သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 19 February 2013

သူ...........

ပိုင်ဆိုင်မှု ကျဉ်းကျဉ်းလေးနဲ့ပဲ
မလုံတလုံလေး ပျော်ရွှင်နေသူ

အသိတရားတွေထဲ
သတိတရားတွေ ကြွေသွားချိန်
ဆောင်းရယ် နှင်းရယ် …….. ရယ်
ဒီလို မဆီမဆိုင် သီချင်းတွေ နားထောင်နေကျသူ

တချိုးကွေ့ သံသရာမှာ
မီးအိမ်စောင့် vampire တွေနား
မီးတောက် လွှားလွှားလေး ဖြစ်လိုသူ

ကြိမ်ထောင် မက မြေခ ကျဖူးတဲ့
ခရမ်းလွန်ရောင် အတွေးများကြား
နှင်းစက် ပျပျလေး တပွင့် အဖြစ်သာ
ကျေနပ်နေသူ………….

(သာကီလုလင်)

Sunday 17 February 2013

“ရင်ဘောင် တန်း”



ကိုယ့်အဖြစ်ကလဲ ဆိုးလိုက်တာ ပြောမနေနဲ့တော့၊
တနေ့က မဟာဗောဓိမှာ Vietnam  ဆွမ်းကပ် ဆိုလို့ လိုက်သွားလိုက်ပါတယ်၊ အဲ့မှာ အခန်းနားမှုးက
ဗုဒ္ဓဘာသာ နိုင်ငံတွေ ဆိုပြီး ကြေငြာပါရော………
“Vietnam”
“Laos”
“Cambodia”
“Thailand”
“sri lanka” တဲ့
ဒါနဲ့ ကိုယ့်လိုပဲ လျှာခပ်ရှည်ရှည် သူငယ်ချင်းတယောက်က announcer ကိုလှမ်းပြောလိုက်တယ်။
“MYANMAR !!”
Announcer က တချက်လှမ်းရှိုးတယ်၊
ခပ်ယဲ့ယဲ့ လေးပြုံးတယ်၊ ပြီးတော့ ပြန်ပြောလိုက်တဲ့ စကားကြောင့် ကိုယ်တို့ မြန်မာတွေ ငုတ်တုတ်ကြီး မေ့သွားပါလေရော !!
“I don’t know Myanmar is Buddhist country or not !!”   တဲ့
ကိုယ်လဲ ကိုယ့်လူကို တံတောင်နဲ့ ဆက်ကနဲ့ မသိမသာလေး တချက်တို့လိုက်ကာ
“အသာနေစမ်းပါ ကိုယ့်လူရာ”
…………………………………………………………………….
မိတ်ဆွေ တယောက်ပြောပြတဲ့ သီရိလင်္ကာရောက် မြန်မာ လူမျိုး နှစ်ယောက်ရဲ့ အတွေ့ကြုံကို သတိရတယ်၊
ပြင်သစ်ကြီး နှစ်ယောက်က သီရိလင်္ကာက စာအုပ်တိုက် တခုမှာ အင်္ဂလိပ်လိုရေး ဗုဒ္ဓဘာသာ စာအုပ်တွေကိုသဲကြီး မဲကြီး ရွေးနေသတဲ့၊
ဒါနဲ့ မြန်မာ နှစ်ယောက်က မြင်တယ်၊ ဒီပြင်သစ်ကြီးတွေ ဗုဒ္ဓဘာသာ ကို တော်တော် စိတ်ဝင်စားတယ် ထင်တယ်ပေါ့၊ ကိုယ့်နိုင်ငံ အကြောင်းလေးလဲ ကြုံတုန်းကြွား ထည့်လိုက်ဦးမှ ဆိုပီး နိုင်ငံခြားသားကြီးတွေ အနားကပ်သွားကာ ……..
“ဟလို မစ်စတာ ဟောင်းအာယူ၊  if u want to learning about Buddhism you can visit our country” ဘာညာနဲ့ ဖေါလျှောရိုက်ကာ ငါတို့ နိုင်ငံကြီး ဘယ်လောက် လှကြောင်း ဘာညာနဲ့ ကြွားပါလေရော တဲ့
ဒါနဲ့ နိုင်ငံခြားသားကြီးတွေက ပါးစပ်လေး အဟောင်းသား၊
မျက်လုံးလေး ကလယ် ကလယ်
နားလည် တချက် နားမလည် ဆယ်ချက် နဲ့ မနည်း နားထောင်နေရင်း မြန်မာ နှစ်ယောက်ကို ကမ္ဘာ့ အထူးဆန်းဆုံး လူသားတွေ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်ကာ မေးလိုက်ပါသတဲ့၊
“မင်းတို့ နိုင်ငံက ဘယ်နားမှာလဲ”
“အွန် ………….. ထိုင်း နဲ့ နီးတယ်လေ”
အဲ့တော့မှ ပြင်သစ်ကြီးတွေက သဘောပေါက်သွားဟန် နဲ့
“အော် ထိုင်းကို ပြောတာလား”
“ဟင် ဟုတ်ဘူးလေ ထိုင်းကို ပြောတာ ဟုတ်ဘူးလေ ထိုင်းနားမှာလို့ ပြောတာ၊”
ရွှေနိုင်ငံသားတို့ မေးခွန်းတခုအတွက် ဘယ်လို ဖြေရမလဲ ဒုက္ခရောက်နေတုန်း ရှိသေး၊ ပြင်သစ်သားကြီးတွေရဲ့ နောက်ထပ် မေးခွန်း တခုကြောင့် ပက်လက်လန်သွားရပါသတဲ့၊
“ဒါနဲ့ မင်းတို့ နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံလား” တဲ့
“တိန် သေရော”
ကိုယ့်တို့မှာတော့ အားကျိုးမာန်တက်နဲ့ ကြွားလိုက်ရတာ၊
…………………………………………………………..
သူငယ်ချင်းတယောက်ကတော့ ပြောရှာပါတယ်၊
“အလကားပါ ဦးဇင်းရာ ဘယ်လို ယဉ်ကျေးမှုတွေမှန်းမသိပါဘူး၊
သူတို့မှာ ဝိနည်းလဲ မရှိဘူး၊ ဦးဇင်းကြည့်လေ ၁၂ နာရီကျော်မှ ဆွမ်းစကပ်တယ်၊
ပြီးတော့ ဘုရားရှိခိုးတော့လဲ ဘုရားဘက်ကို ယောက်ျားလေးတွေက ဒူးကြီးတွေထောင် ပေါင်ကြီးတွေ ဖြဲလို့၊
မိန်းမ တွေ ဆိုလဲ ကြည့်၊ ဘုရား ဆင်းတုတော်ဘက် ခြေထောက်ကြီး ဆင်းလို့လေ၊
တပည့်တော်တို့ ဒီလို နိုင်ငံတွေနဲ့ ကိုယ့်နိုင်ငံ အဆက်ဆက် မရှိတာပဲ ကောင်းတယ် ထင်တယ်၊”
“ဝိနည်း မရှိဘူးလို့တော့ မပြောပါနဲ့ ကိုယ့်လူရ၊တိဗက် ဗုဒ္ဓဘာသာကို ဦးဆောင်နေတဲ့ ဝဇိရယာနတွေပဲ ကြည့်လေ ကိုယ်တွေနဲ့ ပါရာဇိက သံဃာဒိသေသ် အကုန်တူတယ် သုဒ္ဓပါစိတ်မှာပဲ ကိုယ်တွေက ၉၂ သူတို့က ၉၀ ဒါတွေပဲ ကွာတယ် ကြားဖူးတာပဲ၊ culture တွေ national tradition တွေ အရ အဋ္ဌကထာ ဖွင့်ဆိုပုံတွေတော့ ကွာတာပေါ့လေ၊”
“အာ ဦးဇင်းကလဲ အဲ့ဒါကိုးက လွန်သွားပြီလေ ဘုရား၊ ဘုရားဟော မူရင်းဝိနည်းတော်တွေကို ဖြုတ် တပ် ဖျက် နဲ့”
“အင်း ကိုယ့်လူပြောတာလဲ ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါကိုးက သူနိုင်ငံ နဲ့ သူ့ဘာသာ သူ့ယဉ်ကျေးမှု ဖြစ်သွားပြီလေ၊ ကိုယ်တို့က သိချင်ရင် ထည်ထည်ဝင်ဝင် လေ့လာရမှာ၊ ဘာသာခြားတွေ အကြောင်းတွေတောင် လေ့လာနိုင်သေးတာပဲ၊ နောက်ပြီး မင်းတို့ ယဉ်ကျေးမှုက ဒီလိုရှိသလို ငါတို့ နိုင်ငံ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ ဘာသာကလဲ ဒါမျိုးဟဲ့ ဆိုပြီး ကမ္ဘာကို ချပြနိုင်အောင် ကိုယ်တွေ က ကြိုးစားရမှာပေါ့၊ကိုယ်တွေနဲ့ အယူဆ မတူတိုင်း မှားနေတယ် ဆိုရင်တော့လဲ ဘယ်ဟုတ်မလဲ ကိုယ့်လူရဲ့၊တကယ်ဆို ကိုယ်တို့ မြန်မာ လူထုရော ရှင်ထုရော ကြိုးစားစရာတွေ အများကြီး မဟုတ်လား၊ မဟုတ်ရင်တော့ သိမ်ငယ်နေရဦးမှာပဲလေ”၊
ဒီလိုနဲ့ စကားစ ဖြတ်ပြစ်လိုက်ကြသည်၊
ပြောလို့သာ ပြောရတာရယ် ………….
ကိုယ်လဲ ဘာမှ သိလှရယ် မဟုတ် ၊ တကယ့်ကို ပြည်ပ မှာရော ပြည်တွင်းမှာပါ သာသနာ ပြုချင်သပ ဆိုရင်တော့ ကိုယ်တွေ ငယ်ငယ်က အာပြဲ နေအောင် ထောင်အော်ခဲ့ရတဲ့၊
မေတ္တာသုတ်လောက်၊  ခွင်း၊ ချေ၊ ကပ် လောက်နဲ့ အလုပ် မဖြစ်တာတော့ လက်ရှိ မြန်မာပြည် သာသနာ ရဲ့ အာဏာရ အရှင်ကောင်း အရှင်မြတ်များလဲ မျက်စောင်းထိုးကြည့်သင့်လှပေ၏၊

Thursday 14 February 2013

ဂန္ထဝင်ဆည်းဆာ..

ဘုရားပေးတဲ့ ဆံနွယ်စလေးတွေ လှုပ်ရမ်းလိုက်ပုံက
လှရဲ့လေ
ဆည်းဆာချိန် နေညိုလမ်းလေးမှာ
ကမ္မဝါ ကဗျာနဲ့ ရဟန်းတပါးရဲ့
အထီးကျန် အတွေးစုတွေထဲ
ဘယ်လို ချောက်ကပ်ကပ် နေညိုချိန်တွေ
လမ်းသလားနေမလဲ

ဆောင်းရေ…………….
ကြယ်ကြွေ ကဗျာနဲ့
ဒေလီ မြို့ပြကြီးထဲ
ဆာရီစလေးတွေ ရေအိုး ကိုယ်ဆီ ရွက်လို့ကွယ်………………

(သာကီလုလင်)

Wednesday 6 February 2013

ဒုက္ခဓမ္မ လေပေါ သာကီ



 “ငါ့ရှင် ခြေထောက်က ဘာဖြစ်၊ ထော့နဲ့ ထော့နဲ့  နဲ့”
“အသွားမတော်တလှမ်း ဆိုတဲ့ အတိုင်း စဉ်းစားရင်း တွေးရင်း လှမ်းတယ်၊ ကြွတယ်၊ ထိတယ် လုပ်လိုက်တာ၊ လှေခါးပေါ်က ချော်ကျလို့ ခြေမျက်စိအောက်နားမှာ ယောင်နေတဲ့ ဒုက္ခအသေးစားလေး ထိတွေ့နှိပ်စက်ခံနေရလို့ပါကိုယ့်လူရာ၊”
“အိုးးးးးးးးးး ငါ့ရှင် နဲ့ ဝေဒနိကတော်ကြီးကား ကြီးကျယ်လှပေစွ ဖေ့ဘုတ်ကြီးသံနဲ့ ပြောရရင်
(ဂုချိုက်ရေ နာ့ချင်)”
“ဟားဟား ကိုယ့်လူရဲ့ ဖေ့ဘုတ် စပီကင်တော်ကြီးက ပီသလှပါပေတယ်၊ ဒါတောင် မိုင်နာ ရှိသေးသပ ကိုယ့်လူရ၊ ငယ်ငယ် မျောက်မူးလဲအောင် ကဲ ခဲ့ချိန်တုန်းက နွားဝှေ့ခံပြီး မေ့တောင် မေ့သွားလို့ အမေနဲ့ ဆွေမျိုးသားချင်းတွေ မနည်းနှာနှပ် ယူရတဲ့ အဖြစ်မျိုးလို ရာဇဝင်တွင်လောက်အောင် ကြီးကျယ်ခဲ့တဲ့ ကိုယ်တော်ပဲဟာ  ဒီလောက်ကတော့ ဘာမှ ဖြစ်ပေါင်၊ အချိန်တန်တော့လဲ သက်သာတန်ကောင်းပါရဲ့လေ”
“အိမ်းအိမ်း ဘာပဲဖြစ်ဖြစ် အမေ မွေးပေးလိုက်တဲ့ အတိုင်းလေးပဲ ကောင်းတယ် ၊ ဂရုစိုက်ပါ ငါ့ရှင်ရ”
“ဟုတ်ကဲ့ပါ ကိုယ့်လူရေ သန့်ကျုး သန့်ကျူး”
……………………………………………………………………
“အိုးဟိုး ကိုယ့်လူကြီး အွန်လိုင်းကြီးပေါ်ကနေ စာလဲ မပါး၊ သတင်းလဲ မရောက်၊ လူလဲမတွေ့နဲ့ ပျောက်ချက်သား ကောင်းလှပါသောကော၊ အွန်လိုင်းပေါ်က စုံလင်လှတဲ့ လေလှိုင်းတွေကိုများ စိတ်ကုန်သွားလေရော့သလား”
“မဟုတ်ပေါင် ဗျာ၊ ဖျားနာခြင်း တရားက ကျင် နာ ခံခက်အောင် နှိပ်စက်နေတာ တစ်ပါတ် ကြီးများတောင် ရှိပြီကောလေ”
“အော့ တကယ်ကြီးပဲလား”
“တကယ်ပါလေ့”
“မသိပေါင် ကိုယ့်လူရာ ပျောက်ခြင်းမလှ ပျောက်သွားတော့ ဘုရားဟောတဲ့ ‘နတ္ထိ ဗာလေ သဟာယတာ’ ဆိုတဲ့ တရားနဲ့ အညီ ‘နောင်ချို ရဲ့ တောင်ပျိုလေးမှာ စောင်ညိုလေးနဲ့’ များ တရားအားထုတ်ထွက်ခွါသွားလေရော့သလားလို့ သာဓုတွေတောင် ကျွံမိနေသေး၊ ခုတော့ ရွှေဇင်ယော် ကိုင်မှာနားတာ ခြေထောက်ညောင်းလို့ မဟုတ်ပေပဲကိုးဗျ”
“အိုးဟိုးးးးး ကိုရင်သာကီတို့များ တဖက်သားကို လှောင်မယ် ကြောင်မယ် ထောင်မယ် ဆိုရင်တော့များ နှစ်ယောက်မရှိပါလေ့”…………..
“ဒီလိုလဲ မယူဆစေချင်ပေါင်၊ အားနာပါးနာ ပြောရရင်တော့ ဆေးလေးဘာလေး သောက၊် ဆေးခန်းလေးဘာလေး သွား၊ စိုးရိမ်သံ စွတ်ထားတဲ့ စကားလုံးမျိုးတွေကိုလဲ ရင်ထဲက တကယ်လိုလို ပြောတတ်ပါသေးတယ်ဗျ ဟဲ ဟဲ”
“အေးဗျာ ဝေဒနာတွေများ ကိုယ့်ကို တွယ်တာစရာကြီးများ မှတ်နေလား မသိ၊ စာမေးပွဲ ဖြေခါနီးမို့ ကိုယ့်ရဲ့ ခံနိုင်ရည် သမာဓိကို အကဲစမ်းလေရော့သလားပဲ၊ ကိုရင်သာကီ တို့များကျ ဖျားတယ်လို့ကိုး မကြားဘူးပေါင် ကျန်းမာရေးကောင်းချက်၊ ဒီက အရမ်းကြားချင်နေတာ ဟီးဟီး”
“တိန် သေပါပီ ကိုယ့်လူရာ၊ ကိုယ့်လူရဲ့ အဝိဇ္ဇာ ထုထည်ကြီးမားချက်ကတော့ လက်မြောက် အရှုံးပေးလောက်အောင် အံ့ချီးလောက်ပါပေ့၊ ဒီမှာ ကိုယ့်လူရဲ့ အဟမ်းအဟမ်း(ချောင်းဟန့်သံ)၊ဆင်းရဲ ခြင်းတရားကို မသိသရွေ့ကတော့ သံသရာ တံတားရဲ့ မုခ်ဦးဝကို ဘယ်တော့မှ ရှာတွေ့လိမ့်မယ် မထင်လေနဲ့ဗျ၊”
“အံမယ် ကိုရင်သာကီတောင် ကြီးကြီးကျယ်ကျယ် စကားတွေ ပလ္လင်ခံလို့”
“သိပ်လဲ အထင်မကြီးပါနဲ့၊ ဒီမှာ နိဒါန သံယုတ်ထဲက အစေလကကဿပရဲ့ အကြောင်းလေး ခုမှ ဖတ်လာလို့ သတင်းစကားလေး ပါးချင်ချင် ဖြစ်နေတာ”
“တိန် သေပီဆရာ ပါပဲလား ဟရို့၊ ကိုင်း ခါတိုင်းလိုပဲ ပြောချင်ရာသာ ပြောပေရော၊ ကိုယ် နားထောင်မပေးလဲ အိပ်ရာပေါ်ထိ ဇွတ်လိုက်ပြောမဲ့ သူဆိုတော့ သည်းခံ နားထောင်ပေးရဦးမပေါ့”
“အဟဲ ငါ့ရှင်ကြီး မှတ်သား သည်းခံ နားယူပေလော့လေ”

Saturday 2 February 2013

ဆန့်ကျင်ဘက်များ



ယုံကြည်မှုတွေ အကြောင်း ငြင်းကြခုန်ကြရင်း
ဘုရားတွေလဲ လူမိုက်ဖြစ်လို ဖြစ်ပေးရ….

ဘယ်မလဲ လူ့ရဲ့ ဆန္ဒာဂတိတွေ နောက်
ပြေးပြေးလိုက်ရင်း မောရရှာတဲ့
ဒေါသ မောဟ လောဘတွေ
လောကကြီးထဲ မုန်ယို  ရစ်မူးလို့
သေနတ်သံတွေ ဖိနပ်သံတွေ တံတွေးမြိုချသံတွေ၊

ကဲ အမှန်တရားဆိုတာ နှလုံးသားမှာ တည်သလား
ဦးနှောက်ထဲမှာ တည်သလား
ဝမ်းဗိုက်ထဲမှာ တည်သလား၊

ငါတို့…………..
 အနက်မသိတဲ့ မျက်မှောင်နက်တွေထဲ
စီးမျောသံတွေ နည်းနည်းကျဲစေ……..

                                         (သာကီလုလင်)

Friday 1 February 2013

အနတ္တ အရေခြုံ ၊ သားကောင်း........



မေမေ တကယ်ဆို ရွှေဖိနပ်တဖက်နဲ့
ယောင်ချာချာ ဖြစ်နေတဲ့
သားရဟန်းတစ်ပါးပါ
မေမေ သားရဟန်းကလေ
လေတိုက်တိုင်း စိတ်ကူးအိမ်လေးတွေ ဖောင်ဖွဲ့
နှလုံးသားတွေကို လေတိုးခံတတ်တဲ့ အဆင့်သာသာရယ်ပါ
တစ်မဂ်တစ်ဖိုလ် ဆိုတာ သားအတွက် ခန်းနားတဲ့ နိုင်ငံကြီးမှာ
သမ္မတ ဖြစ်ခွင့် အိပ်မက်လောက်တောင် မရဲတင်းပါဘူး မေမေ
မေမေ သားရဟန်းကလေ
မေမေ့ အလွမ်းတွေကို ဥပေက္ခာမျက်လုံးတွေနဲ့
ခေါင်းတရမ်းရမ်း အသဲတရမ်းရမ်း မသိကျေးကျွန်
ပစ်ချခဲ့ဘူးသူ လူမိုက်ပေါ့
မေမေ သူငယ်ချင်းကောင်မလေးကပြောတယ်
ပလ္လင်ပေါ်က သားရဲ့ အမေခေါ်သံကို အရမ်း သနားတယ် တဲ့
သားက မေမေ့ကို မသနားပဲ သူ့ကိုပဲ သနားတယ် မေမေ
(ဘာလို့ပါလိမ့်နော်)
မေမေ ရဟန်းတစ်ပါးမှာ
လိပ်ပြာလုံခွင့် စည်းလေး ဘယ်အထိ ရှိနေလဲ
မေမေ “ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူသားဖြစ်ဖြစ်
အားငယ်နေတဲ့ အချိန်တော့ အားပေးမဲ့ သူကို လိုလားတောင်းတပါသတဲ့” လေ
ရဟန်းတပါးရဲ့ သိမ်ငယ်ချိန်တွေဟာ လပြည့်ညနဲ့ စကားဖေါင်ဖွဲ့ရင်း မပြည့်စုံတတ်တာ
တော့ နားလည်ပေးပါ မေမေ
မေမေ သားကလေ တိမ်တွေ လွင့်ရာမှာ
မွေးဖွားလာသူပေါ့
မေမေရေ……………. မေမေက ပြောတယ်
သားရဲ့ ကဗျာလေးတွေ ကောင်းတယ် တဲ့
မေမေပြီးရင် နှစ်ယောက်မြောက်သူ့ကိုလေ သားက အရမ်းကျေးဇူးတင်ပါတယ် မေမေ………….
မေမေ
ရဟန်းတပါးရဲ့ ကျုးလွန်စိတ်တွေ ဝိနည်းတရားတော်ကို မလွန်ကျုးခင်
ရဟန်းတပါးရဲ့ သိမ်ငယ်စိတ်တွေ မိုးမြေအနှံ့ မပျံသန်းခင်
သားကလေ အနတ္တနဲ့ ရဟန်းတပါးဖြစ်ပါရဲ့ ဆိုတာလေး ………………………….

                                                                      (သာကီလုလင်)