သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 25 January 2013

သာကီ့ အမေပျောက်ဆုံးခြင်း



သို့ …………….
သက်ဆိုင်ရာ

အကြောင်းရာ။  ။ သာကီ့အမေ ပျောက်ဆုံးခြင်း…

အကျွန်ုပ် ရဟန်းတော် သာကီလုလင် ၏  တဦးတည်းသော ချစ်သမိခင် ကျေးဇူးရှင်သည်၊
၂၅၊ ၁၊ ၂၀၁၃၊ သောကြာနေ့ အချိန် ၁၁ နာရီ ၂၅ မိနစ်(PM) တွင် မူရင်း ခန္ဓာကိုယ် တခုလုံးပျောက်ဆုံးသွားပါသောကြောင့် အမြန်ဆုံး ရှာဖွေပေးပါရန် အလေးညွှတ် ပန်ကြားအပ်ပါကြောင်း၊

                                                                                         သာကီလုလင်

ဟုတ်ပါတယ် ပြဿနာ က အဲ့မှာ စတာပဲ၊
ကိုယ့်အမေ ပျောက်သွားတယ်၊
ဓာတ်ပုံတွေထဲက ကိုယ့်အမေ ဆိုတဲ့ လူပျောက်သွားတယ်၊
ပျောက်တယ် ဆိုရင်လဲ ပျောက်တယ်ပေါ့ လက်ခံလို့ရသေး၊
အခု ပျောက်သွားရုံတင်မကဘူး၊  အမေ့နေရာမှာ သူ့ကိုယ်သူ “ဟဲ့ ငါ နင့်အမေလေ” ဆိုပြီး ရင်ဘတ်ကြီး ပုတ်ပုတ်ပြ တဲ့ အဘွားကြီး တစ်ယောက်ပါ၊
ကိုယ်အရမ်း စိတ်ရှုပ်ရတယ်၊ ကိုယ့်အမေ အစစ်ကို ရှာပေးစမ်းပါ ဗျာ ပြောလဲ မရ၊
ကိုယ့်ကိုယ် ကြောင်တောင်တောင် နိုင်တယ်လို့ လူတွေက သမုတ်ကြတယ်၊
ဟုတ်တယ် ကိုယ့်အမေ မျက်နှာအစစ်ကို သားတစ်ယောက်ရဲ့ မှတ်ဥာဏ်အားလောက် ဘယ်သူက ပို လေ့လာပြီး မှတ်ထားနိုင်မှာတဲ့လဲ ၊ (ချွင်းချက်အနေနဲ့ အဖေက လွဲလို့ပေါ့လေ)
ကိုယ့်အမေကို ကိုယ်တွေ့ချင်တယ်၊
ကိုယ်တစ်ယောက်တည်း လောကကြီးထဲ ယောင်ချာချာနဲ့ လိပ်ပြာပျောက်တဲ့ ဝိညာဉ်တစ်ကောင်လို ဖြစ်နေတယ်၊
ဟာဗျာ…..
ကိုယ့်အမေကို ကိုယ် အမြဲတမ်းတွေ့နေကြ မြင်နေကြပဲ
ကိုယ် ပြောတဲ့ စကားကို လက်မခံကြဘူး၊ ကြာတော့ ကိုယ်က ကိုယ့်ရှေ့က အဘွားကြီးကို ကလေးဖတ်တဲ့ စင်ဒရဲလား ပုံပြင်တွေထဲက မိစ္ဆာမကြီး တစ်ကောင်လို မြင်လာတယ်၊
ကားတွန်းစာအုပ်ထဲမှာဆို ဝတ်စုံနက်ကြီး ဝတ်၊ နှာခေါင်းက ကောက်ကောက်၊ ပါးစပ်က ပြဲပြဲ၊ လက်သည်းတွေက ရှည်ရှည်၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊
ဒါပေမဲ့ ပြဿနာက မိစ္ဆာမကြီး အကြောင်းမဟုတ်၊ ကိုယ့်အမေ ပျောက်ဆုံးပြီး ကိုယ့်အမေနေရာမှာ တခြား အဘွားကြီး တစ်ယောက် ဝင် သရုပ်ဆောင်နေခြင်းပဲ၊
ရုပ်ရှင်တွေ TV တွေထဲမှာတော့ မင်းသား တစ်ယောက်က ဇာတ်ကားတစ်ကားကို အမေတစ်ယောက် ပြောင်းပြီး သရုပ်ဆောင်လို့ ရပေမဲ့ ဒါက ဇာတ်ကား ရိုက်နေတာမှ မဟုတ်တာလေဗျာ၊
ပြဿနာပဲ ဗျာ ကိုယ့် အမေ တကယ်ပျောက်သွားတာပါ၊
ပြောရဦးမယ် ဗျ၊
ဟင်္သာတထွန်းရင် ကြီးရဲ့ အမေနဲ့ အမေ့အကြောင်း မဟုတ်တဲ့
အမေနဲ့ အမေတု အကြောင်းလေး
……………………………………………………………………….
ဘဝရဲ့ အရေးကြီးဆုံး ဘာသာဗေဒတွေ အကြောင်း ကောက်ခြစ်မိရင်းက အများတကာတွေ မိဘမေတ္တာဘွဲ့တွေ ရေးသလို ကိုယ်လဲ ရေးချင်လာတယ်၊
ဒါပေမဲ့ ခက်တာက စာရေးခြင်း အတတ်ပညာမှာ ကိုယ်က
ဖြစ်ဖြစ်မြောက်မြောက် လောက်လောက်လားလား မရေးတတ်ခြင်းပဲ၊
ကိုယ်က လူညံ့တစ်ယောက်၊ အမေ့ဓာတ်ပုံကို ထုတ်၊
အခန်းကျဉ်းလေးက မီးရောင်ဖျော့တော့တော့မှာ လင်းချင်သလို မလင်းချင်သလို စူတူတူလေး လုပ်နေတယ်၊
အဲ့က စပြီး ကိုယ့်အမေ ပျောက်သွားတယ်၊
ကိုယ့်အမေ ပျောက်သွားပြီ ဆိုမှတော့ မိခင်မေတ္တာဘွဲ့တွေ ကိုယ်ဘယ်လိုရေးမလဲ၊
“ဓမ္မကထိကကြီး လုပ်တော့မယ်ဆို  နာမည်ကြီးချင်ရင် လွယ်သဗျ၊ မာတုပေါသက သုတ္တန်လို မိခင် မေတ္တာဘွဲ့ တရားတွေ များများ ဟောဗျာ၊ ပရိတ်သတ် သည်းချေကြိုက်တွေလေ၊ နိုင်ငံရေးတွေလဲ ပြောရဲရမယ်၊
အထက်လူကြီးတွေကို ဆော်နိုင်လေ နာမည်ကြီးလေ ခေတ်ကို ကိုယ့်လူရ ဟား ဟား” တဲ့
မိတ်ဆွေ ပြောစကား………..(မဆိုင်တာတွေ ပြောမိပြန်ပြီ၊ထားတော့)
ကိုယ်က ဘာရေးမှန်း မသိတာနဲ့အဲ့လိုပဲ စကားတွေက တောင်ရောက် မြောက်ရောက်ရယ်လေ၊
ရော် ခင်ဗျာကလဲ အနော့်အမေက တကယ်ပျောက်သွားလို့ပါဆို၊
……………………………………………………………………………
ကိုယ့် အခန်းကျဉ်းလေးရဲ့ ညာဘက်ထောင့်မှာ ကပ်ထားတဲ့ ရေတံခွန်ပုံ ပန်းချီးကားချပ်ဆီက ရေစီးသံ သဲ့သဲ့ လေးကို ကြားမိတယ်၊
“ကိုယ့်လူ ပန်းချီကားကြီးက ဒါဗင်ဂျီ ရဲ့ နောက်ဆုံးလက်ရာကြီးများ ဖြစ်နေမလားပဲ”
ဒါတွေ ကိုယ်မသိ၊ စီနီယာ ဆရာတော်တွေ ကပ်သွားတာ ရယ်၊
ကိုယ်က ပန်းချီဆိုတာလဲ ခံစားတတ်တာ မဟုတ်၊ ဒါပေမဲ့ ဖေ့ဘုတ်မှာတော့ ဗဂျီအောင်စိုးကြီးရဲ့  page ကို တကယ်ခံစားတတ်သယောင်နဲ့ ခပ်တည်တည် like လုပ်ထားလိုက်မိသေး၊ ခုမှ ဖွင့်ပြောတာ၊ ကိုယ်က ဘာမှ နားလည်တာ  ဟုတ်ဘူးရယ်၊
ထားတော့ ရှည်ပြန်ပြီ၊
ပြဿနာက ကိုယ့်တွေ့နေကျ မြင်နေကျ အမေ့မျက်နှာက ကိုယ့်ရှေ့မှာ ပျောက်ဆုံးသွားလို့ပါပဲ၊
Buddha ရဲ့  first sermon အသွားအလာ က အချိုးမှ ကျရဲ့လား၊ ကိုယ်က အဲ့လို ဗုဒ္ဓအရှင်ကိုလဲ အထွန့်တက်ချင်တဲ့ ငမိုက်သား တစ်ကောင် ဖြစ်ချင် ဖြစ်နေတတ်တယ်၊ တခါတလေပါ၊
ညာဉ့်ငှက် တချို့ရဲ့ လရောင်အားပြု ဟစ်ကြွေးသံ တချို့ကို ကိုယ်ကြားတယ်၊
ရှေးရိုးစဉ်လာအရ ‘နိမိတ် မကောင်းဘူး’ တဲ့
ဖတ်ခဲ့ဘူးတဲ့ စာတွေထဲမှာတော့ ‘အိမ်ပျောက် ရှာပုံတော် ဖွင့်သံ’ ဆိုပဲ ၊
ကိုယ် ငယ်ငယ်တုန်းကလဲ အဲ့လိုပဲ မြို့ပြဈေးကြီး အလယ်မှာ အမေနဲ့ တကွဲတပြားဖြစ်သွားတော့ အော်ငိုခဲ့ဖူးတာပဲ၊
ရှေးရိုးတွေထဲက မထွက်နိုင်တဲ့ လူတွေတော်တော်များများကသာ ကိုယ်ချင်းစာစိတ် ပျောက်နေတတ်ကြတာတဲ့လေ၊
အေးဗျာ စကားတွေက အဲ့လိုပဲ ချော်ချော်ထွက်သွားတယ် ၊
ဖြစ်ပုံကတော့ အနော့အမေ ပျောက်သွားလို့ပါဗျာ၊
အဲ့ဒါကူရှာပေးကြပါဦး ပြောချင်လို့၊
ဟို အဘွားကြီးကတော့ “ဟဲ့ ငါ နင့်အမေဟဲ့ နင့်အမေ” လို့ သူ့ရဲ့ တပင်တိုင် သီချင်းတွေ အားနဲ့ မာန်နဲ့ ဆိုနေဆဲဗျာ၊
ကျောက်ခန္တီ စေတီ ကြီးဆီက ဓမ္မသံတွေမှာ ကိုယ့်အမေနာမည် မပါခဲ့ပဲလေ၊
ကိုယ့်အမေဆီမှာ ပိန္နဲရောင် ဆံနွယ်စ လေးတွေ ရှိတယ်၊
ကိုယ့်အမေဆီမှာ သနပ်ခါး ပါးပါးလိမ်းထားတဲ့ နှင်းဆီရောင် ပါးမို့မို့လေး ရှိတယ်၊
ကိုယ် ငယ်ငယ်က စိန်ပြေးတမ်း ကစားရင် ကိုယ့်နောက်ကို အားကြိုးမာန်တက်နဲ့ ပြေးလိုက်တတ်တဲ့
ခြေထောက်လေး တစုံ ကိုယ့်အမေဆီမှာ ရှိတယ်၊
ကိုယ် ငယ်ငယ် အိပ်ရာဝင်ခါနီးတိုင်း အိပ်ရာဝင် ပုံပြင်စာအုပ် ဖတ်ဖတ်ပြတတ်တဲ့ တောက်ပတဲ့ မျက်ဝန်း အစုံ
ကိုယ့်အမေဆီမှာ ရှိတယ်၊
(ကိုယ်ပေးချင်တဲ့ သဲလွန်စလေးကတော့ အဲ့ဒါပါပဲ၊)
ကျန်တာ ကိုယ်ဘာမှ မသိ၊ ကိုယ်ကတော့ ဓာတ်ပုံ အဟောင်းလေးထဲ ဇရာပိ အကြောင်းကနေ ရှေ့မဆက်ရဲ၊
အတိတ် ဆွေးဆွေးလေးထဲ အမေရဲ့ ဘုရားရှိခိုးသံ သဲ့သဲ့လေး ထည့်ဖျော်လိုက်တော့…..
သြကာသ……… သြကာသ……….

(ထုတ်ကြည့်မိသော အမေ့ ဓာတ်ပုံဟောင်းလေးအား ခံစား၍၊ တွေးမိတွေးရာ ကြောင်သည်၊)

1 comment:

  1. ကိုယ့်အမေဆီမှာ ပိန္နဲရောင် ဆံနွယ်စ လေးတွေ ရှိတယ်၊
    ကိုယ့်အမေဆီမှာ သနပ်ခါး ပါးပါးလိမ်းထားတဲ့ နှင်းဆီရောင် ပါးမို့မို့လေး ရှိတယ်၊
    ကိုယ် ငယ်ငယ်က စိန်ပြေးတမ်း ကစားရင် ကိုယ့်နောက်ကို အားကြိုးမာန်တက်နဲ့ ပြေးလိုက်တတ်တဲ့
    ခြေထောက်လေး တစုံ ကိုယ့်အမေဆီမှာ ရှိတယ်၊
    ကိုယ် ငယ်ငယ် အိပ်ရာဝင်ခါနီးတိုင်း အိပ်ရာဝင် ပုံပြင်စာအုပ် ဖတ်ဖတ်ပြတတ်တဲ့ တောက်ပတဲ့ မျက်ဝန်း အစုံ
    ကိုယ့်အမေဆီမှာ ရှိတယ်၊
    (ကိုယ်ပေးချင်တဲ့ သဲလွန်စလေးကတော့ အဲ့ဒါပါပဲ၊)

    အတိတ် ဆွေးဆွေးလေးထဲ အမေရဲ့ ဘုရားရှိခိုးသံ သဲ့သဲ့လေး ထည့်ဖျော်လိုက်တော့…..
    သြကာသ……… သြကာသ……….

    ReplyDelete