သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 12 January 2013

အိပ်စက်ခြင်း သန္တ ရသ



သမိုင်းလှလှလေးနဲ့ ချုပ်ထားတဲ့ ညတွေမှာ သူနိုးလာ၊
ဘာမှ လုပ်စရာ မရှိတာနဲ့ပဲ လူက ဘာမဆိုင် ညာမဆိုင် ငိုင်တိုင်တိုင် ဖြစ်ပေးရတာပါ့
ဒီလိုနဲ့ ယောင်တာတာ လမ်းလေးအတိုင်း ဆောင်းနှင်းရဲ့ ကန်ချက်ပြင်းပြင်း အားကို တွန်းလှန်လို့ သူလမ်းသလား
ဟိုဘက်ခန်းက ဟုတ်တယ် သူရဲ့ (အသေချာ ပြောရရင်) ညာဘက် ခန်းက ချောင်းဟန့်သံတွေ ကြားရရဲ့၊
ရှိစေတော့ ဒီလို အတွေးများတဲ့ ညမျိုးဆို သူ့ ခေါင်းကြီးကိုပဲ သူ တတောက်တောက် ခေါက်လို့ ဒေါသ ရနံ့တွေ အပြတ်သတ် ထုတ်ပွားနေရ…
ရှိစေတော့
ယောင်တာတာ နေနေမှာထက်စာရင် ကွန်ပျုတာကိုင် မောက်တလုံး ကီးဘုတ် တပြားနဲ့ အာသာပြေ ဟိုကုတ် ဒီကုတ် လုပ်နေရတာက ပို အဓိပ္ပါယ်ရှိမှာပါ၊ ဒါနဲ့ သူ မီးဖွင့် ကီးဘုတ်ခေါက် ထုံးစံအတိုင်း လင်းဆေးလိုဟန်လေးကို repeat လုပ် ဆိုခိုင်းထားလိုက်တယ်၊ (အော်စမ်းဟယ်) ဒါပေမဲ့ နားညီးတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေါင်….
ဗုဒ္ဓအရှင်တော်မြတ်တောင် ဥာဉ်သုံးယမ်မှာ ပစ္ဆိမယမ်မှ ခေတ္တအနားယူ ကျိန်းစက်တော် မူသတဲ့……
သူက ဘုရားသားတော်ပဲ အိပ်ရေးပျက်တယ် ဆိုတာ အိပ်ရေးမဝတာကို အိပ်ရေးပျက်တာ လို့ ဆိုလိုခြင်းဖြစ်ချင်ဖြစ်မည်၊ အိပ်ချင်တဲ့ အချိန်မှ အတိုးချပြီး အိပ်ထည့်လိုက်မယ် ကဲ
ဒါနဲ့ ညတာတွေက ကောသလ မင်းရဲ့ စကားတွေလို ရှည်လျှားလာ
ဒီမင်းကတော့ ဝတာလဲ မပြောနဲ့ ဖတ်စာတခုလုံး အစားနဲ့ အအိပ်ပဲ ရှိတဲ့ မင်းလေ
ရှိစေတော့ ကိုယ်ရေး ကိုယ်တာတွေ
ဒါနဲ့ အိပ်စက်ခြင်းလှလှတွေ သူ့ပေါ်မှာ မဆင်းသက်ခဲ့တာ ကြာပေါ့၊
ခုတလော ဘာဖြစ်နေတယ်ရယ် မသိ ညည နိုးနိုးနေတတ်တယ်၊
မနက်ကျရင်လည်း အစောကြီး နိုးနေတတ်တယ်၊
ဟိုဘက်ခန်းက ကုလားမ ကလဲ ဆူတယ်ကွယ်………

အိပ်စက်ခြင်းတွေ အကြောင်းထဲမှာ သူက ယင်းတိုက်တောလေးရဲ့ တနေရာက မယုံသလို စကားလေးကို အမှတ်ရတယ၊်
“အရှင်ဘုရားကတော့ လုပ်ပြီ၊ ဆောင်းရာသီ ညဆိုတာ သိပ်အေးတာလေ၊ အရှင်ဘုရားထိုင်နေတဲ့ မြေကလည်း ကြမ်း၊ သင်္ကန်းကလည်း ပါးပါး၊ နောက်ပြီး အရှင်ဘုရား ခုထိုင်ထားတဲ့ သစ်ရွက်အခင်းကလည်း ပါးပါးလေး ဒါနဲ့များဘယ်လိုအိပ်ပြီး အရှင်ဘုရားက ချမ်းသာစွာ အိပ်ရပါတယ် လို့ ပြောပါလိမ့်နော်၊”
သံသယ ရောထွေး ကူးယှက် အကြည့်တွေမှာ မယုံသင်္ကာ စိတ်တွေ ပါသွားသည်၊
“ ဒီတခါတော့ ငါ့ကို ဗုဒ္ဓ ညာပြီ”
…………………………………………………………………………
အာဠဝီပြည် ယင်းတိုက်တောကြီးရဲ့ သစ်ရွက်ခင်း လေးပေါ်မှာ ထိုင်တော် မူနေတဲ့ ဗုဒ္ဒအရှင် ရဲ့
“လောကမှာ ချမ်းသာစွာ အိပ်စက်ရတဲ့ လူတွေ ရှိတယ် အဲ့လူတွေထဲမှာ ငါဟာ တစ်ယောက်အပါဝင်ပေါ့” လို့ မိန့် စကားမှာ အလိုမကျခြင်းများစွာနဲ့ ပြန်လျှောက်တဲ့ ဟတ္ထက မင်းသားရဲ့ စကားလေးပါ…..
“ဒါဆို မင်းသားရဲ့ သင့်ကိုပဲ ပြန်မေးရမှာပါ့”
“အိမ်ကြီးတအိမ်ပေါ့၊  အကောင်းစား ဆိုဖာတွေ၊  ခန်းနားတဲ့ ပြတင်းပေါက်ကြီးတွေ နဲ့ ပြုလုပ်ထားတဲ့ ရတနာ စီခြယ်ထားတဲ့ အိမ်ကြီးထဲ စိတ်နှလုံးကို ပျော်ရွှင်မှု ပေးနိုင်တဲ့ မယားလေးယောက်က ကိုယ့် စိတ်တိုင်းကျ ပြုစု လုပ်ကြွေးနေတယ် ဆိုရင် မင်းသား သင် ဘယ်လို ထင်သလဲ ထိုသူအား ချမ်းသာစွာ အိပ်ရသည်ဟု ခေါ်ပါသလား၊”
“ရော် အရှင်ဘုရားနဲ့ ဘယ့်နှာ့ ပြောလိုက်ပါလိမ့်၊ ချမ်းသာစွာ အိပ်စက်ရတယ် ခေါ်တာပေါ့ဘုရား”
“ဒါဆိုမင်းသား အဲ့လူမှာ ရာဂ ဒေါသ မောဟ ကြောင်ဖြစ်တဲ့ ကိုယ်၏ ပူလောင်ခြင်း စိတ်၏ ပူလောင်ခြင်း တွေ ဖြစ်နေမယ် ဆိုရင်ရော၊ ထိုသူအား ကောင်းစွာ အိပ်စက်ရတယ် ခေါ်ပါလား”
“မခေါ်ပါဘူး ဘုရား”
“ဟုတ်ပီမင်းသား ခုနက ပြောခဲ့တဲ့ လူလို သူ့မှာ ရှိနေတဲ့ ရာဂ ဒေါသ မောဟ ကြောင့်ဖြစ်တဲ့ ပူလောင်ခြင်းတွေ အကုန်လုံး ငါဘုရား ပယ်ပြီးလေပြီ ၊ ဒါကြောင့် ငါသည် လောက၌ ချမ်းသာစွာ အိပ်စက်ရသူတို့တွင် တယောက်အပါဝင်ဖြစ်သည်ဟု မိန့်တော် မူ၏၊”
သူ ယခု အချိန်အထိ ကောင်းကောင်း အိပ်မပျော်သေး
ပတ်ဝန်းကျင်ကို အားနာပေမဲ့ music ကိုပဲ အားပြု အနားယူနေရသည်၊
(သူ့မှာ မယားလေးယောက်လည်း မရှိဘူး မို့လား :P)
“တဏှာတွေ အားလုံးကို ဖြတ်ပြီးကာ စိတ်နှလုံးတို့ ပူလောင်ခြင်းမှ ငြိမ်းအေးစေပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ ရောက်သော စိတ်ဖြင့် ချမ်းသာစွာ အိပ်ရပေ၏ မင်းသား”
ညတွေက မှောင်နေဆဲ၊ အေးစက်ခြင်းတွေက ပြတင်းတံခါးကို အလုယက် တိုးဝင်လာကြပေသည်
သူတံခါး ထပိတ်လိုက်သည်၊
ဒီလိုအချိန်ဆို တိတ်ဆိတ်ခြင်းနဲ့ နာရီ လက်တံတွေ အတူ ကခုန် သူက music အသံကို တိုးနှိမ်လိုက်ရသည်၊
ကိုယ့်ကြောင့် သူများ အနှောင့်ယှက်ဖြစ်သွားရင် မကောင်း
ဒါမျိုးစိတ်ဓာတ် အရင်းခံ ကောင်းလေးတော့ သူ့မှာ ထွန်းကားပါသေးသည်၊

“တနေ့လုံးကောင်းသော အမှုဖြင့် ကုန်ဆုံးသောအခါ ညာဉ့်အချိန် အိပ်စက်ရခြင်းဟာ ချမ်းသာလေစွ”၊
                                                                                              (လီယိုနာဒို ဒါဗင်ချီ)

No comments:

Post a Comment