူတို့ရဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ သူတို့ကို ချစ်တဲ့ သူတွေက ခေတ္တ ငိုကြတယ်၊ဒါပေမဲ့ အလုပ်ကိုယ်စီနဲ့ နေစဉ်လုပ်ငန်းဆောင်တာများမှာ နစ်မြုပ်နေကြလို့ “သေသောသူ ကြာလျှင်မေ့” ဆိုသလို မေ့သွားကြတယ်၊လူအများကြီး သေဆုံးခဲ့ပြီ ဖြစ်ပေမဲ့ ကမ္ဘာကြီးကတော့ ဘာမှ မဖြစ်ခဲ့လေဟန် ပုံမှန် လည်ပတ်သွားနေပေတယ်၊

ဒါဆို လောလောဆယ် ကျုပ်တို့က သဘောင်္ပျက်နေသူတွေပေါ့၊

(လာဗျာ ကမ်းတခုခု မှာ အသေအချာ ကပ်နိုင်ဖို့ ကြိုးစားကြည့်ကြရအောင်၊)

မဟာဂန္ဓာရုံ ဘာသာဋီကာ ကျမ်းပြုအကျော် ဆရာတော်ဘုရားကြီးကလဲ “ မဂ္ဂင်ယာဉ်ကြီး အမြန်စီး” ဆိုတဲ့ ကဗျာလေးထဲမှာ ဒီလိုရေးဖူးပါတယ်၊

“ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များကြပြီ” တဲ့ (ကဲ ဘယ်လိုလုပ်မလဲ)

……………………………………………………………………………………

ဘုရားလက်ထပ်တော် အခါက ကိုရင် ချာတိတ်လေး တစ်ပါးရဲ့ ဒဿန ကို သူက သဘောကျဖူးသည်၊

သူမှ မဟုတ် ဘုရားကိုယ်တော်တိုင် “ကောင်းလှတယ် ကိုရင်” လို့ သာဓုခေါ်ချီးမွမ်းလောက်အောင် ကောင်းတဲ့ အတွေးခေါ်လေး တစ်ခုပါ ၊ လူက သေးသေးလေးနဲ့ ဘဝနဲ့ သံသရာကို သူက ဒီလို ကြီးကျယ်ကျယ် တွေးပြသွားတယ်၊

“(IQ) မြင့်မှ တွေးလို့ရတာ မဟုတ်၊ အိုင်ကျု၈၀ သာရှိတဲ့ ကလေးတွေလည်း ကောင်းကောင်းတွေးတတ်ခေါ်တတ်သည်” (ဒီဘိုးနိုး)

နေရာက တောင်ထိပ် လေးပေါ်မှာ တည်ရှိတဲ့ တောတွင်းကျောင်းလေး တစ်နေရာ၊ (ဒါက သူ့နေရာ)

သင်္ခန်းကျောင်းလေးရဲ့ အရှေ့ တူရူးကို ဖွင့် ကြည့်လိုက်ရင် ကောင်းကင်ကို ကျောပိုးထားတဲ့

အပြာနုနု ပင်လယ်ပြင်ရဲ့ တဝေါဝေါ ဂီတသံကို ကြားနေရသည်၊

တောင်ထိပ် ဆည်းဆာမှာ မျက်လုံးလေး တခြမ်းဆင်းပြီး တစ်နေ့တာရဲ့ နောက်ဆုံးထွက်သက်ကို ရှုရှိုက်ဖို့ နေမင်းက အားပြုနေသည်၊

“ဖျပ်…..ဖျပ်”

သင်္ကန်း နှစ် လွှာကို ကျီးစားသန်တဲ့ လေတိုးသံက ခေါင်းဝှေ့ ဆော့ကစားလျှက်

“တိဿ”

ငြိမ်သက်စွာ ရပ်တည်နေတဲ့ ခြေချင်း နှစ်ခုကြားထဲက တစ်ခတ်တစ်ခါက ကဗျာဆရာတွေ လက်မြှောက် အရှုံးပေးဖူးတဲ့ တိုးညှင်းတဲ့ အသံတော်၊

“အရှင်ဘုရား”

ကိုရင်ငယ်လေး တစ်ပါး လက်အုပ်ချီ ခေါင်းကိုငဲ့ အဝေးကို ကြည့်နေတဲ့ မျက်ဝန်းတွေဆီမှ ပစ်မှတ်ခွါလိုက်ကာ၊

“ပင်လယ်ပြင်ကို ခဏခဏ ကြည့်ဖြစ်လား ချစ်သား”

“မှန်ပါ ဘုရား”

“ပင်လယ်ပြင်ကို တွေ့တော့ ဘာတွေ တွေးဖြစ်လဲ ချစ်သား”

အဝေးကို ငေးလျှက်..

“တပည့်တော် ဒုက္ခ တွေရောက်ခဲ့ တုန်းက ကျခဲ့ရတဲ့ မျက်ရည်တွေဟာ ဟောဒီ မဟာ သမုဒ္ဒရာ ကြီး လေးစင်း ထက်မက များလောက်တယ်လို့ တွေးဖြစ်ပါတယ်ဘုရား”

အဖြေက ရိုးရှင်းသည်၊

သို့သော် ဘုရားရှင်တို့အား ကျေနပ်အားရစေ လောက်သော အဖြေတခု…..

“ကောင်းပေ၏ ချစ်သား……. ချစ်သား တွေးတဲ့ အတိုင်း မှန်ပေ၏၊ တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီသော သတ္တဝါ အား ဒုက္ခဆင်းရဲတို့ ထိတွေ့ချိန် ကျသော မျက်ရည်တို့သည် ဟော့ဒီ မဟာသမုဒ္ဒရာ လေးစင်းထက်မက များပြားလှ၏”

(“ဆားသင်္ဘောကြီး မှောက်လို့ ပင်လယ်ရေ ငံတာပါ” လို့ ငယ်ငယ်က ပုံပြင်ဆန်ဆန် ကြားဖူးပေမယ့်၊ ဒီ ဒဿနလေးကို ဖတ်ကြည့်ပြီးတော့ “အော်…. ပင်လယ်ဆိုတာ မျက်ရည်က ဖန်ဆင်းတဲ့ မြစ်မို့ ငံနေတာ နေမှာပါ” လို့ တွေးမိလိုက်သေးတယ်)

ဒါနဲ့ မြတ်စွာဘုရားရှင်က ထပ်မေးပါတယ်၊

“ချစ်သား ဘယ်မှာ နေတာလဲ”

ကိုရင် တိဿက တောင်ကုန်းလေးကို လက်ညိုးထိုးလျှက်……..

“ဟော…ဟို တောင်ကုန်းထိပ်လေးမှာ နေပါတယ်ဘုရား”

“တောင်ကုန်းထိပ်လေးမှာ နေပြီးတော့ရော ဘာတွေ ထပ်ပြီး စဉ်းစားဖြစ်သေးလဲ ချစ်သား”

သက်ပြင်းချသံ တိုးတိုးက ပိဋကတ် စာအုပ်တွေ ကြားထဲက တိုးထွက်လာ လေသလား ထင်မိသည်၊

“ သံသရာ အဆက်ဆက် တပည့်တော် သေခဲ့စဉ်က ဒီတောင်ကုန်းနေရာလေးမှာ မြေချ ခဲ့ရတဲ့ တပည့်တော်ရဲ့ ခန္ဓာကိုယ်တွေ အကန့်အသတ်မရှိ များပြားလောက်တယ်လို့ တွေးဖြစ်ပါတယ်ဘုရား”

မြတ်စွာဘုရားက……….

“ကောင်းပေသည် တိဿ…. သင်တွေးတဲ့ အတိုင်း အမှန်ပင် ဖြစ်၏၊ ဤ လောက သတ္တဝါတို့ မသေဖူးသေးသော အရပ်ဋ္ဌာန မည်သည် မရှိ”

လို့ ထောက်ခံတော်မူပါတယ်၊

( ပိဋကတ်တော် နေရာတော်တော်များများရဲ့ ဇာတ်လိုက် ဖြစ်တော်မူတဲ့ အရှင် အာနန္ဒာကတော့ သူများတွေ မသေဘူးတဲ့ အရပ်ဒေသမှာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊

အနှစ်တစ်ရာ့ နှစ်ဆယ်အရွယ် အရှင်အာနန္ဒာ အရှင်သူမြတ်ဟာ မိမိရဲ့ အသက်အပိုင်းခြားကို ကြည့်တော်မူတဲ့ အခါ “ ယနေ့မှ စ၍ ၇ ရက်မြောက်နေ့မှာ ငါ၏ ၊အသက်အပိုင်းအခြား သည် ကုန်ပေပြီ”

ဟု သိတော်မူတဲ့ အခါ

“နောက် ၇ ရက်မြောက်သော နေ့မှာ ငါသည် ပရိနိဗ္ဗာန် ပြုတော်မူတော့ အံ့”ဟု၊

ရပ်သူ ရွာသားတွေကို သတင်းလွှင့်တော်မူလိုက်ပါသတဲ့၊

ဒီသတင်း ကြားတယ်လဲ ဆိုရော မထေရ်မြတ် သီတင်းသုံးတော်မူနေတဲ့ ရောဟိဏီမြစ်ကမ်းရဲ့ ကမ်းနှစ်ဘက်မှာ ရှိတဲ့ ဒကာ ဒကာမတွေက “ ငါတို့သည် မထေရ်မြတ် အပေါ်မှာ ကျေးဇူး များသူတို့ ဖြစ်၏၊ ငါတို့ ဘက်ခြမ်းမှာ မထေရ်မြတ်သည် ပရိနိဗ္ဗာန် ပြုတော်မူလတ္တံ့” အငြင်းပွားကုန်ကြပါတယ်၊

ဒီသတင်း မထေရ်မြတ် ကြားတော်မူတယ် ဆိုရင်ပဲ

“မြစ်ကမ်း နှစ်ဘက်လုံး မှာ ရှိသော ဒကာ ဒကာမ တို့သည် ငါ့ အပေါ် များသော ကျေးဇူး ရှိသူတို့ ဖြစ်၏၊

အကယ်၍ တစ်ဖက်ကမ်းမှာ ပရိနိဗ္ဗာန် ပြုသည်ရှိသော် တစ်ဖက်ကမ်း နေကြကုန်သော သူတို့သည် ဓားလက်နက်တို့ကို စွဲကုန်လျှက် တစ်ဖက်နှင့် တစ်ဖက် ခိုက်ရန်ဖြစ်ကြကုန်လတ္တံ့၊ ငါ့ ကိုမှီ၍ ခိုက်ရန်ဖြစ်နိုင်သလို ငါ့ကို မှီ၍ပင် ခိုက်ရန်တို့သည် ငြိမ်းအေးရတ္တံ့” လို့ တွေးတော်မူပြီး

“ကမ်းနှစ်ဖက် မှာ ရှိသော သူတို့သည် ရောဟိဏီ မြစ်ကမ်း ထိပ်၌ စုဝေးကြစေ”

မိန့်တော်မူကာ

၇ ရက်မြောက်သော နေ့မှာ ဈာန်ဖြင့် ကောင်းကင်သို့ ကြွတော်မူ၍ ၊ မြစ်ကမ်းရဲ့ အလယ်မှာ ရပ်တော်မူလျှက် ကမ်း နှစ်ဘက်၌ ရှိသော လူတို့အား နောက်ဆုံး တရားဟောတော် မူပါတယ်၊

တရားဟော တော်မူပြီးတဲ့အခါ

“ငါ၏ ခန္ဓာကိုယ်သည် အလယ်မှ နှစ်ခြမ်းကွဲကာ၊ တစ်ခြမ်းသည် ကမ်းတဖက်မှာ ကျ၍ ၊ကျန်တဲ့ တစ်ခြမ်းသည် တခြား ကမ်းတဖက်မှာ အညီအမျှ ကျပါစေသား” လို့ အဓိဋ္ဌာန် တော်မူကာ ထိုင်ရက်နဲ့ပင် တေဇောဓာတ် လွတ်တော်မူလိုက်ပါသတဲ့၊

ကမ်းနှစ်ဘက်မှာ ရှိတဲ့ လူအုပ်ကြီးရဲ့ ငိုညီးသံဟာ ကမ္ဘာမြေကြီး ပျက်နေသလိုပါပဲ လို့ ကျမ်းဆရာတွေက ဆိုကြပါတယ်၊

“ မြတ်စွာဘုရား မရှိတော့တဲ နောက်ပိုင်း ဘုရားရဲ့ အကြိုက်လိုက်ကာ ဘုရားရှင်၏ သပိတ်သင်္ကန်းတော်တို့ကို ဆောင်ယူတတ်တဲ့ အရှင်အာနန္ဒာ ရှိသေးတဲ့ အတွက် ငါတို့ အတွက် ဘုရားရှင် သက်တော်ထင်ရှား ရှိသေးသကဲ့သို့ ဖြစ်၏၊ ယခုမှ ငါတို့၏ ဘုရားရှင်သည် တကယ်ပင် ပရိနိဗ္ဗာန် ပြုတော်မူလေပြီ” ဆိုပြီး

‘၄ လ ပါတ်လုံး အော်မြည် ငိုတမ်း သံတွေဟာ မစဲခဲ့’ ဟုလည်း ဆိုပါတယ်၊)

“ ချစ်သား တိဿ ၊ ဒီ တောအုပ်ကြီးထဲမှာ တစ်ယောက်ထဲနေတာ တောကောင်တွေရဲ့ အသံ ကြောင့် သင်ချစ်သား မှာ ကြောက်စိတ် မဖြစ်ဘူးလား”

နောက်ထပ်မေးခွန်းတခု မြတ်စွာဘုရားက ထပ်မေးတော်မူလိုက်တယ်ဆိုရင်ပဲ…..

“မဖြစ်ပါ ဘုရား” သို့သော်လည်း ဒီတောကောင်လေးတွေရဲ့ အသံကြောင့် တပည့်တော်မှာ တော၌ ပျော်မွေ့ခြင်း ဖြစ်ရပါတယ် ဘုရား ဟု

ဂါထာ ပေါင်း ၆၀ နဲ့ သူ့ကျောင်းသင်္ခန်းလေးရဲ့ မွေ့လျော်ဖွယ် အကြောင်းတွေကို မြတ်စွာဘုရားကို အားရ ပါးရ ကြွားလိုက်ပါတယ်၊

( နဂိုတည်းက ရှည်ခြင်း ဗီဇ ပါလာ၍ ၊ နောက်ထပ် မရှည်စေခြင်း အလိုငှါ ၊ ဂါထာပေါင်း ၆၀ နဲ့ မရှည်ပြတော့ပါချေ)

ကိုရင်လေး တစ်ပါးပေမဲ့ ဒီ အတွေးအခေါ်လေးတွေကို သူက သဘောကျဖူးသည်၊ သံသရာ အဆက်ဆက်က…………………

(၁) မျက်ရည်တွေ သမုဒ္ဒရာ လေးစင်းထက် မက တဲ့

(၂) ငါ မသေဘူးတဲ့ နေရာ သည် မရှိ တဲ့

ဘယ်သူ ရေးမှန်းမသိတဲ့ ကဗျာတပုဒ်က သူ့ နှုတ်ဖျားကို လှုတ်ခတ် စေသည်၊

“ ကာလလေး တွေ တိုလွန်းလို့ ၊ ချစ်ချစ် ခင်ခင် နေကြစို့” တဲ့

ခဏတဖြုတ် လောက မှာ သူတို့ ပြုံးရယ်ခဲ့ကြသည်၊

သူတို့ ငိုကြွေးခဲ့ကြသည်၊

သို့သော် တနေ့……………………………….. (ဒါက အသေချာ ဆုံးအရာ)

ဒါကြောင့်ပင် ဘဝကြီးက နေရတာကို ရိုးအ်ီပြီး၊ အောင့်သက်သက်ဖြစ်ရတဲ့ အချိန်တွေလဲ ရှိနေပေဦးမည်…………………………..

ခုရက်ပိုင်း အတွင်းတော့ တက္ကသိုလ်မှာ စာမေးပွဲတွေ ရှိလို့ ဘလော့ဂ်ပိတ် ချက်တင်ပိတ် (ဝစီကတော့ ပိတ်ချင်မှ ပိတ်မည် စကားများတတ်တဲ့ အမျိုးကိုး) သူ သဘောမတူပဲ ကျင့်ရဦးမည်၊

နောက် တစ်ရက်များစွာရဲ့ စာမျက်နှာတွေဟာ ဒီ တစ်ဘဝ စာတော့ သူ့ အတွက်မဟုတ်တောင် အများ အမြင်မှာ ကြည့်ကောင်းနေဖို့ သူက ခပ်တည်တည်နဲ့တော့ စာအုပ်ကိုင် အော်ချင်ရာ အော်ပြီး စာကျက်ချင်ဟန် ဆောင်လိုက်ပါဦးမည်၊


“ စိတ်လက်ရွှင်ပုံ ရူးသူ့ဘုံမို့

ပြန်ဆုံဦးမည် မင်းနဲ့ငါ”

ကဗျာဆရာ မျိုးမြင့်ဆွေ (လှိုင်းနှင့် ကျောက်ဆောင် ကဗျာမှ)

No comments:

Post a Comment