သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Wednesday 2 January 2013

သာကီ့ တယ်လီဖုန်း



အများတကာတွေ တယ်လီဖုန်းဆိုတဲ့ ခေတ်မှာ ကိုယ်လဲ တယ်လီဖုန်းချင်တဲ့ ရောဂါလေး ရလာပါတယ်၊ ကတ်ပါတာ မပါတာ အပထား တယ်လီဖုန်းလေး သင်းပိုင်ခါးမှာ လူမြင်သူမြင် ချိတ်ရတာကိုးက ကိုယ့်ရဲ့ မာန်ကို ပိုဝင့်စေတယ်လို့ ခံစားရတယ်၊ ကိုယ့်သူငယ်ချင်းဆို ကိုယ့်ထက်တောင် ရူးသေး
သူ့သူငယ်ချင်းက နိုင်ငံခြားကနေ ဖုန်းခွန်လေး တစ်လုံးဝယ်ပေးတာကို ကတ်မဝယ်ပဲနဲ့ လူထင်ကြီးအောင် ခါးကြားချိတ် နာရီ နှိုးစက်ချထားလေ့ရှိပါတယ်၊ နှိုးစက်အော်သံ ကြားတာနဲ့ ဟုတ်တာမဟုတ်တာ အပထား သူ့ဆီပဲ သူများက ဖုန်းဆက်လို့ အပြေးအလွှားဖုန်းကိုင်သလို ဘာလိုလို လုပ်ပြီး လူကြားသူကြား ခေါင်းကြီးမော့ ဟလို ဟလို လုပ်တဲ့ကောင်…..
ဖုန်းအကြောင်းပြောတော့ သူ့ကို အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ကို အရမ်းသတိရတယ်၊
ဆရာက “ ဦးဇင်းရေ တပည့်တော်ကတော့ အခုခေတ် ဖုန်းတွေထက် တပည့်တော် ဖုန်းလေးကို ပို ဂုဏ်ယူတယ် ဘုရား တပည့်တော် ဖုန်းလေးကို တပည့်တော် ဝယ်တုန်းက သိန်း၃၀ တောင်ပေးခဲ့ရတာလေ ခုဆို ဖုန်းတလုံးမှ နှစ်သိန်း သုံးသိန်း ကဲ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ အကောင်းမြင်ဝါဒနဲ့ပါ၊ နိုင်ငံခြားကလူတွေများ ပိုက်ဆံ မရှိတော့ ဖုန်းတလုံး ဈေးနည်းနည်းပဲ ပေးပြီးဝယ်နိုင်တယ်လေ၊ ဟော မြန်မာပြည်က လူတွေက ချမ်းသာတော့ ဖုန်းတလုံးလောက်ကတော့ ရော့ သိန်းသုံးဆယ် သိန်းခြောက်ဆယ်  ပြစ်ပေးပလိုက်တာ အဲ့သလို ချမ်းသာကြတာကိုးဘုရား” တဲ့
ဟုတ်တော့လဲ ဟုတ်ပါတယ်လို့ သူတို့ပြုံးရ၏၊

ခေတ်ကြီးရဲ့ ရွေ့ရှားလာမှုအရ ခုဆို တန်ခိုးမရှိလဲ တစ်ယောက်နဲ့ တစ်ယောက်နဲ့ စကားပြောနိုင်သည် မြင်နိုင်သည်၊ ဈာန် မပါပဲနဲ့လည်း ကောင်းကင်နဲ့ တိမ်တွေကြား ထိုးဖောက် အရောက်သွားနိုင်ပေ၏၊
၂၁ ရာစုရဲ့ ကောင်းချီးပေးသံကား အံသြဖွယ်ရာ ကောင်းပေစွ……
လကမ္ဘာပေါ်မှာတောင် တိုက်ဆောက်ကြဖို့ ကြံကြလေပြီ ဆိုပဲ
(လူတွေလာပြီ ဆိုရင်တော့ ဆန်ဖွတ် အဖိုးအိုနဲ့ ယုန် လေးတို့ နေစရာ နောက်တခု ရှာရပေဦးတော့မည်၊ ဘာမဆိုင် ညာမဆိုင် ကလေးတွေလဲ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆန်းလဲ ငတ်ကြပေတော့မည်တကား၊)
သို့ပေမဲ့ ခေတ်တခေတ် ထဲကို ဝင်အဆန့်နိုင်ဆုံး အဖြစ် တယ်လီဖုန်းလေးကတော့ ရှေ့လျှောက် လူရာဝင်နေပေလိမ့်ဦးမည်၊ တယ်လီဖုန်းရှိနေသရွှေ့ တယ်လီဖုန်းသီချင်းလို တယ်လီဖုန်းဝတ္ထု တို့လို တယ်လီဖုန်းကဗျာ တို့လို တယ်လီဖုန်းလေးက ဇာတ်လမ်းပေါင်းများစွာ အဖြစ်ပျက်ပေါင်း များစွာကို ဆက်လက် ဖန်တီးနေပေဦးမည်၊ သူ့ရဲ့ တယ်လီဖုန်းလေးကလဲ ခုလို အဖြစ်ပျက်လေး တခုကို အမှတ်မထင် ဖန်တီးပေးခဲ့ပါတယ် (ဖြစ်ချင်တော့ ပြောပါတယ်၊)
……………………………………………………………………………………………………………
မနက်ခင်းဆိုတာ တကယ်တော့ သူ့လို စာသင်သားတပိုင်း စာချတပိုင်း ရဟန်းတပါးအတွက် လုပ်စရာတွေ များလှသည်၊
ကိုယ်က သူများဆီမှာ စာသွား တတ်ရင် တတ် ၊ မတတ်ရင် သူမှာရှိတဲ့ ရှိစု မဲ့စု ပိဋကတ် ပညာလေးကို လက်ဆင့်ကမ်း စာချ၊
ဒါသည်ပင် တမနက်စာ လုပ်ငန်းအဖြစ်ပုံမှန် လည်ပတ်ရခြင်းလို ဖြစ်နေပေသည်၊
နှစ်ပေါင်းများစွာ စာသင်သား ဘဝနဲ့ ကျင်လည်လာတဲ့ သူက ဒီနှစ်တော့ ကျောင်းတိုက်ရဲ့ ‘ အဟောင်းထွက် အသစ် အစားထိုး’ စနစ်အရ စာချဘုန်းကြီး အဟောင်းတွေ အသီးသီး ကျောင်းခွဲ သာသနာပြုကြတော့ ကျောင်းတိုက်ရဲ့ စာချဘုန်းကြီး လိုအပ်ချက်အရ သူက ယောင်တာတာ နဲ့ စာချဘုန်းကြီး ငပိပေါက်လေ ဖြစ်လာ၏၊ စာချ ဘုန်းကြီးလေး ဆိုတဲ့ ကြယ်ပွင့်လေး တိုးလာတော့ သူ့မှာ မာန်လေး နည်းနည်း တက်လာသည်၊ (ငါဟဲ့ ဘာမထီတဲ့ စာချဘုန်းကြီး ဆရာကီ) တနေ့တာ အာရုဏ်ဦးတွေမှာ ဘုရားဝတ်တတ် ဆွမ်းစား ကိုရင် ပေါက်လေးတွေ တတ်သမျှ မှတ်သမျှ စာချ ပြီးရင် ကော်ဖီ တခွက် ပိဋကတ် စာအုပ် တဖက် နဲ့ ဇိမ်ခံတတ်တဲ့ အကျင့်တခု ဒီ ငတိမှာ ထွန်းကားလာခဲ့သည်၊( မြင့်နိုင်တုန်းလေး မြင့်ထားရတာ ဟဲ ဟဲ)
ဘာပဲ ပြောပြော အဲ့ အချိန် ဆွမ်းခံ ထွက်တုန်းက ကော်ဖီလောင်းတဲ့ အိမ်ဆို ရှဲရှဲ ပေါင်း မြောက်များစွာ သူက စွတ်တင်ရသည်၊ (ကြိုက်တတ်လို့ပါ ဗျာ)
ဒီနေ့ မနက်လည်း ခါတိုင်း လုပ်နေကျ အလုပ်တွေ အကုန်ပြီး စာအုပ်ပိတ်(ဂျိတ်) နားမယ်မှ မကြံသေးဘူး သူ့ခါးကြားက နှစ်တစ်ထောင်မှ တစ်ခါလာတတ်တဲ့ တယ်လီဖုန်းက အသံသေး အသံကြောင်နဲ့ ထအော်လိုက်တဲ့ အသံကြောင့် “ဟဲ့ပလုတ်တုတ် ငါ့လည်း ဖုန်းဆက်တဲ့လူ ရှိသေးသဟ” ဆိုပြီး ဝမ်းသာ အားရနဲ့ ကောက်ကိုင် ကြည့်လိုက်တော့ နံပါတ်က ကိုယ် တခါမှ မသိ၊ ကိစ္စမရှိ ကိုယ့်အသိထဲက လူတယောက်ယောက်များ ဖုန်းဝယ်ပြီးတော့ ကိုယ့်ကို ဆက်သွယ်လာလေသလား အတွေးတွေ သိပ်များနေလို့ မရ ( ဖုန်းကျသွားလို့ ကိုယ်ပြန်ခေါ်ရရင် ပိုက်ဆံ ကုန်နေဦးမယ် ဟီး)
‘တီ့’ ( ဖုန်းကိုင်တဲ့ ခလုတ်ကို ကောက်နှိပ်လိုက်တဲ့ အသံ)
‘ဟလို’ ကိုယ် ဘာမှ မပြောရသေး တဖက်က ကြားရတဲ့ အသံက ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဆွဲချိတ်လိုက့်သည် အလား၊ ရှိစေတော့ ‘တော်တော် သာယာတာပဲ’ ဟု သူတွေးလိုက်သည်၊ သူတွေးလို့မှ မဆုံးသေး………
“ကိုကို မောနင်း နိုးပြီလား” (ဗုဒ္ဓေါ ၊ ခက်ပါရောလား အရပ်ကတို့ တသက်နဲ့ တကိုယ် ရဟန်းတပါးအနေနဲ့ ဒါမျိုးအသံ ခေါ်ခံရဖို့ဆိုတာ စိတ်ကူးလို့ ဘယ်လိုမှ မသင့်တော်တဲ့ အရာ၊ သမာဓိတွေကို ကလူသံနဲ့ ပြန်ခေါ်နေရသည်၊ လက်ထဲက ပိဋကတ် စာအုပ်ကို စားပွဲပေါ် အသာတင် ခပ်တည်တည် သူ ပြောလိုက်ရ၏၊
တဖက်ကို အားနာတာနဲ့ ‘ခင်ဗျား ဖုန်းမှားနေပြီဗျာ’ လို့တော့ မပြောရက်၊
“နိုးပါပြီ နိုးလို့ပဲ ဘုရားဝတ်တက် အာရုဏ်ဆွမ်းစား ကိုရင်လေးတွေ စာချပြီးလို့ ခု စာကြည့်နေရင်း ကော်ဖီသောက်နေတာလေ”
“ဟယ်တော့ ဘုန်းကြီး”
တဖက်က နှုတ်ဆက်သံတောင် ပေးမသွားပဲ တီ ဆိုပြီး ဖုန်းချ ထွက်ပြေးသွားသည် မောင်သာကီ ခွင့်လွှတ်ပါတယ်လေ ဒါမျိုးလဲ ဖြစ်တတ်တာပေါ့
“ဆက်သွယ်ရေးတွေ အမြင်ကျယ်ပုံများ ဒိုများ တရားထိုင်ရင်းနဲ့ ဖုန်းလာ ထထ ကိုင်ရတာ သမာဓိပျက်သဗျာ” သူ့ရဲ့ ရွာဦး ဆရာတော် ခြောက်သိန်းတန် ဖုန်းလေး ဝယ်အပြီး နှစ်လလောက် အကြာမှာ  မိန့်တော် မူတဲ့ စကားလေး အမှတ်ရ သူပြုံးရသည်၊  “ ဒါမျိုးလည်း ဖြစ်တတ်ပါတယ် ဘုန်းဘုန်းဘုရား” ဟု သူစိတ်ထဲကနေ ကြိတ်လျှောက်လိုက်မိသည်၊
အင်း တယ်လီဖုန်းလေး တယ်လီဖုန်းလေး တဖက်လူကို အားနာစရာကွာ ဒီအသံကိုမှ ငါ့ဆီ ခေါ်လာရတယ်လို့ ‘ရဗြန်းမ ဖုန်း ဟွန့်’
သူ ဖုန်းလေးကို အသာခါးကြားမှာ ပြန်ထိုး၊ ချထားတဲ့ ပိဋကတ်စာအုပ် လက်ပေါ်ပြန်တင် ကိုယ်မဟုတ်သလို ခပ်တည်တည် ဆက်ဖတ်နေလိုက်သည်၊ (နောက်တခါ ဒါမျိုးအဖြစ်ပျက် ဖန်တီးလို့ ကတော့ နင့်ကို နီးစပ်ရာ ဒကာ စွန့်ပြစ်မယ်၊) :P

1 comment:

  1. ဟားဟား ဒီပို့စ်လေးကို ဖတ်လိုက်ရတော့ ကိုယ့်ကိုယ်ကို အတော်ချမ်းသာတဲ့ နိုင်ငံသားမှန်း သ်လိုက်ရပြီ။ .. ၀မ်းသာပါ၏။ ဂုဏ်ယူပါ၏ အရှင်ဘုရား ...

    ReplyDelete