သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 30 September 2013

I.T ၀ိပဿနာ -_-


ကော်နရှင်လေး
မချင့် တချင်နဲ့
အိပ်မက်တွေဆီ ချဉ်းကပ်ရတာ
ခပ်မှောင်မှောင်

ညရဲ့ ရင်ခွင်ထဲကို
ဘယ်ကောင်က လ ရောင်တွေပြစ်သွင်းပြီး
ကမြင်းခဲ့လဲ

ခပ်စမ်းစမ်း လမ်းတွေထဲ
ဖားအော်သံတွေ လမ်းပြ
မြင်ရဲ့နဲ့ မမြင်အပ်တွေကြား
I.T ဟောတဲ့ တရားပါ တဲ့
ငါနဲ့ သုည 
လကမ္ဘာထဲ တယောက်နဖူး တယောက်
စမ်းမိကြပေါ့…………..

မော်ဒန်ကြီးထဲက ရဟန်းတပါးရဲ့ သင်္ခါရ....


ရဟန်းတပါးရဲ့ ပညတ္တိ ဓမ္မတွေကို
မွမ်းမံဖို့
ရိုးရိုး သမထတွေ ပွားများရဦးမတဲ့

“အနတ္တ” ဆိုတာ ကိုယ်လို သူလိုများအတွက်တော့
ဘယ်အချိန် ထကြည့်ကြည့်
ခပ်စိမ်းစိမ်းကြီးပဲ ရောချ
ကဲ ဒီကိုယ်တော် ဘယ်လောက် “အ” လိုက်လေသလဲဆိုတာ

သစ္စအနက်တွေ ဘယ်လောက်ပြပြ
လောက အနက်ရောင်နယ်ပယ်ထဲက
ကောက်ရိုးမီးတစလို
ဟုန်းခန ထ၊
ဟုန်းခန ကြွ၊
ဟော “နမောတဿ”  ပြီးရင်
အားလုံး အတီတ ………………

Friday 27 September 2013

ဓမ္မ နဲ့ လူသား(၁)......


ဗုဒ္ဓအရှင်က သစ္စာ၎ပါးကို သိပြီးပြီးခြင်း သတ္တာဟ သတ္တဋ္ဌာန ကြွတော် မူပြီးတဲ့ အခါမှာ လောက အမှောင်ကြီးထဲ သစ္စဓမ္မတွေ ထွန်းညှိသင့် မညှိသင့် ကြည့်တော်မူတဲ့ အခါ ဝေနေယျတွေရဲ့ ဖြစ်ပျက်နေပုံတွေကို ကြည့်ပြီး စိတ်ကွပ်တော် မူပါသတဲ့၊
“ငါ ရခဲ့တဲ့ သစ္စာလေးပါး တရားဟာ သိမ့်မွေ့တယ်၊ နုညံ့တယ်၊ ကျယ်ပြန့်တယ်၊ လွယ်လွယ်ကူကူလေး သိ၊ လွယ်လွယ်ကူကူလေး မြင်ရန် အင်မတန် ခဲယဉ်းတယ်၊ ပညာဥာဏ်ကြီးတဲ့ ယောဂီမြတ်တို့သာ သိနိုင်ပြီး ရိုးရိုးကြီး ကြံဆနေရုံနဲ့တော့ သိနိုင်ဖို့ ခဲယဉ်းတယ်၊ ဒီ ဝေနေယျ တွေကတော့ ကာမဂုဏ် ၅ပါးမှာ ငြိကပ် တွယ်တာ ပျော်မွေ့နေကြတယ်၊ ဒီလိုပုံမျိုးနဲ့တော့ ဖြစ်ခြင်း ပျက်ခြင်း အကျိုးတရား သင်္ခါရတို့ရဲ့ အကြောင်းဖြစ်တဲ့ အဝိဇ္ဇာစသော ပဋိစ္စသမုပ္ပါဒ် တရားကို မြင်နိုင်ဖို့ရာတော့ ခဲယဉ်းလိမ့်မယ်၊ ပဋိစ္စသမုပ္ပါဒ် တရားကို မသိနိုင်တဲ့ အတွက် သင်္ခါရတို့ရဲ့ ငြိမ်းရာ၊ ဥပဓိ လေးပါးတို့ စွန့်အပ်ရာ၊ တဏှာတို့ ကုန်ရာ ဖြစ်တဲ့ ရာဂ ဒေါသ စသော ကိလေသာတွေနဲ့ မတပ်မက်ရာ ဖြစ်တဲ့၊ ဇရာမရဏ စတဲ့ ဝဋ်ဆင်းရဲ ဒုက္ခတွေ ကုန်ရာ ဖြစ်တဲ့ နိဗ္ဗာန်ရဲ့ အကြောင်းကိုလဲ မြင်နိုင်လိမ့်မယ် မဟုတ်၊ တကယ်လို့ ငါသည် လောက အတွက် တရားဟောလဲ ၊ ငါ ဟောတဲ့ တရားကို တခြားသူတွေ မသိနိုင်၊ မသိနိုင်တဲ့  သူတွေကို တရားဟောနေခြင်းသည် ငါ့ကိုယ်ငါ ပင်ပန်းဆင်းရဲ အောင် လုပ်ခြင်းနဲ့သာ တူပေမယ်၊”  လို့ စိတ်ကွပ်တော် မူခြင်းက အစ သဟမ္ပတိ ဗြဟ္မာ မင်းရဲ့ လျှောက်တင်ခြင်းကနေ ဗုဒ္ဓဝါဒဆိုတာ စတင် ဖြစ်ပေါ်လာပါတယ်၊
……………………………………………………………………………………….
လူတွေရဲ့ အတ္တလောဘ ဟာ ကိုးကွယ်မှုတွေမှာတောင် ဝင်ရောက် စွပ်ဖက်တဲ့ အထိ စိုးရွားလာခဲ့ပြီလား ? ပေါ့
တကယ်တော့ ကိုးကွယ်မှုတွေရဲ့ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရင် လူတွေရဲ့ အကြောက်တရားနဲ့ အားကိုးလိုစိတ်ကနေ အခြေခံပါတယ်၊
ည အမှောင်တွေ ရောက်ရင် လူတွေရဲ့ အားငယ်စိတ်က တစုံတခုကို အားကိုးတကြီး ဖက်တွယ်ထားလိုပါသတဲ့၊
ဒီလိုနဲ့ သစ်ပင် တော တောင် ချောင်း အင်း အိုင် တောင်ပို့ ဒီကနေ ဖန်ဆင်းရှင် နတ်ဘုရား သူတော်စင် ဆိုပြီး ကိုးကွယ်မှု advance ဖြစ်လာခဲ့ပါသတဲ့၊
ယနေ့ခေတ် အဆိုးရွားဆုံး အခြေနေက ယုံကြည်မှု မတူရင် မကိုးကွယ်သူတွေရဲ့ ပါးစပ်ဖျားက ဘုရားဟာ လူမိုက် ဖြစ်ရရှာပါသတဲ့၊
လူတွေရဲ့ အေးချမ်းမှုကို ကြံဆရင်း တွဲခေါ်ရင်း ဟောပြောရင်းနဲ့ ဘုရားတွေဟာ လူမိုက် ဖြစ်သွားခဲ့ပါသတဲ့၊
ဒါလေးကို ကိုယ်က စာလေး တကြောင်းမှာ သွားဖတ်ဖူးတာပါ ၊
“ယုံကြည်မှုတွေ အကြောင်း ငြင်းကြ ခုံကြရင်း ဘုရားတွေလဲ လူမိုက် ဖြစ်လို ဖြစ်ပေးရ” တဲ့
ကယ်တင်ခြင်း လက်တွေကို တွန်းပို့မယ် လက်တွေလို့ မြင်လာတယ်၊
ကောင်းစေခြင်တဲ့ အမှာစကား သစ္စာ တရားကို ဆဲရေး တိုင်းထွာနေတဲ့ စကားလုံးတွေအဖြစ် မြင်လာတယ်၊
 အဆိုးဆုံးက ဘုရားချင်း ပြိုင်ကြတာပါပဲ၊ ငါ့ ဘုရားက ဘယ်လို၊ နင့်ဘုရားက ဘယ်လို နဲ့ ဘုရားတွေဟာ shopping mall ထဲက ရောင်းကုန်သာသာ ဖြစ်လာခဲ့ကြပါတယ်၊
ဒီလိုနဲ့ တယောက် ဘုရားကို တယောက် လက်ညှိုး ထိုးရင်း ကုသိုလ်ရမယ်လို့ ထင်လာခဲ့ကြတယ်၊
မြတ်ဗုဒ္ဓ အရှင်ဟာ ပါဠိတော် တနေရာမှာ “ရဟန်းတို့ လောကမှာ ဘုရားနှစ်ဆူ တပြိုင်နက် ပွင့်ရန် မဖြစ်နိုင်” လို့ လူတွေရဲ့ အတ္တနဲ့ ဒေါသ  ကြိုတင် သိတော်မူခဲ့ပါတယ်၊
ဗုဒ္ဓအရှင်ဟာ နောက်ပိုင်း လူတွေကို သနားတဲ့ စိတ် ဗြဟ္မာမင်းရဲ့ အသနားခံမှုနဲ့ တရားဟောရန် လောကကို ကြည့်တဲ့ အခါ သတ္တဝါ ဆယ်မျိုးကို တွေ့တော်မူပါသတဲ့၊
(၁) ရာဂ ဒေါသ မောဟ တို့မှာ ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်တဲ့ စွမ်းရည် ဖြစ်တဲ့ ပညာမျက်စိ အားနည်းတဲ့ သူ
(၂) ရာဂ ဒေါသ မောဟ တို့မှာ ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်တဲ့ စွမ်းရည် ဖြစ်တဲ့ပညာမျက်စိ အားကောင်းသောသူ
(၃) ထက်မြက်သော သဒ္ဓါစတဲ့ ဣနြေ္ဒ ရှိသူ
(၄) နုညံ့သော သဒ္ဓါစတဲ့ ဣနြေ္ဒရှိသူ
(၅) ကောင်းသော အရာ၌ ယုံကြည်မှု သဒ္ဓါတရားရှိသူ
(၆) မကောင်းသော အရာ၌ ယုံကြည်မှု သဒ္ဓါတရား ရှိသူ
(၇) သိလွယ် နားလည် လွယ်တဲ့သူ
(၈) မသိလွယ် နားလည် မလွယ် ထုံအတဲ့ သူ
(၉) တမလွန်လောက ရဲ့ အကုသိုလ် အပြစ်တို့ကို ဘေး ဟု ရှုမြင်၍ နေထိုင်သူ
(၁၀) တမလွန်လောက ရဲ့ အကုသိုလ် အပြစ်တို့ကို ဘေး ဟု မမြင်တတ်ဘဲ နေထိုင်သူ
ရေမှာပဲ ပေါက် ရေမှာပဲ ကြီးပြီး ရေထဲမှာပဲ နစ်ပြီးတော့ နေသော ကြာ၊
ရေမှာပဲ ပေါက် ရေမှာပဲ ကြီးပြီး ရေမျက်နှာပြင် နှင့် ညီမျှစွာ တည်နေသောကြာ၊
ရေမှာပဲ ပေါက် ရေမှာပဲ ကြီးပြီး ရေအထက်လွန်ကာ ရေပြင်နဲ့ မလိမ်းကျံ ရေမှ လွတ်သော ကြာ၊ ဆိုပြီး ကြာသုံးမျိုးနဲ့ နှိုင်းပြတော်မူခဲ့ပါတယ်၊
ဘာပဲပြောပြော ကိုယ်တွေးမိတာ အဲ့တုန်းက ဗုဒ္ဓအရှင်ရဲ့ မဟာကရုဏာတော်နဲ့ ဘုရားရှင် ကြိုတင် စိတ်ကွပ်တော် မူခဲ့သလို “တရားဟောနေလဲ ဒီလူမိုက်တွေနဲ့ ငါ ပင်ပန်းရုံပဲ ရှိမယ်”  ဆိုတဲ့ အတိုင်း
လောကရဲ့ အပြစ်အနာတွေကို  သွန်သင် ဆုံးမ ပြနေတဲ့  တရားတွေတော်တွေဟာ တကယ်ပဲ ကိုယ့်လို ငမိုက်သား လူတွေနဲ့ မထိုက်တော့ ပြီလား ဆိုတာပါပဲ……………………….

တော ပစ်

ပုံပန်းမလာ
အနာဂတ်ရဲ့ ဆေးဆိုးပန်းရိုက် အလှတွေထဲ
မိန်းမောသွားလေလား
ဟော့ဒီမှာ
`ခြေစုံရပ် ဘဝကိုတော့ သားရယ်
လောင်းကြေးမထပ်လေနဲ့` တဲ့
ဗေဒင်ဆရာမရဲ့ မျက်ဝန်းလွှာကြား
နက္ခတ်မှားတို့ ပြေးလွှား
ဒီ အံတိုနေတဲ့ ဒိဝသတွေပဲ
ကောက်ကောက်တပ်ရင်း
မြင်းစီး ခရီးနှင်ခဲ့ပေါ့.......

Wednesday 25 September 2013

ဝေး ကွာ...

အိပ်မက်တွေ မက်
ညတွေကို ဖတ်ရတာ
ပျာတိ ပျာယာ

ယုံယုံ ကြည်ကြည်
ဘဝခြားခံရတာလောက်
ဘယ်ကောင်းကင်က
ပို အမှောင်ဆန်နေပါ့မလဲ မေမေ

တနယ်ဆီ.......
တနေရာဆီ.......
လက်ပိုက်ခေါင်းငြိမ့်လို့
ပြဇာတ်ဆန်တဲ့ တရားက
အသွေးနဲ့ အသားကြား စိမ်းစိမ်းကားကား.......

Tuesday 24 September 2013

international သာသနာ ပြု ........


တိဗက်(Tibet) ဆိုတဲ့ လူတွေက နိုင်ငံပျောက်ပြီး ဟိုနိုင်ငံကပ် ဒီနိုင်ငံကပ်နဲ့ အတည်တကျ နေစရာသာ မရှိတာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရားကိုကျတော့ ကမ္ဘာကို ထိုးဖေါက်နိုင်စွမ်း အပြည့်ရှိပါတယ်။
အဲ့ဒါဘာလဲ ဆိုရင် တိဗက်ခေတ်လူငယ်နဲ့ ရဟန်းတော်တွေရဲ့ ဘာသာစကားကျွမ်းကျင်မှုနဲ့ ဘာသာခြားတွေ မေးလာရင် ဖြေနိုင်ဖို့ “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဆိုတဲ့အတိုင်း ဗုဒ္ဓဝါဒရဲ့ ပျော့ကွက်၊ ဟာကွက်နဲ့ လိုအပ်ချက်တွေကို အချင်းချင်း ကြိုတင် ညှိုနှိုင်း ထောက်ပြပြီး ပြင်ဆင်ထားနိုင်တဲ့ စွမ်းရည်ကြောင့်ပါပဲ၊
မြန်မာပြည်မှာတော့ တချိန်က အာဏာရ ဘုန်းတော်ကြီးများရဲ့ ဘာသာစကားကွဲပြားရင် “ခွေးစာ” လို့ သတ်မှတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးကို မဆန့်ကျင်ရဲခဲ့ကြလို့ international  သာသနာပြု ဆိုတဲ့ ဆိုင်းဘုတ်အောက်က ဘုန်းတော်ကြီးတော်တော်များများဟာ ဒယ်အိုးဆရာတော် ပြောသလို စင်္ကာပူရောက် မြန်မာများကို တရားဟောပြရုံ၊ မလေးရှားရောက် မြန်မာများကို တရားဟောပြရုံနဲ့ ပြည်ပ သာသနာပြုဆိုပြီး လူထင်ကြီး ပက်ပက်စက်စက် ခံပြစ်လိုက်တော့တာပါပဲ၊
အာဏာရှင်အစိုးရလက်ထက်က သတင်းလှောင်ထားတဲ့ media အုပ်စုက ထေရဝါဒဗုဒ္ဓဘာသာနဲ့ ပတ်သတ်ရင် မြန်မာပြည်က ဘယ်လို ဦးဆောင်တာ၊ ညာလို ဦးဆောင်တာနဲ့ ဆဋ္ဌသံင်္ဂါယနာလေးပြပြပြီး ဘယ်လောက်ပင် ကြွားဝါ ရေးနေလင့်ကစား တကယ်တမ်း ခုလို သတင်းပွင့်လင်း ခေတ်မှာ ပြန်ကြည့်ရင် သီရိလင်္ကာသာသနာပြု ထေရ်တွေရဲ့ ခြေဖျားတောင် မနည်းလိုက်ရမဲ့ အခြေနေဟာ ငြင်းမရတဲ့ မြန်မာပြည်သာသနာရဲ့ ကျဆုံးမှု အဖြစ် ဝမ်းနည်းစရာပါ၊
အရင်ဘုရင်များ လက်ထက် မုဆိုးမ တယောက်ကို ဘုရားတဆူတည်တဲ့ ခေတ်က လွဲ၊
ခု ဗိုလ်ချုပ်တစ်ယောက်ကို ဘုရားတစ်ဆူတည်တဲ့ ခေတ်မှာ နိုင်ငံခြား တကယ်သာသနာပြုနေတဲ့ ထေရ်ရှင်တွေဟာ အစိုးရဆီက သေချာတိကျတဲ့ ထောက်ပံ့ အားပေးမှုကို မရခဲ့တာ အမှန်ပါပဲ၊
(လူတွေ မပြောနဲ့ ကိုယ်တွေ ကျောင်းတက်နေတုန်း passport သက်တမ်းတွေ ဘာတွေ ကုန်လို့ သက်တမ်းတိုးဖို့လေးတောင် သံရုံးမှာ မျက်တောင်လေး ပေကလပ် ပေကလပ်လုပ်၊ ခြေသလုံး ဖက်ထားရမတတ် တောင်ပန်းတိုလျိုးရတာတောင် အငေါက်ခံရသေးတာရယ်)
သာသနာကို တကယ် ထောက်ပံ့ချင်တယ်ဆိုရင် တကယ်လုပ်နေတဲ့ ပြည်တွင်း ပြည်ပ သာသနာပြု ထေရ်ရှင်တွေကို သင်္ကန်းသွားကပ်နေစရာ မလိုပါဘူး၊
နောက်ကနေ ဝမ်းမြောက်တဲ့ စိတ်ထားနဲ့ လက်ခုပ်တီးပြီး သာဓုခေါ် အားပေးနေတယ် ဆိုရင်ပဲ ကျေနပ်စရာပါ၊
တကယ်တမ်း မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ဓလေ့ဟာ ဗုဒ္ဓဘာသာနဲ့ ခွဲခြားလို့ မရတဲ့ အတွက်
ဂျပန်နဲ့ ဇင်ဝါဒလိုပဲ သာသနာပြု ထေရ်ရှင်တွေကနေ တဆင့်တောင် ကိုယ့်နိုင်ငံ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေ အကြောင်း တကမ္ဘာလုံး ကြားအောင် ပြောပြလို့တောင် ရပါသေးတယ်…………..


Sunday 22 September 2013

ကံစမ်းမဲ လိုလူ.......


ငါဟာ ရေငံသောက်
မြက်ခြောက်စား တဲ့
ဗလာ မပါ ကံစမ်းမဲလို လူပေါ့ကွဲ့

ငါ့မျက်နှာကို ငါ
ရိုးသားမှုနဲ့ဖုံး
ဒါတောင် အနံ့ထွက်တယ်လို့ ဆိုကြသေးလေ

ငါ့အပြစ်နဲ့ ငါပါပဲ
ဥပမာတွေနဲ့ ကိုးကားနေရတာကိုးက
ရိုးစင်းတဲ့ ဘဝဖြစ်ပါသတဲ့

ဒီလိုပါပဲ ….
ကိုယ့်လရိပ်လေးနဲ့ ကိုယ်
မိုးစိုစိုမှာ
နားခိုစရာ ရှာနေဆဲ …………………