သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 1 January 2013

ရဟန်းနှင့် လေထန်ကုန်း

“ဘဝတွေ ယောင်ချာချာ ဖြစ်ခဲ့တဲ့ ညကို

စဉ်းစားမိတိုင်း ခေါင်းကိုက်တယ်”တဲ့ ဝါသနာတူ မိတ်ဆွေ ရဟန်းရဲ့ ဤဝါကျအား

ဤသို့ မှတ်သားခဲ့ဖူးပါလေ၏။

တခါတုန်းက နေ့ရက်များဆီ မျောချင်တိုင်း မျောနေတဲ့ စိတ်ရဲ့ ခပ်ပါးပါး အက္ခရာတွေထဲမှာ မျက်မှန်လေး တပ်ထားတဲ့ ဟာသဆန်ဆန် အဖြစ်ပျက်လေး တခုက ဝင်လာပါတယ်၊

ဖြစ်ရပါလေကွယ်…………….း)

ကမ္ဘာအေး လမ်းမကြီးဘေးက မဖြစ်စလောက် ဝါယာလတ် လမ်းသွယ်လေးတွေ ကြားထဲ သူ့ရဲ့ ဒေသစာရီ အကြွချီဆုံး အရပ်အဖြစ် ‘ရောင်နီ’ဆိုတဲ့ စာအုပ်ဆိုင်လေးက top ten မှာ နံပါတ်ဝမ်း စရင်း ဝင်ခဲ့သော်လည်း ဆိုင်ပိုင်ရှင် မနွယ် ဟုခေါ်သော ဒကာမကြီးမှာမူ ကျွတ်တန်းမဝင်ခဲ့ရှာခဲ့…………


(ဘယ်ဝင်လိမ့်မလဲ သူ့စာအုပ်တွေ ကိုယ်က အကြွေး ယူယူ ဖတ်တော့ ၊သူ့ အကြွေးတောင်းဖို့လောက်သာ ရဟန်းတော်ကို စိတ်ဝင်စားလေ၏၊) မည်သို့ပင် ရဟန်းတော်က

“ ဒကာမကြီး ဒါတွေ ကသေရင် ကိုယ့်နောက်ကို မပါဘူးဗျ”(အဟမ်း အဟမ်း)

သူ့ရဲ့ စာအုပ်စင်ကြီးကို လက်ညိုးထိုးလျှက်……………….

တရားဓမ္မတွေ အကျယ်နည်း အကျဉ်းနည်း နည်းမျိုးအစုံ အဖုံဖုံ ဟောစေကာမူ

“ ဦးဇင်း ဟိုနေ့က စာအုပ်ဖိုး မပေးသေးဘူးနော်” (ရော် ခက်ပါပေ့)

ဒီဒကာမကြီးနှယ့် ကျွတ်ထိုက်တဲ့ သူ မဟုတ်ဘူး ထင်ပါ့ (တရားဟောနေရင်းတန်းလန်း)

………………………………………………………………

စာသင်သား ဘဝ မှာ စာအုပ်နဲ့ သပိတ်ကလွဲ ပြီး ဘာမှ မရှိတဲ့ ရဟန်းငယ်တစ်ပါးရဲ့ လူငယ်ဆန်ဆန် ဖြတ်သန်းမှု နောက်ကွယ်ကို ကြိုးကိုင်လာခဲ့တာကတော့ အမြီးအပေါက်မတည့်တဲ့ ကာရန်မဲ့ ကဗျာတချို့ပဲ ဖြစ်ပါတယ်……




ကဗျာရေးချင်တဲ့ ညာဘက်လက်နဲ့ မင်တဝက်တပျက် ဖောင်တိန်တချောင်းကလွဲပြီး ဘာမှ မရှိတဲ့ သူရဲ့ စိတ်တွေကို လှုပ်ခတ်နှိုးဖို့ ကျောင်းတိုက်ထဲမှာ ကဗျာလေးတွေ ခြေဆော့ လက်ဆော့ နည်းနည်းရှိတဲ့ စာချတန်းက ဦးပညာ ကို သူက ကပ်ပြီး ဆရာတင်ရလေသည်။

အဲ့တုန်းက သူ့ပတ်ဝန်းကျင်မှာတော့ ဦးပညာက ဘားနမ်ရှော့တို့လီယိုတော်စတွိုင်း တို့လို နေတစ်ဆူ လတစ်ဆူ ထွန်းပနေသူ ဖြစ်၏(သူမှ လွဲပြီး တစ်တိုက်လုံးက ကိုယ်တော်တွေကလဲ ဘယ်သူမှ ကဗျာရေးခြင်းကို စိတ်ဝင်စားဟန်မပြ) သူ့ရဲ့ ဆရာတင် ခြင်းကို နေ့ချင်းညချင်း ဘိသိတ်သွန်းခံလိုက်ရတဲ့ ဦးပညာရဲ့ ကဝိဆန်ဆန် အပြုံးတွေကလဲ ပြောက်မြောက်လှ၏။

“ကဗျာ ဆိုတာ ဒီလိုရှိတယ်ကွ ချစ်တပည့်ရ(အဟမ်း အဟမ်း၊ ချောင်းဟန့်သံ)

လေးချိုး ဒွေးချိုး ဧချင်း ရတု ……… ဆိုပြီး ရှိတယ်ကွ”(သူကတော့ ဘာမှမသိ မျက်စိလေးကလည်ကလည်) သူဘာမှ မသိတာကိုပင် ဦးပညာက ဂုဏ်ယူနေဟန်ရှိသည်၊၊

(သူ့ထက် နှာတစ်ဖျားတင်မက နှာခေါင်းတစ်ခုလုံးစာအထိ သာပြနေရသည်မဟုတ်ပေလား)

ဘာပဲပြောပြော စာမကျက်ချင်တဲ့ သူရဲ့ ပိဋ္ဋကတ်စာအုပ်တွေ ကြားထဲမှာ ဆရာကြီးရွှေဥဒေါင်း ဆရာကြီး ဒဂုန်တာရာနဲ့ ဆရာကြီးမဟာဂီတ ဦးပြုံးချိုကြီးက အစ တာရာမင်းဝေ အကြည်တော် မင်းခိုက်စိုးစံနဲ့ မောင်လှမျိုးတို့အလယ် ပြည့်ပိုင်မှုးအိမ် ဝေမှုးသွင်တို့ အဆုံး အမျိုးအမျိုး အဖုံဖုံသော စာအုပ်တွေနဲ့ တခြား တောက်တိုမယ်ရ ကဗျာဆရာပေါက်စတွေအထိ ချောင်းပေါက်အောင် စီးဆင်းခဲ့ရတဲ့ ကာလ ပဲ ဖြစ်ပါတယ်။ (ထားလိုက်တော့ ဆိုလိုချင်တာ ဒါမဟုတ်…………)

…………………………………………………….

စာရေးဆရာတွေ လောက မှာရော မဂ္ဂဇင်းတွေ ရဲ့ အရေးကြောင်းလေးတွေထိ ‘လေထန်ကုန်း’ ဆိုသော ဇနပုဒ်လေးရဲ့ မွေ့လျော်ဖွယ်ဂုဏ်သတင်းက “သူတော်ချင်းချင်း သတင်းလွေ့လွေ့” ဆိုသလို မွှေးပျံ့လှ၏။

ဒါကြောင့် ဘုရားလက်ထပ်ကတည်း က အဖွဲ့အနွဲ့ တွေ ကဗျာတွေ စာတွေနဲ့ ပတ်ဝန်းကျင်ကို ခြယ်မှုန်းတတ်တဲ့ အရှင် ဝင်္ဂီသရဲ့ လက်ရေးများကို အိမ်မက် မက်လို သူ သူ့လို ဂျစ်ပစီ လမ်းမတွေပေါ်က စာသင်သားသာသာ ရဟန်းတပါး အတွက်တော့ လေထန်ကုန်း အိမ်မက် ဟာ တနေ့တခြား ကြီးထွားလာခဲ့ပါတယ်၊

“ငါသည် လေထန်ကုန်း တည်းဟူသော စာအုပ်တွေကြားထဲက ဇနပုဒ် အရပ်လေးသို့ သနားခြင်းကရုဏာတော် ရှေးရှုလျှက် ဒေသစာရီ ကြွချီပေအံ့၊ ဆိုင်တွင်း၌ ပေါက်ပန်းလေးဆယ်အမျိုးမျိုးကို ကရားရေလွတ် ပြောဆို ဆွေးနွေးနေကြကုန်သော ကျွတ်ထိုက်သော စာရူးပေရူး လူတစ်စု အားလည်း မြတ်နိုးဖွယ်ရာ ဟိုမရောက် ဒီမရောက် စကားလုံးများ ပြောကြားလျှက် ချေချွတ်ပေအံ”့(တကယ့်ကို ရဟန်းငယ်တပါးရဲ့ အိမ်မက်ပါပဲ)

………………………………………………..


အခွင့် အခါက သင့်လေတော့လဲ ကံကြမ္မာက မနေရှာ၊ မျက်နှာသာပေးတုန်း အခိုက်မို့ ဆူးလေ လမ်းမကြီးတွေ ပေါ်ကို ခုန်တက်ရင်း လေထန်ကုန်း ရှာဖွေ ရေး အစီစဉ်များ စိတ်ကူးထဲကနေ ရေးခြစ်ပစ်လိုက်သည် ၊(ဆရာဘုန်းတော်ကြီးရဲ့ စေခိုင်းချက်အရ သူ ဒီနေ့ ဆူလေ လမ်းမတွေပေါ်ကို ရောက်ခွင့် ရပြီ မို့လား၊)


ဘုရားရဲ့ ပါဠိတော်တွေ ထဲမှာ ခဏခဏပါတတ်တဲ့ “ဇိတံ မေ ဇိတံ မေ” ဆိုတဲ့ စာကြောင်းလေးကိုလဲ အောင်နိုင်သူ သူရဲကောင်းတို့ပမာ မထသ ကားကြီးပေါ်မှာ တိုးတိုးလေးနဲ့ အားရပါးရ သူ ရေရွတ်နေခဲ့ပါတယ်…..(တိုးတိုးလေးနဲ့ အားရပါးရ ဘယ်လို ရွတ်တာလဲ ဟုတော့ မမေးလင့်၊ဒီလိုပင် ရွတ်လိုက်သည်းးး)

အမေရိက ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ် ဆိုတဲ့ ကိုလံဘတ် ဆိုတဲ့ ငတိကတော့ ခရီးစဉ် မစမှီ ဘယ်လို နေတယ် မသိ၊

သူ့ရဲ့ လေထန်ကုန်းကဗျာကတော့ ရင်ဘတ်တခုလုံး ဆူညံပွတ်လောရိုက်နေခဲ့သည်……….

…………….

(စပါပြီ လေထန်ကုန်း ခရီးစဉ်) ဘတ်စ် ကား ပေါ်ကြီးကနေ ဆင်းဆင်းချင်း အကြည့်ချင်း ဆုံလိုက်တဲ့ မျက်ဝန်းတစုံကို သူက အမှတ်တမဲ့မို့ ကိုယ်ခရီး ကိုယ်ဆက်ရန် ခြေထောက်တွေကို လှမ်းဟန်ပြင်လိုက်သည်။

အင်း တော်တော်အကျော ရှည်တဲ့ ဟော့ဒီ မျက်လုံးပါပေ့၊

ထိုမျက်ဝန်းဆီကိုပင် စပ်စုတတ်တဲ့ သူ့မျက်လုံးက ထပ် ပါဖြစ်အောင် ပါသွားလိုက်သည် ၊ မြင်ရသည့် မြင်ကွင်းက သိပ်ဒေါင့် မကျိုးလှ၊

သူ့ကို ကြည့်နေတဲ့ ဒကာ မမကြီး တယောက်

သူ့ကို ထပ်ကြည့်လာတဲ့ မျက်ဝန်းတွေကနေ တဆင့် အပြုံးတွေပါ ကပ်ပါလာသည်၊(အမငီး)

သူ့ခြေလှမ်းတွေ တွန့်သွားသည်၊(သံမ္ဗုဒ္ဓေ သံမ္ဗုဒ္ဓေ)

ဆက်သွားရလေမလား၊ မာယာများတဲ့ မြို့လယ်ခေါင်ရဲ့ ကြိတ်ကြိတ်တိုး လူသံတွေ အကြောင်းကို စာအုပ်တွေ ထဲမှာရော လူတချို့ ရဲ့ ဋီကာတွေ ကြားထဲမှာသာ သူက ကြားဖူးခဲ့၏၊ တကယ့်တကယ်မှာတော့ သူက ဘာမှ မသိ၊(း ရွာကို ပြန်သွားရင်တော့ တောက ရှေးဆန်ဆန် လူကြီးတွေနဲ့ လယ်ကွင်းပေါ်မှာ နွားကျောင်းနေတဲ့ လူငယ်တချို့ကိုတော့ သူက ရန်ကုန် မြို့လည်ခေါင်က လူတွေရဲ့မာယာပရိယာယ်တွေ အကြောင်း ခပ်တည်တည်နဲ့ ကြွားတတ်သေး၏၊ ဆရာဒကာတွေ ကတော့ အတွဲညီပါပေ့

သူ ဘာပြောပြော “သြော် ဂလိုလား မောင်ပဉ္ဇင်းရဲ့” ဆိုပြီး အံ့သြထူးဆန်းဟန်နဲ့ သက်ပြင်းချပြီး “ရန်ကုန်မြို့ကြီးနှယ် မာယာတွေ ပေါပါဘိကွယ်” ဆိုပြီး လူကြီး တချို့က ထထ ရေရွတ်တတ်သလို လူငယ်တချို့ကတော့ သူတို့ အိမ်မက်ထဲက ရန်ကုန်မြို့ကြီး အကြောင်းကို

မျက်လုံးလေး ကလည်ကလည် လုပ်ကာနားထောင်နေတတ်သည်ကိုပင် ဆရာကြီးလုပ်ချင်သူ သူ့အတွက် အရသာတမျိုး ပေ မို့လား၊ ဖြစ်တတ်ပါတယ်လေ။)

ခက်တော့ နေပါရော……..

သူ့နောက်ကနေ ဒကာ မမကြီးက ထပ်ကြပ်မကွာ လိုက်လာခြင်းပင်၊

လှည့်လဲ မကြည့်ရဲ၊

ပထမ ဦးဆုံး အကြိမ်ရောက်ဖူးတဲ့ ဆူးလေ လမ်းမကြီးပေါ်မှာ သူ့ရဲ့ ဇောချွေးတွေ ရွဲရွဲ နစ်နေခဲ့သည်၊ အဆိုးဆုံးက သူဖျက်ကနဲ့ လှည့် အကြည့်မှာ ဒကာ မမကြီးက သူ့ကို ပြုံးပြလိုက်တဲ့ ငါးခူပြုံးကြီးပါပဲ၊

“ကိုယ့်ကျောင်းထဲမှာ ကိုယ် ခြေ အငြိမ် မနေတဲ့ ကိုယ်တော် ခုတော့ ဘယ်နှယ်”့ ဟု မိမိရဲ့ မယ်တော်ကြီး သိလျှင် ထိုသို့ ဆူပေရောမည်၊

မနီးမဝေးက ဈေးဆိုင်တစ်ဆိုင်မှာ ဈေးဝယ်နေတဲ့ စာသင်သားဟန် ရဟန်းငယ်၃ပါးကို သူလှမ်းတွေ့လိုက်သည်၊(အကူညီ တောင်းလိုက်ရင် ကောင်းလေမလား)

ဘာပဲ ပြောပြော “လွတ်အောင်တော့ ရုန်းပါမှ နန္ဒိယ” ဆိုတဲ့ စိတ်ဓာတ်နဲ့

မြင်ရာတွေ့ရာ လမ်းကျဉ်းတွေ ကြားထဲ သူ သုတ်ခြေတင်လိုက်ပါတယ်၊

နောက်တော့ ဘယ်လမ်းရဲ့ မြေကြီးတွေပေါ်မှာ ဒကာမမ ကြီး ကျန်ခဲ့တယ်မသိ၊ သူလေပူ တချက် ဝူးခနဲ မှုတ် အထုတ်လိုက်မှာတော့ သူ့ရဲ့ခြေထောက်တွေက တိုက်တစ်တိုက်ရဲ့ ဒုတိယထပ်တွေပေါ်မှာ ရှိနေခဲ့ပေသည်၊

(သူ့ခြေထောက်ကို သူငုံ့ကြည့်ရင်း ၊ကမ္ဘာ့ ချန်ပီယံ အပြေးသမားကြီး ဟူစိန်ဘော့ ရဲ့ တလွှားလွှား ပြေးနေတဲ့ ဟန်ကို မြင်ယောင်ပြီး သူပြုံးလိုက်မိသည်၊း)

ပြေးနိုင်မှ တော်ကာ ကျပေမသော ဆူးလေလမ်းမကြီး တွေကို နောက်တခါ နမ်းမိဖို့ သူကြောက်သွားသည်၊

တော်ပေပြီ ‘လေထန်ကုန်း’ နောက်တခါ အပူ မရှာတော့ပြီ၊

ကိုလံဘတ်ရဲ့ ကြုံးဝါးသံ ကို မကြားချင်ဟန်ဆောင်ပြီး ကိုယ့်နေရာကိုယ် ရို့ရို့လေးသာ ပြန်ဖို့ တာစူလိုက်ပါတယ်၊အပြောထက် အလုပ်က မလွယ်တာမို့ ဖတ်ဖတ်မောနေတဲ့ ရင်ကို ဖိပြီး ‘လေထန်ကုန်း’ ဆို နောက်တခါ အိမ်မက်ထဲတောင် မထည့်လေပြီ၊



၊သဗ္ဗေသတ္တာ မင်းသိင်္ခါ (အဲ့လေ)သဗ္ဗေသတ္တာ ကမ္မဿကာ၊

No comments:

Post a Comment