သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 9 September 2013

အဖေ့ဂုဏ်ရည် (၁)



ရွာတစ်ရွာမှာ
အမွေခွဲပေးအပြီး ထွက်ခွါသွားတဲ့ သားနဲ့ သမီးကို မိဘ နှစ်ပါးက စောင့်နေပါသတဲ့၊
ကတိတွေ အထပ်ထပ်နဲ့ကိုး၊(ပြန်လာမယ်လို့လေ)
မိဘတွေဆီမှာ ခွေးလေး တစ်ကောင်လဲ မွေးထားသတဲ့၊
သမီးကြီးက ခွေးလေး မွေးချင်လို့ပါ ဆိုပြီး ခွေးလေးပါ သူတို့နဲ့ တပါးတည်း ခေါ်သွားပါတယ်၊
‘ရှိတာ အကုန်မ’   ပြန်လာမယ် ဆိုတဲ့ ကတိတစ်လုံးပဲ မိဘတွေနဲ့ ထားခဲ့ သတဲ့၊
ဒီလိုနဲ့ နေ့ည များစွာ မိဘနှစ်ပါးက မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေရှာသတဲ့
“ငါတို့ သားနဲ့ သမီးကတော့ ငါတို့ ကို ပြစ်ထားမှာ မဟုတ်ပါဘူးလေ” ဆိုတဲ့ အသိတရားက မိဘနှစ်ပါးကို ဝမ်းဝနေစေခဲ့တာပေါ့၊
တစ်ည သံခေါင်ကျော် ၁၂ နာရီ တစ်ချက်တီးအချိန်လောက်
အိမ်ရှေ့ တံခါးဝမှာ တချွတ်ချွတ်နဲ့ အသံကို ကြားတော့
မိဘ နှစ်ပါး က ဝမ်းသာအားရ
“ငါတို့ သားနဲ့ သမီးကတော့ ငါတို့ ဆီကို ပြန်လာပြီ” ဆိုတဲ့ အသိနဲ့ တံခါးဆွဲ အဖွင့်
အိမ်ရှေ့မှာ……………………..
‘သခင်ဟောင်းတွေကို အမြီးနှံ့ပြီး ကြည့်နေတဲ့ ခွေးလေး တကောင်တည်းသာ’ တဲ့
…………………………………………………………………
တရားဟော ဆရာကတော့ ဆက်ပြောပါတယ်။
“မိဘတွေကို ဘာလို့ စုန်ရေ လို့ လောကစကားပြောလဲ ဆိုရင် သားသမီးတွေဟာ မိဘတွေ ပေးဆပ်ခဲ့တဲ့ နှစ်တွေရဲ့ ၁၀ နှစ်လောက်ကိုပဲ ပြန်ဆပ်ဖို့တောင် ဝန်လေးကြတယ်ဗျ၊ ပထမ မိဘတွေဟာ သားသမီးတွေ ကြီးပြင်းလာဖို့ ပျိုးထောင်ရတယ်၊ နောက်ပညာတတ်ကြီးတွေ ဖြစ်ဖို့၊ နောက် စီးပွါးရေးထဲ ထည်ထည်ဝင်ဝင် ဖြစ်ဖို့  အရင်းနှီးများစွာ ငွေ မေတ္တာ ကရုဏာ အကုန်ပေးဆပ်ပြီး မြုပ်နှံ့ခဲ့ကြပေမဲ့ ၊ သားသမီးတွေဟာ သူတို့အောင်မြင်လာတဲ့ အချိန်မှာတော့ မိဘတွေကို အချိန်မပေးပဲ တခြားသူအတွက် ပေးဆပ်ပြစ်လိုက်ကြတော့တာပဲ”
မချင့်မရဲ နဲ့ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင်
ဖခင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ မေတ္တာဆိုတာ လက်တွေ့မှာ ကိုယ်လို လူ တစ်ယောက်အတွက်တော့ အလှမ်းကွာလှတာ အမှန်ပါပဲ၊
ဒါပေမဲ့ ကိုယ့်ကို သတ်မဲ့ သားမှန်းသိရက်နဲ့ အနှိုင်းမဲ့ ချစ်ခြင်းတွေ အပြည့်ဝ ပေးခဲ့ရှာတဲ့ ဘဝရဲ့ မြင့်မြတ်သော ဖခင်တာဝန်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်နေကြသော မဂဓတိုင်းရှင်လို ဖခင်ကောင်းများအတွက်………..
………………………………………………………….
မဂဓတိုင်းရှင် ဟာ အသက်၁၅ နှစ်မှာ ထီးနန်းရပြီး၊ ၆၇ နှစ်မှာ နတ်ရွာစံ ကံတော်ကုန်ပါတယ်။
ဗုဒ္ဓရှင်တော်အောက် ၄ နှစ်ငယ်တဲ့ တိုင်းရှင်ဟာ ဗုဒ္ဓရှင်တော်နဲ့သူငယ်ချင်း ဖြစ်ရုံသာ မက သူ့ရဲ့ ဖခင်ဖြစ်တဲ့ ဘာဂိနေယျ နဲ့ ဗုဒ္ဓရှင်တော်ရဲ့ ဖခင် သုဒ္ဓေါဒန တို့ဟာလည်း သူငယ်ချင်းတွေ ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ သာဝက ဖြစ်ရုံမက သူငယ်ချင်းလဲ ဖြစ်တဲ့ မဂဓတိုင်းရှင် ဗိဗ္မိသာရ ဟာ သားတော်ဖြစ်တဲ့ အဇာတသတ်ပေါ်မှာ သူ့ရဲ့ အသက်ကို ရန်ရှာမဲ့ သူမှန်းသိရဲ့နဲ့ကို ရင်သွေးဆိုတဲ့ အသိနဲ့ နှစ်နှစ်ကာကာ သိပ်ချစ်ရှာပါသတဲ့။
အဇာတသတ်ကို သန္ဓေခပြီ ဆိုတာနဲ့ မိဖုရား ဝေဒဟီမှာ ချင်ခြင်း တက်ပါတယ်၊
ချင်ခြင်းက မင်းတရားရဲ့ ညာလက်ရုံး လက်မောင်းသွေးကို သောက်လိုပါသတဲ့၊
ခက်ပြီပေါ့၊ မိဖုရားကြီးမှာ လျှောက်တင်ဖို့ မရဲ ဘယ်သူမှလဲ မဟ ရဲပဲ တိတ်တိတ်လေး နဲ့ မစားနိုင် မသောက်နိုင် ပိန်လှီလာပါတယ်၊
ဒါကို ရိပ်မိတဲ့ မင်းကြီးက “မိဖုရားကြီး မင်းဘာဖြစ်သလဲ တပိန်ပိန် တလိန်လိန်နဲ့” ပေါ့
မေးပါရော၊
ဒါနဲ့ မရဲတရဲ ဖြစ်ရပ်စုံကို လျှောက်တော့
မင်းကြီးက ပြုံးတော်မူပြီး “ဟ မိဖုရားကြီးနှယ် ဒီလောက်လွယ်တဲ့ ကိစ္စကိုစောစောက ပြောရောပေါ့ဗျ” ဆိုပြီး ချက်ချင်း ဆေးဆရာတွေခေါ်ပြီး လက်မောင်းသွေးကို ဖောက်တိုက်တော်မူပါတယ်၊
ချင်ခြင်း ပြည့်ပြီလဲ ဆိုတော့ နိမိတ်ဖတ် ပုဏ္ဏားတွေခေါ် သားတော်ရဲ့ အနာဂါတ်ကို မေးတော်မူပါတယ်၊
ပုဏ္ဏားတော်တွေကတော့ မရဲတရဲ လျှောက်ရှာပါတယ်။
“အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မွေးဖွားလာမဲ့ သားတော်ဟာ ကြီးလာတာနဲ့ အရှင်မင်းကြီး သတ်ပြီး ထီးနန်းလုပါလိမ့်မယ် ဘုရား”
မိဖုရားကြီးက မိန်းမသားပီပီ အကြီးကျယ် ထိန့်လန့်သွားပါတယ်၊
ဒါပေမဲ့ တိုင်းကြီးရှင် ဗိဗ္မိသာရ ကတော့ တချက်ကလေးမှ တုန်လှုပ်မသွားပဲ ပြုံးရုံလေးသာ ပြုံးတော်မူနေပါသတဲ့၊

                                         (ဆက်ပါဦးမည်)



No comments:

Post a Comment