သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 9 September 2013

အဖေ့ဂုဏ်ရည် (၂)



ဒီလိုနဲ့ ကြိုမသိနိုင်တဲ့ အနာဂါတ်ကို တားစီးဖို့ ဝေဒဟီမိဖုရားဟာ ဥယျာဉ်တော်ထဲ သွား၊
၃ ခါတိုင်တိုင် သန္ဓေသား ပျက်စီးဖို့ အရေး ကြိုးစားတော် မူရှာသတဲ့၊
ဒါကို သိတော်မူတဲ့ တိုင်းကြီးရှင် ဗိမ္ဗိသာရက သားတော်လေး ပျက်စီးသွားမှာ အရမ်းစိုးရိမ်တော် မူသွားပြီး
“ဟဲ့ ဟဲ့ အထိန်းတော်တွေ မိဖုရားကြီးကို မထိန်းကြဘူးလား ဟ” ဆိုပြီး ဆူ မာန် ဟောက်ကာ မိဖုရားကြီး ဘယ်သွားသွား လုံခြုံရေးကို ထူထပ်စွာ ချပေးခဲ့တော်မူပါတယ်၊
မမြင်ရသေးတဲ့ သားတစ်ယောက်ပေါ်ထားတဲ့ ဖခင်ရဲ့ ကြီးမားတဲ့ မေတ္တာတရားပါ၊
ဒီလိုနဲ့ ကလေးလေးရဲ့ နာမည်ဟာ (အဇာတ=မမွေးခင်ကတည်းကပင်၊ သတ္ထု=ရန်သူ) ဆိုပြီး ထင်ရှားလာခဲ့ပါတယ်။
‘ကလေးမွေးဖွားပြီ’ ဆိုတာနဲ့ မွေးဖွားပြီးပြီးချင်း ကလေးနဲ့ မိဖုရားကို ပေးမတွေ့ဖို့ အမိန့်တော်ပြန်ပြီး “ဖေဖေ မေမေ” လို့ ခေါ်တတ်တဲ့ အရွယ် စကားတီတီတာတာ ပြောတတ်တဲ့ အရွယ်ကျမှ မိဖုရားကြီးနဲ့ ကလေးကို ပေးတွေ့လိုက်ပါတယ်။
သားကို မြင်မြင်ချင်း ဘယ်လောက်ပဲ အရင်က ကိုယ့်ယောက်ျားကို သတ်မဲ့ သားမို့ မုန်းခဲ့ မုန်းခဲ့ သားရဲ့ မျက်နှာလေးကို မြင်လိုက်ရတယ် ဆိုရင်ပဲ မိဖုရားကြီးရဲ့ ရင်ထဲမှာ အရမ်းအင်အားကြီးတဲ့ ချစ်ခြင်းတရားက ကိန်းဝပ်တည်ပါသတဲ့။
ကိုယ့်ကို သတ်မဲ့ သား တိုင်းပြည်ကို ရန်ရှာတော့မဲ့ သားမှန်း သိရက်နဲ့ ငါ့ရင်သွေး ငါ့သား ဆိုတဲ့ ချစ်ခြင်း အဟုန်က မွေးဖွားပြီးပြီးချင်း သွေးနုသားနုမှာ မိခင်က သတ်လိုက်မှာ စိုးရိမ်တဲ့ သားပေါ်ထားတဲ့ ဖခင်တယောက်ရဲ့ ကြီးမားတဲ့ မေတ္တာတရားဖြစ်ပါတယ်။
ဒီလိုနဲ့ အဇာတသတ္ထုလေး အရွယ်ရလာတော့ ဆရာ ဒေဝဒတ္တ နဲ့တွေ့………
တံခိုးပြ၊ ထီးနန်းသိမ်းဖို့ မြူစွယ်စကားအောက်မှာ မျောပါတဲ့ ကလေးတယောက်ရဲ့ အသိဟာ ဖခင်တွေ ဘာတွေ နားမလည် ဓားမြောင် ပေါင်မှာ ထိုးပြီး ဖခင်ကို လုပ်ကြံဖို့ အိပ်ခန်းတော်ကို ဝင်ခဲ့ပါတယ်၊
ဒါကို မင်းကြီးရဲ့ အစောင့်ရှောက် မှုးမတ်တွေက သိ၊
ဖမ်းပြီးတော့ မင်းကြီးကို အကျိုးအကြောင်းလျှောက်တော့
“ငါ့သား ဘာကြောင့် ဓားကို ပေါင်မှာထိုး၍ ငါ့ဆီလာသနည်း၊”
“ထီးနန်းလိုချင်လို့ပါ”
“ငါ့သား ငါမရှိရင် ဒီထီးနန်းနှင့် မင်းနေပြည်တော် တခုလုံးသည် ငါ့သားအတွက်သာ ဖြစ်၏၊ သင့်အား ဘိသိတ်သွန်းကာ ငါ ထီးနန်းပေးမည်” ဟု ချက်ချင်း ထီးနန်းလွှဲပေးပါသတဲ့
ဒါလည်း အထက်ဆရာဒေဝဒတ်က မကျေနပ် “သတ်ပြစ်မှကို ဖြစ်မှာကွ မင်းထီးနန်းကို ပြန်လုလိမ့်မယ်”
ဆရာမှားခြင်းရဲ့ အကျိုးဆက်က ကိုယ့်ဖခင်ကို ပြန်သတ်ဖို့လောက်တောင် တွန့်ဆုတ် မနေတော့ပါဘူး၊
ချက်ခြင်းဖမ်း၊ သတ်ရမယ်လဲ ဆိုရော
“နေဦး မင်းမျိုးမင်းနွယ်တို့ ဆိုတာ အကြမ်းနည်းနဲ့ သတ်လို့ မကောင်း၊ အနုနည်းနဲ့ အစာ အငတ်ထားကာ သတ်မှ ရမယ်” လို့ ဆရာက အကြံပေးတယ် ဆိုရင်ပဲ ဆရာ့စကား မြေဝယ်မကျ နားထောင်သူ ပီပီ ဖခင်ကို သံလှောင်အိမ်ထဲ ထည့်၊ မိခင်မှလွဲ ဘယ်သူမှ တွေ့ခွင့် မရှိလို့ အမိန့်တော် ပြန်လိုက်ပါတယ်၊
‘ဝေဒဟီ မိဖုရား ယသော်ဓရာ လောက် ပါရမီဖြည့်ခံ မဟုတ်ခဲ့ရင်တောင် အဲ့ခေတ်ရဲ့ စံပြ အမျိုးသမီး စရင်းမှာ ပါတဲ့ သူ’    သူက နန်းကျအရှင် ဗိဗ္မိသာရ ကို သိပ်ချစ်ပါသတဲ့လေ၊
နေတိုင်း ဆွမ်းအုပ်လေးပိုက် မင်းကြီး ဆာနေရှာမှာ စိုးလို့ သံလှောင် အိမ်ထဲ ဝင်ဝင်ပြီး အစာရေစာ ကျွေးပါသတဲ့၊
ဒါကို မသိနားမလည်တဲ့ အဇာတသတ် ချာတိတ်မင်းက “ဟဲ့ ငါ့ ဖခမည်းတော် အသက်ရှင်တုန်း” ဆို မေးတယ်ဆိုရင်ပဲ မှုးမတ်တွေက မိဖုရားကြီးကြောင့်ဆိုပြီး အကျိုးကြောင်းလျှောက်
“ကောင်းပြီ နောက်ရက်တွေ ဆွမ်းအုပ် ယူခွင့်မရှိ” ပိတ်ပင်လိုက်ပါတယ်။
ဒါနဲ့ မိဖုရားကြီးက အသားတစ်တွေကို အခြောက်ခံလှမ်း၊ လုံးလုံးပြီး ဆံထိုးမှာ ထိုး၊ မင်းကြီး ဝမ်းတော်အရေး ဒုတိယအကြိမ်မြောက် ကြံရရှာပြန်သတဲ့၊
ဒါလည်း အဇာတသတ်က သိ၊
“ကဲ အဲ့လိုလဲ မလုပ်ရ” ဆိုတော့ မိဖုရာကြီးဟာ တတိယ အကြိမ်မြောက် အဖြစ် သူ့ဖိနပ်ရဲ့ အောက်က (ဒေါက်ဖိနပ်များလို)  အခွန်ခွက်လေးထဲ အစာထည့်ပြီး မင်းကြီးဆီ လာကျွေးရှာပါသတဲ့၊
တနေ့မှာ ဒါလည်း မင်းအဇာတသတ်က သိသွားတော့
“သံလုံအိမ်ထဲ ဝင်ရင် ဖိနပ်မစီးရ” ဥပဒေ ထပ်ပြထမ်းပြန်ပါတယ်၊
ဒါနဲ့ မိဖုရားကြီးဟာ စတုတ္ထအကြိမ်မြောက် နောက်ဆုံး အကြံတော် အဖြစ် တကိုယ်လုံး အမွေးနံ့သာတွေနဲ့ ရေထပ်ထပ် သန့်စင်အောင် ချိုးပြီး ပျားရည် သကာရေ တွေကို ခန္ဓာကိုယ်အနှံ့ လိမ်းကျံသွားပါသတဲ့
ဒီလိုနဲ့ ဖခမည်းတော် အသက်ရှင်နေသေးတယ် ဆိုတဲ့ အသံကြား
“ဘာလို့တုန်းဟ” ဆိုပြီး စိစစ်တော့ ကိုယ့်အမေကြောင့်ဆိုတာ သိရသတဲ့၊
“ဒီနေ့ကစလို့ ဘယ်တော့မှ မိဖုရားကြီးလည်း သံလုံအိမ်ထဲ ဝင်ခွင့် မရှိ” လို့ အမိန့်တော် ထားလိုက်ပါသတဲ့၊
ဖခင်တယောက်ရဲ့ ချစ်ခြင်း ဘယ်လောက် ကြီးမားလိုက်သလဲ ဆိုတာ ဗိမ္ဗိသာရ မင်းတရားဟာ ငါ့သားတော်က “ငါ့ကို လုပ်ရက်လိုက်လေခြင်းလို့ ဘယ်တုန်းကမှ မငြူစူ ခဲ့ပါဘူး” တဲ့လေ
(ခေတ်သစ်ကရုဏာဒေါသ စကားနဲ့ ပြောရရင် “ကိုယ့်ကို သတ်နေတဲ့ သားမှန်း သိရက်နဲ့ အဲ့လောက် အ ရသလား အဖေရယ်” လို့ ပြောရမလိုပဲ)
မင်းကြီးဟာ ဗုဒ္ဓရှင်ရဲ့ သာဝက သောတာပန် ပုဂ္ဂိုလ်ရှင် ပီပီ သောတာပတ္တိဖလ သမာပါတ်ကို စင်္ကြလျှောက် ဝင်စားရင် အစာရေစာ ဖြတ်ထားခဲ့ပေမဲ့ အသက်ရှင် နေထိုင်တော် မူနိုင်ပါသတဲ့၊
အဇာတသတ်က ဖခမည်းတော် အခြေနေမေး၊ အသက်ရှင်သေးတယ်လဲ ဆိုရော ‘ဘာဖြစ်လို့တုန်း’ ဆိုတော့ လမ်းလျှောက်ပြီး အသက်ရှင်နေတဲ့ အကြောင်း မှုးမတ်တွေက လျှောက်တော့
“ကောင်းပြီ ဒီလောက် အသက်ပြင်းတာ လမ်းလျှောက်နိုင်တဲ့ ဖဝါးကို ခွဲ ဆားသိပ် မီးကင်စေ” ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်၊
ဆတ္တာသည်တွေဟာ သင်တုန်းဓား ကိုင်ပြီး သံလုံ အကျဉ်းတံခါးဝမှာ ရပ်လိုက်တယ် ဆိုရင်ပဲ သားကို အပြစ်မမြင်တဲ့ ဖခင်ရဲ့ မြင့်မြတ်တဲ့ နှလုံးသားကို ကိုယ်က သွားတွေ့ခဲ့ပါတယ်၊
“ငါ့သားတော်ဟာ ခုဆို အသိတရားရလို့ ဆတ္တာသည်တွေနဲ့ ငါ့ရဲ့ ဆံ မုတ်ဆိတ် တို့ကို ရိတ်ပယ်၍ ငါ့အား ပြန်လာခေါ်ချေပြီ” ဆိုပြီး ဝမ်းသာအားရ ဖြစ်တော်မူပါတယ်တဲ့
ဒါပေမဲ့ မှန်းချက်နဲ့ လွဲ၊ ဖြစ်ကြောင်းကုန်စင်လျှောက်၊ အရှင့်ခြေထောက်ကို အရှင်လတ်လတ်ခွဲရမယ့်  အမိန့်တော် ထားတဲ့ အကြောင်း မင်းမိန့်ဖြစ်လို့ မလွန်ဆန်ရဲပေမဲ့ အရှင့် ကိုအဲ့လို လုပ်ဖို့ စိတ်ကူးထဲတောင် မရှိတဲ့ အကြောင်း ဆတ္တာသည် အားလုံးက ဒူးထောက်တောင်းပန်ပါသတဲ့၊
“ကဲ ရှိစေတော့ အမိန့်တိုင်းသာ လုပ်ကြစေ” ဆိုပြီး သားတော်ရဲ့ အမိန့်ကို ဖခင်တစ်ယောက်က ကျေကျေနပ်နပ်ကြီး ခံယူခဲ့ပုံများ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်လေမလဲ။
ဒီလိုနဲ့ မင်းတရားကြီးဟာ အသက် ၆၇ မှာ စိတ်မာန်ချ အစာရေစာ ပြတ်လတ်ပြီး နတ်ရွာစံ ကံကုန်တော်မူပါတယ်။
မင်းကြီး နတ်ရွာစံ ကံတော်ကုန်တဲ့ အချိန်မှာပဲ “အဇာတသတ္ထု” မှာ “ဥဒယ ဘတ္တ” ဆိုတဲ့ သားတော် တစ်ပါး ဖွားမြင်ပါတယ်၊
စံအိမ်တော်တွေက မင်းနန်းတော်ကို သတင်းစာလွှာ နှစ်ခု ဆက်သ ပါတယ်။
တစ်ခုက ဖခမည်းတော် ဗိမ္ဗိသာရ နတ်ရွာစံပြီ ဆိုတဲ့ သတင်း၊
တစ်ခုက သားတော် ဥဒယ ဘတ္တ မွေးဖွားပြီ ဆိုတဲ့ သတင်း၊
အဇာတသတ် ဟာ သားတော် “ဥဒယ ဘတ္တ” ဖွားမြင်ကြောင်း သတင်းကို ဖတ်ပြီးပြီးချင်းမှာပဲ “သားတော် ဥဒယဘတ္တ” အပေါ် ထားတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းဟာ အင်အားကြီးတဲ့ အရှိန်နဲ့ နှလုံးသားမှာ ဖြစ်ပေါ်လာပါတယ်။
ဖြစ်ပေါ်ပေါ်ခြင်း ဘာကို သွားသတိရလဲ ဆိုတော့ သူ့ရဲ့ ဖခမည်းတော် ဗိမ္ဗိသာရ ကို သွားသတိရပါသတဲ့။
“ငါ့ဖခင်တုန်းကဆိုရင်လည်း ငါ့ကို အရမ်းချစ်ခဲ့မှာပဲ” ခမည်းတော်ကို အရမ်းတွေ့ချင်တဲ့ စိတ် ဖြစ်ပေါ်လာပြီး၊ “ငါ့ဖခမည်းတော် ဘယ်မှာလဲ” လို့ မေးကာ ဒုတိယ စာလွှာသတင်းကို ဖွင့်ဖေါက်ဖတ် ဖခမည်းတော် ‘နတ်ရွာစံပြီ’ ဆိုတဲ့ သတင်းကိုလဲ ကြားရော အဲ့တော့မှ သားမိုက်တစ်ယောက်ရဲ့ နောင်တ နဲ့ ချုံးပွဲချ ငိုပါတော့တယ်၊
ပူဆွေးသောကတွေနဲ့ မင်းအဇာတသတ်ဟာ မိခင် ဝေဒဟီဆီ အခစားဝင် ‘သူမှားပြီ’ ဆိုတဲ့ အကြောင်းလျှောက်တော့ ဝေဒဟီမိဖုရားကြီးက……………
“မင်းနှယ့် မိုက်လိုက်လေခြင်း၊ ငါ့မှာတော့ မပြောသာလို့ မပြောရဲလို့ မပြောရတာ၊ မင်းငယ်ငယ် လက်မှာ ခူနာတွေ ပေါက်တဲ့ အချိန်ကလေ အထိန်းတော်တွေက ထိန်းမနိုင်လောက်အောင် ငိုနေတဲ့ အချိန်တုန်းက မင်းအဖေ ဗိမ္ဗိသာရက ပွေ့ပြီး  အနာတွေ ပေကျံ့နေတဲ့ မင်းရဲ့လက်ကို သူ့ပါးစပ်လေးနဲ့ ငုံပေးထားခဲ့တာ၊
ခူနာတွေအပြည့်နဲ့ မင်းရဲ့လက်က ပြည် သွေးတွေဟာ မင်းအဖေရဲ့ အာငွေ့ကြောင့် ပေါက်ထွက်ကုန်တာပေါ့ တကယ်လို့ မင်းလက်ကို လွှတ်ပြီး ထွေးထုတ်လိုက်ရင် မင်း နိုးသွားမှာ စိုးရိမ်တော်မူတဲ့ အတွက် ပါးစပ်ထဲက ပြည့်သွေးတွေကို ထွေးမထုတ်ဘဲ မျိုချပြစ်ခဲ့တာကွယ့်၊ ဒီလောက် မင်းအပေါ်မှာ ချစ်တဲ့ မင်းအဖေကိုများ မင်းမို့လုပ်ရက်လိုက်လေခြင်း”
သားမိုက်တစ်ယောက်ရဲ့ နောင်တတွေဟာ ဘယ်လောက် ဗလောင်းဆန်နေလိမ့်မလဲ ဆိုတာ၊
ဖခင်တော်တော်များများဟာ လူရှေ့သူရှေ့မှာ ကိုယ့်သားသမီးပေါ် ကိုယ်ဘယ်လောက် ချစ်ကြောင်း ထုတ်ဖော်မပြတတ်ကြပါဘူး၊ သူတို့ ချစ်ခြင်းကို သူတို့ ရင်ထဲမှာပဲ အင်အားကြီးတဲ့ အစိုင်ခဲ အဖြစ်နဲ့ ထားတတ်ကြပါတယ်၊ ဒါကို သားသမီးတွေက အထင်မမှားကြဖို့ သံသယ မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်၊
တကယ်တော့ ဖခင်ဆိုတာ “ပုတ္တ ဓီတရာနံ ပါတိ ရက္ခတီတိ ပိတာ” လို့ ဆိုပါတယ်။
သားသမီးတို့အား စောင့်ရှောက်တတ် ကျွေးမွေးတတ်လို့ အဖေလို့ ခေါ်တာပါ၊
တိုင်းကြီးရှင် ဗိမ္ဗိသာရဟာ ကိုယ့်ကို သတ်မဲ့ သူမှန်း မမြင်ရသေးခင်ကတည်းက သိပေမဲ့ ဘာဖြစ်လို့ မတားဆီးခဲ့လည်း ဆိုရင် ‘သတ်ချင်လည်း သတ်စေတော့’ ဆိုတဲ့ အဖေ တစ်ယောက်ရဲ့ ကြီးမြတ်တဲ့ မေတ္တာတရားကြောင့်ပဲ ဖြစ်ပါတယ်၊
အဇာတသတ်ဟာ ကိုယ့် အဖေကို သတ်ခဲ့တဲ့ ကြီးမားတဲ့ စိတ်သောကတွေကို ဖြေဖျောက်ဖို့ ဆရာဇီဝက ကျေးဇူးနဲ့ ဘုရားဆီ အရောက်သွား အဖ သတ်ခဲ့တဲ့ ကံကို ဝန်ချ တောင်းပန် လျှောက်ထားတယ် ဆိုရင်ပဲ
ဗုဒ္ဓအရှင်ဟာ တန်းဆောင်းမုန်းလပြည့် နေ့ အခါသမယမှာ သာမညဖလ သုတ် ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။
“ချစ်သားတို့ အဖသတ်ခဲ့တဲ့ ကံ သာ ပါမလာလျှင် အဇာတသတ်သည် ဟော့ဒီသာမည ဖလ သုတ်ရဲ့ အဆုံးမှာပင် သောတာပန် တည်ပေလိမ့်မည်၊”
သားမိုက်တစ်ယောက်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးခြင်း ဖြစ်ပါတယ်၊
သံယုတ်ပါဠိတော်တနေရာမှာ “မိဘရဲ့ ကောင်းစေချင်တဲ့ ဆုံးမစကားကို နားမထောင်တဲ့ သားသမီးတိုင်းဟာ အလုံးစုံသော အကုသိုလ်ကို ကျုးလွန်နေခြင်း ဖြစ်ပေ၏” တဲ့
မိဘတွေဟာ ဘယ်တော့မဆို သားသမီးတွေပေါ်မှာ အဆိုးမြင်ခဲပါတယ်၊ မြင်ရမယ် ဆိုရင်တောင် လုံးဝ မတတ်သာ တဲ့ အဆုံးမှသာ မြင်ကြတာပါ၊
တရားဟော ဆရာ ပြောသလိုပဲ
“ကျွန်တော်တို့ဟာ မိဘတွေ ကိုယ့်အပေါ်ပေးဆပ်ခဲ့တဲ့ နှစ်တွေရဲ့ ဆယ်နှစ်လေးလောက်ကိုပဲ ပြန် မိဘတွေပေါ် အကျိုးပေးနိုင်ခဲ့ရင်ပဲ တော်တော် တော်လှပြီ”

No comments:

Post a Comment