သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 22 January 2013

“ငူ သစ္စာ”


ရဟန်းတစ်ပါးရဲ့ ရွာပြန်ချိန် နေညိုလမ်းတွေက ခပ်စိုစို ဖြစ်နေတတ်သည်၊
မြို့ပြနဲ့ ကျေးလက် ကွာဟမှုတွေကို တစစ်စစ် ခွါရင်း ကြည့်လိုက်တော့ ကျေးလက်ရဲ့ လတ်လတ်ဆတ်ဆတ် အပြုံးလေးတွေက ပြုတ်ပြုတ်ကျလာသည်၊
ပွင်းလင်းမှု ၊ ရိုးသားမှု
မြို့ကြီးသား ကိုယ်တော်ကို စကား ပြောချင်ရဲ့နဲ့ စကားမပြောရဲ သလို ရှက်နိုးနိုး မျက်နှာထားလေးတွေ
တကယ့်ကို ရဟန်းတစ်ပါးရဲ့ ဆည်းဆာနဲ့ လိုက်ဖက်လွန်းလှသော ကဗျာ တပုဒ်….
ကိုယ်ကလဲ ကိုယ်ပင် ၂ နှစ်တခါ ၁ နှစ်တခါမှ ပိဋကတ် စာအုပ်တွေကြားထဲက လွတ်လွတ် ကျွတ်ကျွတ် ထွက်ခွင့်ရသမို့ ရွာပြန်ချိန်တွေမှာ ကိုယ်က လွပ်လွပ်လပ်လပ် တအိမ်တက် တအိမ်ဆင်း ဟုတ်တာတွေရော မဟုတ်တာတွေရော ကြွားဝါသွားတတ်သေးသည်ကိုး၊
အများအားဖြင့်တော့ သူ့ဆွေးတော် မျိုးတော်များက အမျိုးကိုယ်တော်လေးကို ကြည်ညိုရင်းစွဲထက် မျက်နှာပြောင်တဲ့ ရဟန်းလေး အဖြစ် ခင်မင်ရင်းစွဲကြသည်က များသည်၊
(သို့သော် ဒီကိုယ်တော်က ဂိုက်ပေးကြမ်းပြီး ငေါက်ထည့်လိုက်ရင်လည်း ငြိမ်နေကြတာ ၊ အဲ့လို ချစ်စရာကောင်းတဲ့ ကိုယ့်အမျိုးတွေပေါ့)
မိတ်ဆွေများပြောသလို “ကိုယ့်လူ သင်္ကန်းအားကိုးနဲ့ မိုက်နေသလားဗျာ၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး တွေ့ဘူးတယ် ဟုတ်၊”
ကိုယ်ခေါင်းညိတ်ပြလိုက်တော့
“အေး အဲ့လိုပဲဗျ စက်ဝိုင်းက အစကနေသွား အဆုံးကျတော့လဲ ဒီအစကို ပဲ ပြန်ရောက်ပြီး ဆုံးတာဗျ၊ လည်တတ်သဗျာ၊ သိပ်မမိုက်လေနဲ့၊ ရှေ့က ပြုလိုက်တဲ့ အကုသိုလ်ပဲ ဖြစ်ဖြစ် ကုသိုလ်ပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်နောက်ကျောပဲ ပြန်ရောက်သဗျ”တဲ့
မှတ်သားရပါရဲ့၊
ဒါနဲ့ ငယ်ငယ်ကကျောင်းတက်ဖေါ် ဒကာတော်လေး တယောက်ရဲ့ အိမ်အရောက်၊
သူကပ်တဲ့ အရာတွေ ပါးဖြဲ နားဖြဲဘုန်းပေးရင်းနဲ့၊ ဒကာတော်လေးရဲ့ အိမ်ထောင်ရေး အကြောင်းကို ရောက်သွားတယ်၊ ကိုယ်ကလဲ စပ်စုတာကိုး….
“ကိုယ့်လူ အိမ်ထောင်ကျပြီလား”
“မကျသေးပါဘူး ဦးဇင်းလေးရာ”
ငယ်ငယ်ကတည်းက ကျောင်းတက်ဖေါ်လဲဖြစ် ရင်းလဲရင်းနှီးသူတွေ ဆိုတော့ ခေါ်နေကျအတိုင်း သူက တရင်းတနှီး ဦးဇင်းလေးလို့ပဲ ခေါ်လေ့ ရှိသည်၊
ရှိစေတော့ ဆက်မယ်………
“အဟမ်း ကိုယ့်လူ အသက်တွေလဲ ကြီးပြီ၊ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင် နောက်ကျရင် ခက့်သည့် အမျိုးတဲ့ဗျ”
“အမ် ဦးဇင်းလေးကလဲ နောင်ပြင်ရန် ခက်သည့် အမျိုးပါ”
ကိုယ်က မျက်နှာကို ခပ်တည်တည် လုပ်လိုက်ကာ
“ကိုယ့်လူ အဲ့ဆောင်ပုဒ်က ရှေးလူကြီးတွေ သူတို့ မြင်သလောက်လေး ရေးသွားတာ တကယ်တမ်းဆို နောက်ကျရင်လဲ ခက်တဲ့ အမျိုးပဲဗျ၊
“စဉ်းစားကြည့် အိမ်ထောင်မှုမှာ နောက်ကျရင် “ကြီးမှဝက်သတ်ပေါက်တယ်” ဘာညာနဲ့ ပြောဆိုခံရနိုင်တယ်ဗျ၊
အသက်ကြီး သေခါနီးမှ ဘုရားတည်ရင်လဲ ဘုရားက ဆောက်လို့မှ မပြီးသေးဘူး သေသွားရင်  လုပ်နေဆဲ ကုသိုလ်တွေ ဖျက်စီး ခံရသလိုပဲလေ၊
ဆေးမှင်စုတ်ထိုးကလဲ ကြည့်၊ နောက်ကျ အသက်ကြီးမှ ဆေးမှင်ကြောင်းတွေ ထထိုးရင်လဲ “အရူးကြီး”လို့ ပြောခံနေရမယ်၊”
“ထားပါတော့ ထားပါတော့ ဦးဇင်းနဲ့ ကျမှ ရှေးလူကြီးတွေ စကား အကုန် ပြင်ရမလို ဖြစ်နေပြီ”
“အင်း ကြိုက်မဲ့ သူ မရှိလို့လား ကိုယ့်လူရ”
“မဟုတ်ပါဘူး ကြိုက်မဲ့သူတော့ ရှိပါတယ် ကိုယ်က ဖွင့်မပြောတာ”
“အဲ့ ဖွင့်ပြောလိုက်လေကွာ” (အားပေးတာ အားပေးတာ :P)
“မပြောချင်ပါဘူး ဦးဇင်းလေးရာ”
“အလို.. ဘာလို့”
“ကိုယ် ပြောခဲ့တဲ့ စကားအတွက် တာဝန်ယူနိုင်ရင် အဟုတ်သား၊မယူနိုင်ရင် တဖက်လူကို အားနာစရာ”
သာမန် ကျေးလတ်သား တစ်ယောက်ဆီက ရိုးရှင်းတဲ့ သစ္စာတရားကို သူက ယဲ့ယဲ့လေး ထောက်စမ်းမိသွားသည်။

အော် ဖြစ်ရလေ ကိုယ့် ဒကာတော်ရယ်၊
ဗုဒ္ဓအရှင်ကတော့ “ပြောတဲ့ စကားဟာ မှန်လဲ မှန်ရမယ်၊ တပါးသူအတွက် အကျိုးလဲရှိရမယ်၊အဲ့လိုစကားမျိုးကိုမှ ငါဘုရားပြောတော်မူ၏” ဟု ကိုယ်တော်မြတ်ရဲ့ စကားလုံးပေါ်ထားတဲ့ ရဲတင်းတဲ့ သစ္စာ ကို မင်းသားအဘယ က ခေါင်းတညိတ်ညိတ် ချ ကြည်ညိုမဆုံး ဖြစ်ခဲ့ဘူး၏။
ကိုယ်ကတော့ လွန်ခဲ့သော နှစ်များဆီ က ဖတ်ခဲ့ဘူးတဲ့ ငူငှက်လေးတွေရဲ့ သစ္စာတရားဆီ တရွှေ့ရွှေ့
…………………..
“ငူ”ဆိုတဲ့ ငှက်မျိုးနွယ်လေးက အညာရပ်တွေ ဆီမှာ ရှိတတ်၏၊ တဲ့
အုပ်စုလိုက်နေတတ်ပြီး သစ်ပင်ကြီးကြီး ညောင်ပင်လို မကျဉ်းပင်လို ခပ်ကြီးကြီး သစ်ပင်မျိုးတွေမှာ နားတတ်သည်၊
တောသားကလေးငယ်တို့ ဓလေ့အရ ပုဆိုးကို စလွယ်သိုင်း၊ လောက်လေးခွ တလုံးနဲ့ ငူငှက်တွေ နားနေချိန် သစ်ပင်အောက်ကို အသာလေးသွား၊ ဖေါက်ခနဲ အောက်ကနေ ရမ်းပြစ်ချလိုက် တကောင်မဟုတ် တကောက်ကတော့ မှန်ပြီး ဘုတ် ခနဲ ကျလာတတ်မြဲ၊
ငူငှက်လေးတွေက လေးစာမိပြီး အောက်မြေပြင်ပေါ် ကျပြီ ဆိုတာနဲ့ သူတို့ စားထားတဲ့ အစာတွေ အကုန်လုံးကို အန်ထုတ်ပြီး အသက်ကို စွန့်ပြီး သေကြ၏။ တဲ့
သဘောကတော့ ငါတို့ စားထားတဲ့ အစားစာ တွေထဲမှာ မင်းတို့ စိုက်ထားတဲ့ စိုက်ခင်းတွေထဲက အရာတွေ မပါဘူး၊ ငါတို့ လုပ်ခဲ့တဲ့ အမှုတိုင်း သူများကို မထိခိုက်ဘူး၊ ငါတို့ ဘာမှ အမှားလုပ်မထားဘူး ဆိုတာ သက်သေပြခဲ့ကြတာ တဲ့၊
သူတို့ လုပ်ခဲ့တဲ့ အရာအတွက် သက်သေပြရဲတဲ့ လောကပေါ်ထားတဲ့ သူတို့ရဲ့ သစ္စာတရားပါ၊
ကိုယ်တို့ရော ကိုယ်တို့ လုပ်ခဲ့ ပြောခဲ့ ကြံခဲ့တဲ့ အရာတွေ အတွက် ဘယ်အတိုင်းတာအထိ သစ္စာတရားထားခဲ့ရဲလဲ၊
တကယ်တော့ သာကီဆိုတဲ့ ဒီရဟန်းတော်ဟာလည်း “သစ္စာ မရှိတဲ့ သူ”  တစ်ယောက်ပဲလား၊
မေးခွန်းများစွာ မျက်လုံးစွာ………..
လောကဓာတ်ကြီးထဲ သက်ပြင်းချသံတွေ စူညံ ကျယ်လောင်စွာ…………..

1 comment:

  1. လောကဓာတ်ကြီးထဲ သက်ပြင်းချသံတွေ ဆူညံ ကျယ်လောင်စွာ……

    ReplyDelete