သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 21 September 2013

ဇာတ်တူ များမို့..........


“သားတို့ လူတွေထဲမှာ ကိုယ့်ရဲ့ အသား ကိုတောင် ဖြတ်တောက်လှုရဲလောက်အောင် သဒ္ဓါတရားနဲ့ ပြည့်စုံပြီးတော့ သာသနာတော်ကို အရမ်းကြည်ညိုတဲ့ သူတွေရှိတယ်၊ ဒါကြောင့် သင်တို့သည် လူသားမစားအပ်”       

သုပ္ပိယ ဒကာနဲ့ သုပ္ပိယ ဒကာမ တို့ဟာ ဗာရာဏသီပြည်ကြီးက သဒ္ဓါတရား လက်တွဲညီတဲ့ သူဋ္ဌေးလင်မယား၊ ဘာပဲ လုပ်လုပ် သာသနာအတွက်ဆို စိတ်တူ ကိုယ်တူ ရှိလှသတဲ့၊ ဒါကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးပြီး ချီးမြောက်ထားရ ဆိုပဲ၊
တနေ့ သုပ္ပိယ ဒကာမက သံဃာတော်တွေနေတဲ့ ကျောင်းစဉ်လှည့်ပြီး မေးပါတယ်၊
“အရှင်ဘုရားတို့ ဘာလိုပါသလဲ ဘုရား၊ လိုတာ ပြောပါဘုရား” ပေါ့လေ
ဖြစ်ချင်တော့ ရဟန်းတစ်ပါးက အဲ့နေ့ကြမှ ဝမ်းနှုတ်ဆေး သောက်ထားရတော့ အားနည်းနေရှာသတဲ့၊ ဒါကို သုပ္ပိယ က သိသွားတယ်၊ ဒါနဲ့ အနားကပ်၊ ဦးတိုက် “အရှင်ဘုရား ဘာလိုလဲ ဘုရား” ပေါ့
ဒါနဲ့ ရဟန်းက “အင်း ညီမရေ (ပါဠိတော်မှာလဲ ဘဂိနိ လို့ပါတော့ ညီမလို့ပဲ ခေါ်လိုက်တယ်ထင်ပါတယ်၊) အသားစွပ်ပြုတ်ရေလေး သောက်ရ ကောင်းမယ်ဗျ”
“အို… အရှင့်နှယ် ဘာခဲယဉ်းတာမှတ် ရစေရမယ် ဘုရား”
အိမ်ပြန် ၊ ကျွန်မ ခေါ်၊ ပိုက်ဆံပေး ၊
“သွား မြို့ထဲမှာ သတ်ပြီးသား အသားကို ရှာဝယ်လာခဲ့ချေ”  ဆိုတော့ ကျွန်မ ခမျာ အပြေးလေး တပိုင်းနဲ့ ထွက်ရှာ၊
ဖြစ်ချင်တော့ ပြည်ကြီးဗာရာမှာ “မာဃာတ နေ့” ဖြစ်နေသတဲ့ ၊
(မာဃာတ Day- အသားမသတ်ရနေ့၊ ဗယ်လင်တိုင်းDay တို့လို နေမှာပေါ့ဗျာ၊)
အရှင်မ သုပ္ပိယကိုပြန်ပြော ၊ “ ဒီနေ့ အသားမရဘူး အရှင်မရဲ့ မာဃာတDay လေ”
အရှင်မ သုပ္ပိယ ခေါင်းကုတ် ရပြီပေါ့၊
“အင်း ငါရဲ့ အရှင်ဟာ တကယ်လို့ ဒီနေ့သာ ဒီအသားစွပ်ပြုတ်ကို မရဘူး ဆိုရင် အနာရောဂါဟာ တိုးပွါးချင်လဲ တိုးပွါးလာမယ်၊ သေ ရင်လဲ သေသွားနိုင်တယ်၊ ငါကလဲ ယူလာပါ့မယ်လို့ ကတိခံပြီး ယူမသွားနိုင်ရင် မသင့်တော်ပြန်ဘူး၊ ကဲ မထူးပါဘူးလေ”  ဆိုပြီး ဓားကိုင်၊ ကိုယ့်ပေါင်သား ကိုယ်လှီး၊ ကျွန်မ ကို ပေး
“သွား၊ ဒီအသားကို စွပ်ပြုတ်လုပ်ပြီး၊ ဘယ်ကျောင်းမှာ ရှိတဲ့ ဘယ်ကိုယ်တော်ကို သွားကပ်လိုက်ချေ၊ တကယ်လို့ ငါ့ကို မေးရင် နေမကောင်းလို့ လို့ ဖြေလိုက်ပါ”  ဆိုပြီး ကျွန်မကို ခိုင်း၊
ကိုယ်တိုင်ကျတော့ ပေါင်ကဒဏ်ရာကို အဝတ်နဲ့ ပါတ်ပြီး အိပ်ရာပေါ်မှာ လှဲနေပါတယ်၊
ဒါနဲ့ သုပ္ပိယ ဒကာကြီး အလုပ်က ပြန်လာ၊ အိပ်ရာပေါ်လှဲနေတဲ့ အိမ်ရှင်မ ကိုတွေ့တော့
“နေမကောင်းဘူးလား ရှင်မ၊ ဘာဖြစ်နေလဲ”  ဆိုရော အကြောင်းစုံ ပြန်ပြောပြတော့
သုပ္ပိယ ဒကာကြီးက ဝမ်းသာအားရ ထခုန်ပါသတဲ့၊
“အံ့သြစရာ ကောင်းလိုက်တဲ့ အရှင်မရဲ့ သဒ္ဓါတရား၊ ကိုယ့်အသားကိုတောင် သာသနာ အတွက် ဖြတ်လှုရဲရင် အရှင်မ မလှုရဲတဲ့ အရာ ဘာမှ ရှိမယ်တောင် မထင်တော့ဘူး”  ဆိုပြီး သာဓုခေါ်၊
ဘုရားကို အိမ် ဆွမ်းစားပင့်၊ နောက်တနေ့ မနက်မှာ ဘုရားရှင်ကြွလာ၊ အိမ်ရှင်မ သုပ္ပိယ ကို မတွေ့တော့ မေးတော်မူပါရော……………..
“ဘယ်မလဲဟဲ့ သုပ္ပိယ”
“နေမကောင်းပါ ဘုရား”
“ဒါဖြင့်ရင် ခေါ်လိုက်”
“မလာနိုင်ပါ ဘုရား”
“ပွေ့ခေါ်ခဲ့ကွာ”
“ကဲ အိမ်ရှင်မကို ဘုရားရှေ့ ပွေ့ခေါ်ခဲ့ကြဟေ့” ဆိုရင်ပဲ ဘုရားရှေ့ ပွေ့ခေါ် ကြ၊
ဘုရားရှေ့ ရောက်လို့ ဘုရားကို လက်အုပ်ချီ ဖူးမြော်လိုက်တာနဲ့ တပြိုင်နက်  ပေါင်ရင်းအနာဟာ အသားပြန်ပြည့်ပြီး ကျက် ပါသတဲ့၊
သုပ္ပိယ ဒကာကြီးကတော့ ဝမ်းမြောက်မဆုံး ဘုရားကို ကြည်ညိုမဆုံး၊ ထက်သန်တဲ့ အရင်ကထက်တိုးတဲ့ သဒ္ဓါတရားနဲ့ ဆွမ်း ဆွမ်းဟင်းတွေ ဆက်ကပ် လှုဒါန်းပါသတဲ့၊
ဒီလိုနဲ့ ကျောင်းပြန်ရောက် သံဃာတွေကို စုဝေးစေပြီး၊
“သုပ္ပိယ ဒကာမ ကို ဘယ်သူ အသားစွပ်ပြုတ် စီမံခိုင်းတာလဲ၊”
စောစောက ဂိလာန ရဟန်းက
“တပည့်တော်ပါဘုရား”
“ယူရော ယူလာပေးရဲ့လား”
“ယူလာပေးပါတယ် ဘုရား”
“မဘုဉ်းပေးခင် ဒီ အသားဟာ ဘာအသားလဲ ဆိုတာ စူးစမ်းလိုက်သေးရဲ့လား”
“မစူးစမ်းလိုက်ပါဘုရား”
ဒါနဲ့ ဘုရားရှင်က ရဟန်းကို အပြစ်တင်တော်မူပြီး ခုန အပေါ်က စကားတော်လေး မိန့်တော်မူတာပါ၊
“သားတို့ လူတွေထဲမှာ ကိုယ့်ရဲ့ အသား ကိုတောင် ဖြတ်တောက်လှုရဲလောက်အောင် သဒ္ဓါတရားနဲ့ ပြည့်စုံပြီးတော့ သာသနာတော်ကို အရမ်းကြည်ညိုတဲ့ သူတွေရှိတယ်၊ ဒါကြောင့် သင်တို့သည် လူသားမစားအပ်”
…………………………………………………………..
ယနေ့ခေတ်ကြီးရဲ့ တိုးတက်လာမှုက ပလာစတစ် ဆာဂျရီ ဆိုလား ဘာဆိုလား၊ မိန်းမ ဆန်ချင်တဲ့ ယောက်ျားနဲ့၊ ယောက်ျား ဆန်ချင်တဲ့ မိန်းမ သဘာဝ နဲ့ ကံတရားကိုတောင် စိန်ခေါ်လို့ရနေပြီတဲ့လေ၊
ပြင်သစ်စားရေးဆရာ ဒိုမိနိ လာပီယဲ(Dominique lapierre) ရဲ့ the city of joy စာအုပ် ထဲမှာ တခေတ်တခါက မဇ္ဈိမဒေသ မြို့တော် ကိုးလ်ကတ္တားရဲ့ ကောဋ္ဌာသ ဈေးရောင်းပွဲတော်ကြီး အကြောင်း
အဲ့ခေတ်  အမေရိက သြစတေးလျ ဂျပန် ဥရောပဆေးကျောင်း တက္ကသိုလ်တွေကို မဇ္ဈိမဒေသ အိန္ဒိယရဲ့ လူရိုးတင်ပို့ ရောင်းချမှုနှုန်းက တစ်နှစ်ကို စတာလင်ပေါင် တစ်သန်းတောင်ဝင်ငွေရှိသတဲ့၊ ကောဋ္ဌာသ ပွဲဈေးမှာ ပွဲစားတွေလဲ ပေါမှ ပေါ သွေးတစ်ပုလင်းထုတ် ရတဲ့ငွေကို ပွဲစားတဝက် ရောင်းသူ တဝက်တဲ့လေ ၊
တချို့က ကိုယ့် ခန္ဓာကိုယ်ကို ဈေးကစားနေကြပေမဲ့၊
တဖက်ကလဲ ကိုယ်ခန္ဓာ အလှုရှင်ဆိုတာလဲ ရှိပါသေးတယ်၊
သူများမပြောနဲ့ ကိုယ် ကိုယ်တိုင်တောင် ငယ်ငယ် ကိုရင်ကြီးသာသာ အရွယ်က နံရံကပ် ကြော်ငြာလေး တစ်ခုကြောင့် လူငယ်ပီပီ စိတ်အား ထက်သန်ခဲ့ဘူးသေးတာ၊
စာသင်တိုက်တွေ ဆိုတော့ တခြား နေရာတွေလိုတော့ တကူးတက သတင်းနဲ့ ပြန်ကြားရေး ပုံးကြီးတွေ ဘယ်ထားနိုင်မလဲ၊ ဒီလိုပဲ ကုဋီနံရံတွေမှာ ဖြစ်သလို ကပ်၊ ဖြစ်သလို ဖတ်ရသကိုးဗျ၊
ကြော်ငြာဆိုတာထက် တောင်းခံလွှာဆိုပိုမှန်မယ်၊
စာလေးက “ကျောက်ကပ် အလှုရှင် အလိုရှိသည်” တဲ့
အဲ့တုန်းကသာ ကိုယ့်မယ်တော်ကြီးရဲ့ တငိုငို တရီရီ တားမြစ်သံ မကြားခဲ့ရရင် ကိုယ့် ကျောက်ကပ်တလုံးလဲ ပလပ် ဖြစ်သွားတာ ကြာပေါ့၊
ဘာပဲ ပြောပြော တလောက ယူနန်ပြည်က လာတဲ့ သတင်းတပုဒ်ကတော့ ကိုယ့် နှလုံးသားတွေကို တုန်လှုပ်သွားစေတာ အမှန်ပဲ၊
အသက်က ၈ နှစ်၊
မွေးကတည်းက မျက်စိ နှစ်ကွင်း အလင်း အားနည်းရှာသူ၊
Hui youngdan ဆိုတဲ့ တရုတ်မလေးရဲ့ ရက်ရောမှုက ကိုယ့်ရင်ဘတ်တွေကို နာကျင်စေခဲ့တာ အမှန်ပဲ၊
မိဘနှစ်ပါးက မျက်မမြင် စပါယ်ရှယ် ကျောင်းတွေကို ထားဖို့ စိတ်ကူးရှိပေမဲ့၊ ကံတရား အားနည်းရှာတဲ့ ဒီကောင်မလေးက အက်စီးဒင့် တခုနဲ့ ရုတ်တရက် လောကကြီးကို စွန့်ခွါ သွားရရှာသတဲ့၊
ဒါပေမဲ့ သူ့ မိဘတွေက ကလေးကို ဒီအတိုင်း မမြုပ်နှံကြပဲ ကံဆိုးရှာတဲ့ သမီးလေး အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ကြပါတယ်၊
အဲ့ဒါကတော့ ကလေးရဲ့ အသဲကို ၅ နှစ်အရွယ် လူနာကလေးတယောက်ကို လှုဖို့နဲ့
 ကျောက်ကပ် နဲ့ အူ ကိုတော့ ယူနန် ပြည်ထဲက  လူနာတွေကို လှုဖို့ပါပဲ၊
ခန္ဓာကိုယ်ကိုတော့ Kunming medical university ရဲ့ ကျောင်းသားတွေ သုတေသန အတွက် လှုဒါန်းခဲ့ပါသတဲ့၊
တနေရာ ကနေ တနေရာကို အစားထိုးလို့ရလောက်တဲ့ အထိ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ ကိုယ့် အသွေးတွေ ကိုယ့် အသားတွေကို စွန့်လှုရဲ့ သဒ္ဓါတရားရှင်တွေလဲ ဟိုနေရာ တစ ဒီ နေရာတစ ကြား၍ တမျိုး၊  မြင်၍ တဖုံ တွေ့သိနေရဆဲ၊
ကိုယ်တက္ကသိုလ်မှာ ရှိစဉ်အခါတုန်းကလဲ မြန်မာပြည် လူငယ်တွေရဲ့ ပရဟိတ စိတ်ဓာတ်နဲ့ သွေးစုပေါင်း လှုပွဲတွေ အကြောင်း ပြောပြတုန်းက တိုင်းတပါးသား ဆရာတွေ သဘောကျ လက်ခုပ်ကြီး ချီးကျုးခဲ့ကြဘူးသေးတာ၊ ဟုတ်တယ် ပြောလို့သာ ပြောတာ ကိုယ်တို့ မြန်မာပြည်ကြီးက တိုင်းရင်းသားတွေဟာ လူဆင်းရဲချင် ဆင်းရဲကြပေမဲ့ စိတ်ဓာတ်ရေးရာ တခြားနိုင်ငံတွေထက် မြင့်မြတ်တဲ့ နေရာ တော်တော်များများတွေရပါတယ်၊
ဒါပေမဲ့ “Everything come in two”  ဆိုတဲ့ အတိုင်း အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲလာမြဲ
ဘာပဲ ဖြစ်ဖြစ် ဆုတောင်းပေးချင်တာ “လူသား အချင်းချင်း လူသားစားနေတဲ့ လူသားတွေ အမြန်ဆုံး ကျဆုံးသွားပါစေပဲ”  လူသားစားတယ်ဆိုတာ ကောဋ္ဌာသတွေတင် မဟုတ်ဘူး အာလုံးကို ဆိုလိုတာနော်၊
ကိုယ်တို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က တဖက်လူက ဘယ်လောက် သဒ္ဓါတရား အားကောင်းကောင်းနဲ့ လှုလှု လူသား စားတဲ့ အလုပ်ဆိုတာကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်မူခဲ့လေတယ် မဟုတ်လားဗျာ၊
အားလုံး မေတ္တာထားနိုင်ကြပါစေ…………

No comments:

Post a Comment