သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 28 January 2013

ငြိမ်းချမ်းရေး

ဂျိုးဖြူငှက်တို့ ပျံသန်းရာ လမ်းမှာ
ဆောင်းနှင်းဖြူလွှလွှလေး ထူသဲလာ..

သံလွှင်ခက်တွေ လန်းရာမြေမှာ
လေတိုးသံ သဲ့သဲ့လေး ကြားရရဲ့......

အဖြေရခက်တဲ့ မိသားစု ရယ်သံတွေကြား
သံသယ စိုစိုလေးနဲ့
မယုံသင်္ကာ မျက်လုံးများ မပါစေလို...

ငါတို့ ထမင်းအိုးလေး မနပ်သေးသရွေ့
ငါတို့ ဟင်းအိုးလေး အစပ်ဟပ် မတည့်သေးသရွေ့
တွဲလက်တွေ ခိုင်စေတော့လား...........
                                                         (သာကီလုလင်)

Friday 25 January 2013

သာကီ့ အမေပျောက်ဆုံးခြင်း



သို့ …………….
သက်ဆိုင်ရာ

အကြောင်းရာ။  ။ သာကီ့အမေ ပျောက်ဆုံးခြင်း…

အကျွန်ုပ် ရဟန်းတော် သာကီလုလင် ၏  တဦးတည်းသော ချစ်သမိခင် ကျေးဇူးရှင်သည်၊
၂၅၊ ၁၊ ၂၀၁၃၊ သောကြာနေ့ အချိန် ၁၁ နာရီ ၂၅ မိနစ်(PM) တွင် မူရင်း ခန္ဓာကိုယ် တခုလုံးပျောက်ဆုံးသွားပါသောကြောင့် အမြန်ဆုံး ရှာဖွေပေးပါရန် အလေးညွှတ် ပန်ကြားအပ်ပါကြောင်း၊

                                                                                         သာကီလုလင်

ဟုတ်ပါတယ် ပြဿနာ က အဲ့မှာ စတာပဲ၊
ကိုယ့်အမေ ပျောက်သွားတယ်၊
ဓာတ်ပုံတွေထဲက ကိုယ့်အမေ ဆိုတဲ့ လူပျောက်သွားတယ်၊
ပျောက်တယ် ဆိုရင်လဲ ပျောက်တယ်ပေါ့ လက်ခံလို့ရသေး၊
အခု ပျောက်သွားရုံတင်မကဘူး၊  အမေ့နေရာမှာ သူ့ကိုယ်သူ “ဟဲ့ ငါ နင့်အမေလေ” ဆိုပြီး ရင်ဘတ်ကြီး ပုတ်ပုတ်ပြ တဲ့ အဘွားကြီး တစ်ယောက်ပါ၊
ကိုယ်အရမ်း စိတ်ရှုပ်ရတယ်၊ ကိုယ့်အမေ အစစ်ကို ရှာပေးစမ်းပါ ဗျာ ပြောလဲ မရ၊
ကိုယ့်ကိုယ် ကြောင်တောင်တောင် နိုင်တယ်လို့ လူတွေက သမုတ်ကြတယ်၊
ဟုတ်တယ် ကိုယ့်အမေ မျက်နှာအစစ်ကို သားတစ်ယောက်ရဲ့ မှတ်ဥာဏ်အားလောက် ဘယ်သူက ပို လေ့လာပြီး မှတ်ထားနိုင်မှာတဲ့လဲ ၊ (ချွင်းချက်အနေနဲ့ အဖေက လွဲလို့ပေါ့လေ)
ကိုယ့်အမေကို ကိုယ်တွေ့ချင်တယ်၊
ကိုယ်တစ်ယောက်တည်း လောကကြီးထဲ ယောင်ချာချာနဲ့ လိပ်ပြာပျောက်တဲ့ ဝိညာဉ်တစ်ကောင်လို ဖြစ်နေတယ်၊
ဟာဗျာ…..
ကိုယ့်အမေကို ကိုယ် အမြဲတမ်းတွေ့နေကြ မြင်နေကြပဲ
ကိုယ် ပြောတဲ့ စကားကို လက်မခံကြဘူး၊ ကြာတော့ ကိုယ်က ကိုယ့်ရှေ့က အဘွားကြီးကို ကလေးဖတ်တဲ့ စင်ဒရဲလား ပုံပြင်တွေထဲက မိစ္ဆာမကြီး တစ်ကောင်လို မြင်လာတယ်၊
ကားတွန်းစာအုပ်ထဲမှာဆို ဝတ်စုံနက်ကြီး ဝတ်၊ နှာခေါင်းက ကောက်ကောက်၊ ပါးစပ်က ပြဲပြဲ၊ လက်သည်းတွေက ရှည်ရှည်၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊
ဒါပေမဲ့ ပြဿနာက မိစ္ဆာမကြီး အကြောင်းမဟုတ်၊ ကိုယ့်အမေ ပျောက်ဆုံးပြီး ကိုယ့်အမေနေရာမှာ တခြား အဘွားကြီး တစ်ယောက် ဝင် သရုပ်ဆောင်နေခြင်းပဲ၊
ရုပ်ရှင်တွေ TV တွေထဲမှာတော့ မင်းသား တစ်ယောက်က ဇာတ်ကားတစ်ကားကို အမေတစ်ယောက် ပြောင်းပြီး သရုပ်ဆောင်လို့ ရပေမဲ့ ဒါက ဇာတ်ကား ရိုက်နေတာမှ မဟုတ်တာလေဗျာ၊
ပြဿနာပဲ ဗျာ ကိုယ့် အမေ တကယ်ပျောက်သွားတာပါ၊
ပြောရဦးမယ် ဗျ၊
ဟင်္သာတထွန်းရင် ကြီးရဲ့ အမေနဲ့ အမေ့အကြောင်း မဟုတ်တဲ့
အမေနဲ့ အမေတု အကြောင်းလေး
……………………………………………………………………….
ဘဝရဲ့ အရေးကြီးဆုံး ဘာသာဗေဒတွေ အကြောင်း ကောက်ခြစ်မိရင်းက အများတကာတွေ မိဘမေတ္တာဘွဲ့တွေ ရေးသလို ကိုယ်လဲ ရေးချင်လာတယ်၊
ဒါပေမဲ့ ခက်တာက စာရေးခြင်း အတတ်ပညာမှာ ကိုယ်က

Tuesday 22 January 2013

“ငူ သစ္စာ”


ရဟန်းတစ်ပါးရဲ့ ရွာပြန်ချိန် နေညိုလမ်းတွေက ခပ်စိုစို ဖြစ်နေတတ်သည်၊
မြို့ပြနဲ့ ကျေးလက် ကွာဟမှုတွေကို တစစ်စစ် ခွါရင်း ကြည့်လိုက်တော့ ကျေးလက်ရဲ့ လတ်လတ်ဆတ်ဆတ် အပြုံးလေးတွေက ပြုတ်ပြုတ်ကျလာသည်၊
ပွင်းလင်းမှု ၊ ရိုးသားမှု
မြို့ကြီးသား ကိုယ်တော်ကို စကား ပြောချင်ရဲ့နဲ့ စကားမပြောရဲ သလို ရှက်နိုးနိုး မျက်နှာထားလေးတွေ
တကယ့်ကို ရဟန်းတစ်ပါးရဲ့ ဆည်းဆာနဲ့ လိုက်ဖက်လွန်းလှသော ကဗျာ တပုဒ်….
ကိုယ်ကလဲ ကိုယ်ပင် ၂ နှစ်တခါ ၁ နှစ်တခါမှ ပိဋကတ် စာအုပ်တွေကြားထဲက လွတ်လွတ် ကျွတ်ကျွတ် ထွက်ခွင့်ရသမို့ ရွာပြန်ချိန်တွေမှာ ကိုယ်က လွပ်လွပ်လပ်လပ် တအိမ်တက် တအိမ်ဆင်း ဟုတ်တာတွေရော မဟုတ်တာတွေရော ကြွားဝါသွားတတ်သေးသည်ကိုး၊
အများအားဖြင့်တော့ သူ့ဆွေးတော် မျိုးတော်များက အမျိုးကိုယ်တော်လေးကို ကြည်ညိုရင်းစွဲထက် မျက်နှာပြောင်တဲ့ ရဟန်းလေး အဖြစ် ခင်မင်ရင်းစွဲကြသည်က များသည်၊
(သို့သော် ဒီကိုယ်တော်က ဂိုက်ပေးကြမ်းပြီး ငေါက်ထည့်လိုက်ရင်လည်း ငြိမ်နေကြတာ ၊ အဲ့လို ချစ်စရာကောင်းတဲ့ ကိုယ့်အမျိုးတွေပေါ့)
မိတ်ဆွေများပြောသလို “ကိုယ့်လူ သင်္ကန်းအားကိုးနဲ့ မိုက်နေသလားဗျာ၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး တွေ့ဘူးတယ် ဟုတ်၊”
ကိုယ်ခေါင်းညိတ်ပြလိုက်တော့
“အေး အဲ့လိုပဲဗျ စက်ဝိုင်းက အစကနေသွား အဆုံးကျတော့လဲ ဒီအစကို ပဲ ပြန်ရောက်ပြီး ဆုံးတာဗျ၊ လည်တတ်သဗျာ၊ သိပ်မမိုက်လေနဲ့၊ ရှေ့က ပြုလိုက်တဲ့ အကုသိုလ်ပဲ ဖြစ်ဖြစ် ကုသိုလ်ပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်နောက်ကျောပဲ ပြန်ရောက်သဗျ”တဲ့
မှတ်သားရပါရဲ့၊
ဒါနဲ့ ငယ်ငယ်ကကျောင်းတက်ဖေါ် ဒကာတော်လေး တယောက်ရဲ့ အိမ်အရောက်၊
သူကပ်တဲ့ အရာတွေ ပါးဖြဲ နားဖြဲဘုန်းပေးရင်းနဲ့၊ ဒကာတော်လေးရဲ့ အိမ်ထောင်ရေး အကြောင်းကို ရောက်သွားတယ်၊ ကိုယ်ကလဲ စပ်စုတာကိုး….
“ကိုယ့်လူ အိမ်ထောင်ကျပြီလား”
“မကျသေးပါဘူး ဦးဇင်းလေးရာ”
ငယ်ငယ်ကတည်းက ကျောင်းတက်ဖေါ်လဲဖြစ် ရင်းလဲရင်းနှီးသူတွေ ဆိုတော့ ခေါ်နေကျအတိုင်း သူက တရင်းတနှီး ဦးဇင်းလေးလို့ပဲ ခေါ်လေ့ ရှိသည်၊
ရှိစေတော့ ဆက်မယ်………
“အဟမ်း ကိုယ့်လူ အသက်တွေလဲ ကြီးပြီ၊ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင် နောက်ကျရင် ခက့်သည့် အမျိုးတဲ့ဗျ”
“အမ် ဦးဇင်းလေးကလဲ နောင်ပြင်ရန် ခက်သည့် အမျိုးပါ”
ကိုယ်က မျက်နှာကို ခပ်တည်တည် လုပ်လိုက်ကာ
“ကိုယ့်လူ အဲ့ဆောင်ပုဒ်က ရှေးလူကြီးတွေ သူတို့ မြင်သလောက်လေး ရေးသွားတာ တကယ်တမ်းဆို နောက်ကျရင်လဲ ခက်တဲ့ အမျိုးပဲဗျ၊
“စဉ်းစားကြည့် အိမ်ထောင်မှုမှာ နောက်ကျရင် “ကြီးမှဝက်သတ်ပေါက်တယ်” ဘာညာနဲ့ ပြောဆိုခံရနိုင်တယ်ဗျ၊
အသက်ကြီး သေခါနီးမှ ဘုရားတည်ရင်လဲ ဘုရားက ဆောက်လို့မှ မပြီးသေးဘူး သေသွားရင်  လုပ်နေဆဲ ကုသိုလ်တွေ ဖျက်စီး ခံရသလိုပဲလေ၊
ဆေးမှင်စုတ်ထိုးကလဲ ကြည့်၊ နောက်ကျ အသက်ကြီးမှ ဆေးမှင်ကြောင်းတွေ ထထိုးရင်လဲ “အရူးကြီး”လို့ ပြောခံနေရမယ်၊”
“ထားပါတော့ ထားပါတော့ ဦးဇင်းနဲ့ ကျမှ ရှေးလူကြီးတွေ စကား အကုန် ပြင်ရမလို ဖြစ်နေပြီ”
“အင်း ကြိုက်မဲ့ သူ မရှိလို့လား ကိုယ့်လူရ”
“မဟုတ်ပါဘူး ကြိုက်မဲ့သူတော့ ရှိပါတယ် ကိုယ်က ဖွင့်မပြောတာ”
“အဲ့ ဖွင့်ပြောလိုက်လေကွာ” (အားပေးတာ အားပေးတာ :P)
“မပြောချင်ပါဘူး ဦးဇင်းလေးရာ”
“အလို.. ဘာလို့”
“ကိုယ် ပြောခဲ့တဲ့ စကားအတွက် တာဝန်ယူနိုင်ရင် အဟုတ်သား၊မယူနိုင်ရင် တဖက်လူကို အားနာစရာ”
သာမန် ကျေးလတ်သား တစ်ယောက်ဆီက ရိုးရှင်းတဲ့ သစ္စာတရားကို သူက ယဲ့ယဲ့လေး ထောက်စမ်းမိသွားသည်။

Saturday 19 January 2013

"သက္ကာရ ပွပွ"



အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ က စွန်းလွန်းဆရာတော် ဘုရားကြီးကို ရဟန္တာဖြစ်မဖြစ် သွေးတိုးစမ်းတဲ့အနေနဲ့ သူဘုရားဆု ပန်ထားတယ် ဆိုပြီး တဖက်လှည့်နဲ့  မေးခွန်းလေး မေးတော့ ဆရာတော်ဘုရာကြီးက……….
“ အင်း ခင်ဗျားက တယ်…… သတ္တိကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ ကြည်ညိုပါရဲ့၊
   ကျုပ်တို့တော့ ခင်ဗျားလောက် သတ္တိမကောင်းနိုင်ဘူးဗျာ” တဲ့၊
                 …………………………………………………………..
ကဿပ ဘုရားရှင်လက်ထပ်က မိတ်ဆွေ ရဟန်းနှစ်ပါးရှိပါသတဲ့၊
နှစ်ပါလုံးက စိတ်တူကိုယ်တူ တရားအားထုတ် သူတွေဆိုတော့ ရှေ့ဘဝကို ကြိုမြင်နိုင်တဲ့ ဥာဏ်အမြင်ကို ရကြသတဲ့၊  တနေ့တော့
သူငယ်ချင်းတပါးက ဒီဘဝက သေပြီး နောင်ဘဝ ဘာဖြစ်လေမလဲ ပေါ့ စပ်စုပြီး ကြည့်လိုက်တော့
နောက်ဘဝမှာ သူက မစင်တွင်းကြီးထဲမှာ ပိုးလောက် တကောင်ဖြစ်ပြီး သူ့သူငယ်ချင်းရဟန်းတော်ကတော့ ငှက်တကောင်ဖြစ်မှာကို သွားမြင်တော့…..
သူ့မှာ တရားမထိုင်နိုင် တမှိုင်မှိုင်နဲ့ စိတ်ညစ်ရပါသတဲ့၊
တယောက်ကို တယောက် အရိပ်တကြည့်ကြည့် ကြည့်နေကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ သူငယ်ချင်းတပါးက ရိပ်မိတယ်၊
‘အလို……. ငါ့ ဘော်ဒါကြီး ဘာဖြစ်ပါလိမ့် တမှိုင်မှိုင်နဲ့ပါလား ပေါ့’ ဒါနဲ့ မေးကြည့်တယ်၊
“ငါ့ရှင် ဘာဖြစ်၊ တမှိုင်မှိုင်နဲ့ ရည်းစားပူများမိလေရော့သလား” ပေါ့၊ မေးတော့
သူငယ်ချင်းရဟန်းက “ငါ့ရှင်ရေ ဒီလို ဒီလိုကွ၊ အဲ့ဒါ ငါ ချီးတွင်းကြီးထဲတော့ မဖြစ်လိုဘူးကွာ နောင်ဘဝကျ မင်းက ငှက်ဖြစ်မှာပေါ့ ငါ့ကို ထိုးသုတ်ပြီး နောက်ထပ်ဘဝတခုကို ပို့ဆောင်ပေးပါ”……
သူငယ်ချင်းကလဲ ‘ဘာခဲယဉ်းသလဲပေါ့’ ကတိပေးလိုက်တယ်၊
ဒါနဲ့ ရဟန်းဘဝတွေက သေလွန်ပြီး နောက်ဘဝတွေ အသီးသီးကျ သူတို့ကြိုမြင်ထားသလိုပဲ တပါးက ငှက်ဖြစ်ပြီး တပါးက ချီးတွင်းကြီးထဲမှာ ပိုးလောက်ကြီး ဖြစ်သွားပါတယ်၊
ကတိတွေအတိုင်း ဘဝတပါးက သူငယ်ချင်းက သူ့သူငယ်ချင်းကို ထိုးသုတ်မယ်ပေါ့ အလာ….
ပိုးလောက်ကြီးက လှမ်းရိပ်မိတော့ ချက်ခြင်းပဲ ကြောက်လန့်တကြား သူငယ်ချင်းကို လှမ်းအော်ပြောလိုက်တယ်၊
“သူငယ်ချင်း မလာပါလေနှင့်တော့၊အတိတ်ဘဝတုန်းက အမြင်အရ ဘယ်လောက်ပင် နံစော်နေတဲ့ ချီးတွင်းကြီး ဖြစ်နေပါစေ၊ ယခု ဒီဘဝမှာ ပိုးလောက်မလေးတွေနဲ့ တယ်ပျော်စရာ ကောင်းနေပါကလား” တဲ့
သူငယ်ချင်းရဟန်းတော်ဟောင်း ငှက်ကတော့ ဘယ်လို ဖြစ်တယ်ရယ် မသိ၊
ကိုယ်ကတော့ အော့အော် ဖြစ်မှ ဖြစ်ရလေလို့ သက်ပြင်းအကြိမ်ကြိမ်ချမိ၊
………………………………………………………………………………….
ဆိပ်ကမ်းသာလမ်းမှာ အင်္ဂလိပ်စာ သွားသွား သင်စဉ်တုန်းက ကျောင်းကနေ class ကိုသွားဖို့ တာမွေလမ်းဆုံ bus stop လေးကနေ ၃၉ လိုင်းကားကြီးတွေ စောင့်စောင့် စီးရ၏၊
အဲ့ဒီနေ့ကပေါ့ မိုးတွေက ဝမ်းလျှောနေတဲ့ လူတယောက်လို သူ့မျက်တောင်ကြီးကို ကြုံ့ တရှုံ့ရှုံ့နဲ့ သည်းသည်းမည်းမည်းရွာချနေပါတယ်၊

Tuesday 15 January 2013

“အကွေ့…….”



ဒီဇင်ဘာ အအေးဒဏ်တွေကို တဇောင်းတိုက် ဝင်လာတဲ့ သတင်းတစ်ပုဒ် က သူ့နားတခွင်ကို ပူထူသွားစေသည်၊
“သားရေ သင်းသင်းရီ သိလား”
“သိတယ်လေ အမေရဲ့၊ သားတို့ ကျုရှင်ဆရာမပဲ၊ ဘဘ ဦးအောင်သန်းရဲ့ သမီးလေ၊”
“အေး သူသေပြီ သားရဲ့”
သံသရာ စက်ရထားရဲ့ ခုတ်မောင်းသံတွေက သိပ်မြန်လွန်းလှပေ၏၊
………………………………………………….
“ဟဲ့ ဝေယံစိုး နင် ကျော်စိုးဝင်းကို မနိုင်ဘူးလား၊ ပြန်ချလေဟာ”
“မနိုင်ဘူး ဗြဲ(ငိုသံ)”
“ဟွန်း ယောက်ျား မဟုတ်တာ ကျနေတာပဲ”
“ဟဲ့ ကျော်စိုးဝင်း နင်ဟာလေ ကလေးကို သိပ်အနိုင်ကျင့်တာပဲ၊”
ဘယ်တော့ မဆို သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့ ဆရာမတယောက်၊
ညီအကိုချင်း ရန်ဖြစ်တာတောင် ကလေးကို အနိုင်ကျင့်ရမလား ဆိုပြီး သူ့ဘက်က ကာကွယ်၊ အကို့ခေါင်းကို ဒေါက်ခနဲ ခေါက်၊ သူ့ အတွက် အနိုင်ယူပေးတတ်တဲ့ အဒေါ်လိုရော ဆရာမလိုရော ချစ်ခင်ရတဲ့ သူ၊
ခုတော့ ဗြုန်းစားကြီး သေပြီ ဆိုပဲ၊
တကယ်ဆို ဆရာမ သေချိန်မှာ အသက်က ၃၉ လောက် ရှိဦးမည်၊ ဒီလိုပင် ထင်သည် အတိကျတော့ မသိ၊
ကလေး နှစ်ယောက် ကျန်ခဲ့ရှာသည်၊ ကျောင်းကုန်း ဆိုတဲ့ မြစ်ဝကျွန်းပေါ် မြို့လေးက တနှစ်တခါ ရေကြီး တဲ့ စရင်းထဲ အမြဲ ပါတတ်သည်၊ ရေကြီးတဲ့ အချိန်တွေ ဆို ညီ အကို နှစ်ယောက် ဆရာမ အိမ်ရှေ့သွား ရေကူးပြီး ကမြင်းကျော ထကြလွန်းလို့ ရေထဲမှာ တုတ်တချောင်းနဲ့ “တော်တော့ ခု အိမ်ပေါ်တတ်” ဆိုပြီး ခမောက်ဆောင်း လိုက်လိုက်သတိပေးရှာတဲ့ ဆရာမ
ပြီးရင် သူကိုယ်တိုင် ရေချိုး ဆပ်ပြာတိုက်ပေးပြီး သနပ်ခါး ကိုယ်တိုင် သွေးကာ ဂနာ မငြိမ်တဲ့ တူနှစ်ကောင် ကို “ဟဲ့ ငြိမ်ငြိမ်နေကြစမ်း” လို့ အော်ရင်း ငေါက်ရင်း သနပ်ခါးလိမ်းပေးရှာတဲ့ ဆရာမ၊
သူတို့ ညီအကို နှစ်ယောက်လုံး မကြိုက်ဆုံး စကားကို ခဏခဏ ပြောတတ်တဲ့ ဆရာမ
“ပြီးရင် စာကျက်ရမယ် နော်၊ ဟဲ့ နှစ်ကောင်”
ခုတော့ သေပြီတဲ့ ၊ ဘုရားဟောတဲ့ စကားတွေ သင်ကြားထားပြီ သင်္ခါရတွေကို သူက မင်းမူချင်သေးသည်၊
တကယ်ဆို ဆရာမ က ငယ်ငယ်လေး ရှိသေးတာပဲ၊
မယုံနိုင်၊
သေချာအောင် အမေ့ကို မေးလိုက်မိသည်၊
“ဟုတ်လို့လား အမေရ”
“အေး ဟုတ်တယ် သားရဲ့၊ TV ဆေးတွေ သောက်တာများပြီး ဆေးဒါဏ်ကြောင့် ….”
“တော်ပြီ အမေရာ ဆက်မပြောတော့နဲ့”
စကားစ ကို ဖြတ်လိုက်ရသည်၊ ဗုဒ္ဓအရှင်မြတ်ကတော့ ဘယ်အချိန်၊ ဘယ်အရွယ်၊ ဘယ်နေရာမှာ သေရမယ် ဆိုတာ မသိနိုင်ဘူး တဲ့ ၊
ချစ်ခင်သူတို့နှင့် ခွဲခွါရခြင်းသည်လည်း ဒုက္ခတစ်မျိုးပင်ဖြစ်ပေ၏၊ တကယ်ဆို သေခြင်းတရား နဲ့ သက်ရှိသတ္တဝါ က အမွှာတွေလို ခွဲမရ၊ သွားနှင့်ပေဦးဆရာမရယ်…………….
ဖတ်မိတဲ့ ဆရာဓမ္မဂင်္ဂါရဲ့ စကားလေးက ရင်ထဲ ရောက်စေသည်၊
 “ရှင်ဥတ္တမရေ….. သံသရာတွေ ကွေ့ပဲကွေ့နိုင်လွန်းလှပေါ့

Monday 14 January 2013

“ကိုယ့်ကိုယ်ကိုသာ ကြည့်ပါလေ ချစ်သား…....”



တပည့်တွေကို အားမလို အားမရဖြစ်နေတဲ့ ပါမောက္ခက
“မင်းတို့ဟာ အခု အသက်ရွယ်ရောက်နေပြီ၊ ဒါတောင် ဘာတခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ကြသေးဘူး၊
အလက်ဇန္ဒား ဘုရင်ကြီးကြည့်စမ်း၊ မင်းတို့ အရွယ်လောက်မှာပဲ ကမ္ဘာတဝက်ကို အုပ်စိုးနိုင်နေပြီကွ၊”
ကျောင်းသားတဦးက ထရပ်ပြီးတော့…….
“ဟုတ်ပါတယ် ဆရာ၊ သူ့မှာက အရစ္စတိုတယ်(Aristotle) လို ဆရာကောင်းနဲ့ စာသင်ခဲ့ရတာကိုး”

             ………………………………………………………………………………….
“ကိုယ့်လူကြီး ဖတ်လှချည်လားဗျ၊”
“အေးဗျာ တင်းနေတာ”
“အဲ့ ဘာလို့”
“ကွာ ဘင်္ဂါလီတွေ အကြောင်းဖတ်ပြီး ဒေါသထွက်နေတာ”
“အွန်”
သူ့သူငယ်ချင်းရဟန်းတော်က ကွန်ပျုတာကြီးဖွင့် သတင်းတွေ သဲကြီးမဲကြီး ကြည့်နေတာကို ကြည့်ပြီး ကိုယ်က လှမ်းမေးလိုက်တာပါ၊
“အဲ့ဒါ မြန်မာပြည်က ရှေးရိုးစွဲ ဘုန်းကြီးတွေ ကြောင့်ဖြစ်ရတာ၊ တခါလာလဲ ဃရာဝါသ ရှုတ်ထွေးလှတဲ့ အိမ်ရာတည်ထောင် လူတို့ဘောင် လူတို့ဘောင်နဲ့၊ ဟော ခုတော့ မျိုးတုန်းပြီ အဲ့ဒါ ဘုန်းကြီးတွေကြောင့်ဖြစ်တာ၊ ဟိုနေ့ကလဲ သတင်းတခုဖတ်ရတယ် ကချင်ပြည်နယ်ဘက်က စစ်ဘေးဒုက္ခသည် ကောင်မလေးတွေကို တရုတ်ပြည်က သတိုးသမီး လိုအပ်ချက် သန်း၃၀ အရ ကျားဆွဲသလို ဆွဲဖို့ ကြံနေကြတယ်တဲ့လေ စိတ်ပျက်စရာကောင်းတယ်၊”
သူပြောသလို တွေးမယ် ဆိုတော့လဲ ဟုတ်တော့လည်း ဟုတ်သလိုလို
အမိ ရွှေမြန်မာ ပြည်ကြီး ပျောက်ကွယ်သွားလေမလား၊
အော် တရားစကားနဲ့ ပြောရသော် အနိစ္စာဝတ……
နောက်ဆုံး ကိုယ့်ကို ဓားနဲ့ လာခုတ်တဲ့ အထိ အနိစ္စာဝတ နိုင်ဦးမလားတော့ မသိ၊ ကိုယ်မခံရသေးသရွှေ့တော့ အရာရာက ပေါ့ပျက်ပျက်ပဲ နိုင်လှသည်၊
ရွှေပြည်ကြီးက သူငယ်ချင်း မိတ်ဆွေ ရဟန်းတော်ရဲ့ စကားလေး အမှတ်ရသည်၊
“ငါ့ကောင်ကြီးရေ ကိုယ်နဲ့ နီးစပ်ရာ ကောင်မလေးတွေ တော်တော်များများက အပျိုကြီးတွေချည်းပဲ ဖြစ်သွားကြတာ များတော့၊(အဟမ်း အဟမ်း)ကိုယ့်အပြစ်ပဲ မကင်းသလိုလိုဗျာ” တဲ့
ရွှေပြည်ကြီးအတွက်ကတော့ အမှန်တိုင်းပြောရရင် ရင်လေးစရာ၊
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး နှစ်နိုင်ငံ ရဲ့ ကြားမှာနေရသလို
နှစ်နိုင်ငံလုံးရဲ့ သတိုးသမီးလိုအပ်ချက်ကလဲ အတူတူလောက်ပင်ရှိမည်၊
ဒီကြားထဲ ဘင်းဂလားဒေ့ခ်ျ ဆိုတဲ့ ငတိနိုင်ငံလေးကလဲ ရွှေပြည်ကြီးရဲ့ ခန္တီစ တရားကို တချက်တချက် သွေးတိုးထထ စမ်းချင်သေးသည်၊
“အိန္ဒိယ ဆိုတဲ့ နိုင်ငံကလဲ ယောက်ျားတွေ ချည်းပဲ နေတဲ့ နိုင်ငံကြီးလား မသိဘူး၊”
သူတို့ သူငယ်ချင်းတွေကြား ခဏခဏ ပြောဖြစ်တဲ့ စကား
………………………………………………………………………………………

Saturday 12 January 2013

အိပ်စက်ခြင်း သန္တ ရသ



သမိုင်းလှလှလေးနဲ့ ချုပ်ထားတဲ့ ညတွေမှာ သူနိုးလာ၊
ဘာမှ လုပ်စရာ မရှိတာနဲ့ပဲ လူက ဘာမဆိုင် ညာမဆိုင် ငိုင်တိုင်တိုင် ဖြစ်ပေးရတာပါ့
ဒီလိုနဲ့ ယောင်တာတာ လမ်းလေးအတိုင်း ဆောင်းနှင်းရဲ့ ကန်ချက်ပြင်းပြင်း အားကို တွန်းလှန်လို့ သူလမ်းသလား
ဟိုဘက်ခန်းက ဟုတ်တယ် သူရဲ့ (အသေချာ ပြောရရင်) ညာဘက် ခန်းက ချောင်းဟန့်သံတွေ ကြားရရဲ့၊
ရှိစေတော့ ဒီလို အတွေးများတဲ့ ညမျိုးဆို သူ့ ခေါင်းကြီးကိုပဲ သူ တတောက်တောက် ခေါက်လို့ ဒေါသ ရနံ့တွေ အပြတ်သတ် ထုတ်ပွားနေရ…
ရှိစေတော့
ယောင်တာတာ နေနေမှာထက်စာရင် ကွန်ပျုတာကိုင် မောက်တလုံး ကီးဘုတ် တပြားနဲ့ အာသာပြေ ဟိုကုတ် ဒီကုတ် လုပ်နေရတာက ပို အဓိပ္ပါယ်ရှိမှာပါ၊ ဒါနဲ့ သူ မီးဖွင့် ကီးဘုတ်ခေါက် ထုံးစံအတိုင်း လင်းဆေးလိုဟန်လေးကို repeat လုပ် ဆိုခိုင်းထားလိုက်တယ်၊ (အော်စမ်းဟယ်) ဒါပေမဲ့ နားညီးတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေါင်….
ဗုဒ္ဓအရှင်တော်မြတ်တောင် ဥာဉ်သုံးယမ်မှာ ပစ္ဆိမယမ်မှ ခေတ္တအနားယူ ကျိန်းစက်တော် မူသတဲ့……
သူက ဘုရားသားတော်ပဲ အိပ်ရေးပျက်တယ် ဆိုတာ အိပ်ရေးမဝတာကို အိပ်ရေးပျက်တာ လို့ ဆိုလိုခြင်းဖြစ်ချင်ဖြစ်မည်၊ အိပ်ချင်တဲ့ အချိန်မှ အတိုးချပြီး အိပ်ထည့်လိုက်မယ် ကဲ
ဒါနဲ့ ညတာတွေက ကောသလ မင်းရဲ့ စကားတွေလို ရှည်လျှားလာ
ဒီမင်းကတော့ ဝတာလဲ မပြောနဲ့ ဖတ်စာတခုလုံး အစားနဲ့ အအိပ်ပဲ ရှိတဲ့ မင်းလေ
ရှိစေတော့ ကိုယ်ရေး ကိုယ်တာတွေ
ဒါနဲ့ အိပ်စက်ခြင်းလှလှတွေ သူ့ပေါ်မှာ မဆင်းသက်ခဲ့တာ ကြာပေါ့၊
ခုတလော ဘာဖြစ်နေတယ်ရယ် မသိ ညည နိုးနိုးနေတတ်တယ်၊
မနက်ကျရင်လည်း အစောကြီး နိုးနေတတ်တယ်၊
ဟိုဘက်ခန်းက ကုလားမ ကလဲ ဆူတယ်ကွယ်………

Friday 11 January 2013

ကျောင်းသား ဘဝ အိုဘယ့် ဒုက္ခ.........

ခုတခါကတော့ အိန္ဒိယရောက် မြန်မာ တက္ကသိုလ်ကျောင်းသားတိုင်းပြောတတ်တဲ့ ထမင်း ဟင်းဒုက္ခပါပဲ...
ဟိန္ဒီထမင်း ဟိန္ဒီဟင်းက မည်သို့မျှပင် စားလို့မရ ဒုက္ခက မသေးလှဟု ဆိုကြသည်၊
ညနေဆို ကိုယ်တိုင် ဈေးခြင်းတောင်းကြီး ဆွဲ၊ ကားတားကားတားနှင့် ကုလား ဟင်းသီးဟင်းရွက် ဆိုင်တွေဆီ ချီတက်ရသည်။
ဒီကြားထဲ ကုလားစကားမတတ်တဲ့ လူကို ကုလားက ကုလားစကားနှင့် ရွမ်းရွမ်းဝေအောင် စကားလာပြောတတ်သေး၏။
သူက ခပ်တည်တည်နှင့် အိုကေ အိုကေ ဟု ဖော်လို လိုက်ပေးနေရ၏။
တကယ်တော့ တလုံးမှ နားမလည်၊
(မင်းနှမ ငါ့ပေးဟု ဆိုက အိုကေဟု ပြောမိရက်သား" သေပြီဆရာ" ပင်) သို့သော် မတတ်နိုင်၊

ကိုယ်မှ နားမလည်ပဲ၊
မနက်ဆို စချက်ရလေတော့၏။
ကျန်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကျောင်းသားတွေကတော့ ထမင်းနဲ့ ဟင်း စားလို့ မကောင်းကြောင်း အမေ့လက်ရာကို လွမ်းကြောင်း ငြီးကြသည်၊
သူကတော့ မငြီး...


Sunday 6 January 2013

ဥတုစား သတ္တဝါ..



ညက ည ဆန်ဆန် တိတ်ဆိတ်
မနက်ဖြန်ကို ရောက်မှာ ကြောက်တယ်၊
“ Yesterday” တွေကို ပြန်ရချင်တဲ့
လူကြီးတယောက်ရဲ့ သီချင်းတွေမှာ
ဘဝသံသရာ ရထားသံလေး ဥသြဆွဲလာ
ကဲ ကမ္ဘာပေါ်က ကမ္ဘာကျော်များစွာဟာ
သင်္ချိုင်း အုတ်ဂူတွေကြား လက်သီးလက်မောင်းတန်း
ဟစ်အော် ကြွေးကျော်လို့
သူတို့ ဘယ်ဆီမှာလဲ
တကယ်တော့ လူဆိုတာ
ဥတုရာသီကို စားတဲ့ သတ္တဝါတမျိုးပါပဲကွယ်….

Friday 4 January 2013

၎.၁.၂၀၁၃(လွပ်လပ်ရေးနေ့)

ဘုန်းကြီးပဲ ခေါ်ခေါ်၊
ရဟန်းပဲ ခေါ်ခေါ်၊
နှစ်မျိုး နှစ်စားရှိ၏၊
တစ်မျိုးမှာ ဘာသာတရားကို မှီ၍
အသက်မွေးသူများသာဖြစ်၍ ဘာသာတရား
ပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း၊
အားထုတ်ခြင်း မရှိချေ၊
ဘာသာတရားနှင့် ဆန့်ကျင်သောအမှုမျိုးကိုပင်
ပြုကြ၏။
တစ်မျိုးမှာကား
ဘာသာတရားတိုးတက်ပြန့်ပွားမှုကို လေးစား၍
လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်း မရှိချေ။
ကျွန်ုပ်တို့ တိုင်းပြည်တွင်
သံဃာတော်အရှင်မြတ်များသည်
ရာဇဝင်တလျှောက်လုံး
ကျွန်ုပ်တို့လူမျိုး၏ ရှေ့က
မားမားမတ်မတ် ရပ်လျက်
မြင့်မြတ်သော အမှု့မျိုးကိုသာ ပြုခဲ့ကြပေ၏၊
ရှေးခေတ်များ၌
သံဃာတော် အရှင်မြတ်များသည်
ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန်
တာဝန် ထမ်းဆောင်ခဲ့ကြပေသည်၊
ယခုခေတ်၌ပင်
တောရွာများတွင်
သံဃာတော်အရှင်မြတ်များ
ပညာသင်ပေးလျှက်ရှိသောကြောင့်
မြောက်များစွာသော အမျိုးသားတို့သည်
စာပေတတ်မြောက်ကြပေ၏။
အချုပ်မှာ သံဃာတော် အရှင်မြတ်များ၏
စေတနာ လုံ့လကြောင့်
ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု၊
အသွင်အပြင် ယဉ်ကျေးမှုတို့သည်
အထူးသဖြင့်
တိုးတက်ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း
(၂၀၊၁၊၄၆) ဖဆပလအဖွဲ့ချုပ်ညီလာခံမိန့်ခွန်းမှ

(၄.၁.၁၃) ဒီနေ့က မြန်မာပြည်ရဲ့ လွပ်လပ်ရေးနေ့
ရှိစု မဲ့စု လေးထဲက ခြစ်ချုပ်ပြီး အဆောင်မှာ ထူးထူးခြားခြား ငါးဟင်းလေးဝယ်လှုဖြစ်ခဲ့၊
ငါးဟင်းတခွက်ဆိုတာလဲ အိန္ဒိယ ကျောင်းသားတွေ အဖို့  တော်တော် ခေတဲ့ ဟင်းတခွက် မဟုတ်၊
ကိုရင်စက္က(မန်ဒီ) တို့လို သူဋ္ဌေးကိုယ်တော်လေးတွေကလွဲ
ကျန် ကျောင်းသား ကိုယ်တော်လေးတွေက ခရမ်းချဉ်သီးတလှည့် အာလူးတလှည့် ဘုဉ်းပေးနေရတာဆိုတော့ ကိုယ့်အလှုတွက်လဲ ဝမ်းမြောက်ပါရဲ့၊ ခုချိန်ဆို ရွှေပြည်ကြီးမှာလည်း လမ်းတွေပိတ် ဘောက်တွေတပ် အားကစား ပွဲတွေကတော့ အပြိင်အဆိုင် ကြဲနေလောက်ပေပြီ၊
ရန်ကုန်မှာတုန်းကဆို လွပ်လပ်ရေးနေ့ ကျောင်းမှာ ဆွမ်းကပ်ရှိပါစေ လို့ပဲ ဆုတောင်းတောင်းနေရတာ နို့မို့ ကိုယ်က ဆွမ်းခံကြွ လမ်းပိတ် သောင်းကျန်း (အဲ့) ကစား နေကြတာနဲ့ တွေ့လို့ တအိမ်နှစ်အိမ်ကြွ ပြီး သပိတ်ခွန်ကြီး ပိုက် နောက်ကြောင်း ပြန်ပြန်လှည့်ရတာ ခဏခဏ

(အားလုံးပျော်ရွှင်ကြပါစေ ၊) HAPPY Independence day of MYANMAR !!!!!!

Wednesday 2 January 2013

သာကီ့ တယ်လီဖုန်း



အများတကာတွေ တယ်လီဖုန်းဆိုတဲ့ ခေတ်မှာ ကိုယ်လဲ တယ်လီဖုန်းချင်တဲ့ ရောဂါလေး ရလာပါတယ်၊ ကတ်ပါတာ မပါတာ အပထား တယ်လီဖုန်းလေး သင်းပိုင်ခါးမှာ လူမြင်သူမြင် ချိတ်ရတာကိုးက ကိုယ့်ရဲ့ မာန်ကို ပိုဝင့်စေတယ်လို့ ခံစားရတယ်၊ ကိုယ့်သူငယ်ချင်းဆို ကိုယ့်ထက်တောင် ရူးသေး
သူ့သူငယ်ချင်းက နိုင်ငံခြားကနေ ဖုန်းခွန်လေး တစ်လုံးဝယ်ပေးတာကို ကတ်မဝယ်ပဲနဲ့ လူထင်ကြီးအောင် ခါးကြားချိတ် နာရီ နှိုးစက်ချထားလေ့ရှိပါတယ်၊ နှိုးစက်အော်သံ ကြားတာနဲ့ ဟုတ်တာမဟုတ်တာ အပထား သူ့ဆီပဲ သူများက ဖုန်းဆက်လို့ အပြေးအလွှားဖုန်းကိုင်သလို ဘာလိုလို လုပ်ပြီး လူကြားသူကြား ခေါင်းကြီးမော့ ဟလို ဟလို လုပ်တဲ့ကောင်…..
ဖုန်းအကြောင်းပြောတော့ သူ့ကို အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ကို အရမ်းသတိရတယ်၊
ဆရာက “ ဦးဇင်းရေ တပည့်တော်ကတော့ အခုခေတ် ဖုန်းတွေထက် တပည့်တော် ဖုန်းလေးကို ပို ဂုဏ်ယူတယ် ဘုရား တပည့်တော် ဖုန်းလေးကို တပည့်တော် ဝယ်တုန်းက သိန်း၃၀ တောင်ပေးခဲ့ရတာလေ ခုဆို ဖုန်းတလုံးမှ နှစ်သိန်း သုံးသိန်း ကဲ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ အကောင်းမြင်ဝါဒနဲ့ပါ၊ နိုင်ငံခြားကလူတွေများ ပိုက်ဆံ မရှိတော့ ဖုန်းတလုံး ဈေးနည်းနည်းပဲ ပေးပြီးဝယ်နိုင်တယ်လေ၊ ဟော မြန်မာပြည်က လူတွေက ချမ်းသာတော့ ဖုန်းတလုံးလောက်ကတော့ ရော့ သိန်းသုံးဆယ် သိန်းခြောက်ဆယ်  ပြစ်ပေးပလိုက်တာ အဲ့သလို ချမ်းသာကြတာကိုးဘုရား” တဲ့
ဟုတ်တော့လဲ ဟုတ်ပါတယ်လို့ သူတို့ပြုံးရ၏၊

Tuesday 1 January 2013

ရဟန်းနှင့် လေထန်ကုန်း

“ဘဝတွေ ယောင်ချာချာ ဖြစ်ခဲ့တဲ့ ညကို

စဉ်းစားမိတိုင်း ခေါင်းကိုက်တယ်”တဲ့ ဝါသနာတူ မိတ်ဆွေ ရဟန်းရဲ့ ဤဝါကျအား

ဤသို့ မှတ်သားခဲ့ဖူးပါလေ၏။

တခါတုန်းက နေ့ရက်များဆီ မျောချင်တိုင်း မျောနေတဲ့ စိတ်ရဲ့ ခပ်ပါးပါး အက္ခရာတွေထဲမှာ မျက်မှန်လေး တပ်ထားတဲ့ ဟာသဆန်ဆန် အဖြစ်ပျက်လေး တခုက ဝင်လာပါတယ်၊

ဖြစ်ရပါလေကွယ်…………….း)

ကမ္ဘာအေး လမ်းမကြီးဘေးက မဖြစ်စလောက် ဝါယာလတ် လမ်းသွယ်လေးတွေ ကြားထဲ သူ့ရဲ့ ဒေသစာရီ အကြွချီဆုံး အရပ်အဖြစ် ‘ရောင်နီ’ဆိုတဲ့ စာအုပ်ဆိုင်လေးက top ten မှာ နံပါတ်ဝမ်း စရင်း ဝင်ခဲ့သော်လည်း ဆိုင်ပိုင်ရှင် မနွယ် ဟုခေါ်သော ဒကာမကြီးမှာမူ ကျွတ်တန်းမဝင်ခဲ့ရှာခဲ့…………


(ဘယ်ဝင်လိမ့်မလဲ သူ့စာအုပ်တွေ ကိုယ်က အကြွေး ယူယူ ဖတ်တော့ ၊သူ့ အကြွေးတောင်းဖို့လောက်သာ ရဟန်းတော်ကို စိတ်ဝင်စားလေ၏၊) မည်သို့ပင် ရဟန်းတော်က

“ ဒကာမကြီး ဒါတွေ ကသေရင် ကိုယ့်နောက်ကို မပါဘူးဗျ”(အဟမ်း အဟမ်း)

သူ့ရဲ့ စာအုပ်စင်ကြီးကို လက်ညိုးထိုးလျှက်……………….

တရားဓမ္မတွေ အကျယ်နည်း အကျဉ်းနည်း နည်းမျိုးအစုံ အဖုံဖုံ ဟောစေကာမူ

“ ဦးဇင်း ဟိုနေ့က စာအုပ်ဖိုး မပေးသေးဘူးနော်” (ရော် ခက်ပါပေ့)

ဒီဒကာမကြီးနှယ့် ကျွတ်ထိုက်တဲ့ သူ မဟုတ်ဘူး ထင်ပါ့ (တရားဟောနေရင်းတန်းလန်း)

………………………………………………………………

စာသင်သား ဘဝ မှာ စာအုပ်နဲ့ သပိတ်ကလွဲ ပြီး ဘာမှ မရှိတဲ့ ရဟန်းငယ်တစ်ပါးရဲ့ လူငယ်ဆန်ဆန် ဖြတ်သန်းမှု နောက်ကွယ်ကို ကြိုးကိုင်လာခဲ့တာကတော့ အမြီးအပေါက်မတည့်တဲ့ ကာရန်မဲ့ ကဗျာတချို့ပဲ ဖြစ်ပါတယ်……