သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 1 February 2013

အနတ္တ အရေခြုံ ၊ သားကောင်း........



မေမေ တကယ်ဆို ရွှေဖိနပ်တဖက်နဲ့
ယောင်ချာချာ ဖြစ်နေတဲ့
သားရဟန်းတစ်ပါးပါ
မေမေ သားရဟန်းကလေ
လေတိုက်တိုင်း စိတ်ကူးအိမ်လေးတွေ ဖောင်ဖွဲ့
နှလုံးသားတွေကို လေတိုးခံတတ်တဲ့ အဆင့်သာသာရယ်ပါ
တစ်မဂ်တစ်ဖိုလ် ဆိုတာ သားအတွက် ခန်းနားတဲ့ နိုင်ငံကြီးမှာ
သမ္မတ ဖြစ်ခွင့် အိပ်မက်လောက်တောင် မရဲတင်းပါဘူး မေမေ
မေမေ သားရဟန်းကလေ
မေမေ့ အလွမ်းတွေကို ဥပေက္ခာမျက်လုံးတွေနဲ့
ခေါင်းတရမ်းရမ်း အသဲတရမ်းရမ်း မသိကျေးကျွန်
ပစ်ချခဲ့ဘူးသူ လူမိုက်ပေါ့
မေမေ သူငယ်ချင်းကောင်မလေးကပြောတယ်
ပလ္လင်ပေါ်က သားရဲ့ အမေခေါ်သံကို အရမ်း သနားတယ် တဲ့
သားက မေမေ့ကို မသနားပဲ သူ့ကိုပဲ သနားတယ် မေမေ
(ဘာလို့ပါလိမ့်နော်)
မေမေ ရဟန်းတစ်ပါးမှာ
လိပ်ပြာလုံခွင့် စည်းလေး ဘယ်အထိ ရှိနေလဲ
မေမေ “ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူသားဖြစ်ဖြစ်
အားငယ်နေတဲ့ အချိန်တော့ အားပေးမဲ့ သူကို လိုလားတောင်းတပါသတဲ့” လေ
ရဟန်းတပါးရဲ့ သိမ်ငယ်ချိန်တွေဟာ လပြည့်ညနဲ့ စကားဖေါင်ဖွဲ့ရင်း မပြည့်စုံတတ်တာ
တော့ နားလည်ပေးပါ မေမေ
မေမေ သားကလေ တိမ်တွေ လွင့်ရာမှာ
မွေးဖွားလာသူပေါ့
မေမေရေ……………. မေမေက ပြောတယ်
သားရဲ့ ကဗျာလေးတွေ ကောင်းတယ် တဲ့
မေမေပြီးရင် နှစ်ယောက်မြောက်သူ့ကိုလေ သားက အရမ်းကျေးဇူးတင်ပါတယ် မေမေ………….
မေမေ
ရဟန်းတပါးရဲ့ ကျုးလွန်စိတ်တွေ ဝိနည်းတရားတော်ကို မလွန်ကျုးခင်
ရဟန်းတပါးရဲ့ သိမ်ငယ်စိတ်တွေ မိုးမြေအနှံ့ မပျံသန်းခင်
သားကလေ အနတ္တနဲ့ ရဟန်းတပါးဖြစ်ပါရဲ့ ဆိုတာလေး ………………………….

                                                                      (သာကီလုလင်)

1 comment:

  1. အနတ္တနဲ့ ရဟန်းတပါး
    အတ္တတွေထဲက ပြေးထွက်သွား

    ReplyDelete