“ငါ့ရှင် ခြေထောက်က ဘာဖြစ်၊ ထော့နဲ့ ထော့နဲ့ နဲ့”
“အသွားမတော်တလှမ်း
ဆိုတဲ့ အတိုင်း စဉ်းစားရင်း တွေးရင်း လှမ်းတယ်၊ ကြွတယ်၊ ထိတယ် လုပ်လိုက်တာ၊ လှေခါးပေါ်က
ချော်ကျလို့ ခြေမျက်စိအောက်နားမှာ ယောင်နေတဲ့ ဒုက္ခအသေးစားလေး ထိတွေ့နှိပ်စက်ခံနေရလို့ပါကိုယ့်လူရာ၊”
“အိုးးးးးးးးးး
ငါ့ရှင် နဲ့ ဝေဒနိကတော်ကြီးကား ကြီးကျယ်လှပေစွ ဖေ့ဘုတ်ကြီးသံနဲ့ ပြောရရင်
(ဂုချိုက်ရေ
နာ့ချင်)”
“ဟားဟား ကိုယ့်လူရဲ့
ဖေ့ဘုတ် စပီကင်တော်ကြီးက ပီသလှပါပေတယ်၊ ဒါတောင် မိုင်နာ ရှိသေးသပ ကိုယ့်လူရ၊ ငယ်ငယ်
မျောက်မူးလဲအောင် ကဲ ခဲ့ချိန်တုန်းက နွားဝှေ့ခံပြီး မေ့တောင် မေ့သွားလို့ အမေနဲ့ ဆွေမျိုးသားချင်းတွေ
မနည်းနှာနှပ် ယူရတဲ့ အဖြစ်မျိုးလို ရာဇဝင်တွင်လောက်အောင် ကြီးကျယ်ခဲ့တဲ့ ကိုယ်တော်ပဲဟာ ဒီလောက်ကတော့ ဘာမှ ဖြစ်ပေါင်၊ အချိန်တန်တော့လဲ သက်သာတန်ကောင်းပါရဲ့လေ”
“အိမ်းအိမ်း
ဘာပဲဖြစ်ဖြစ် အမေ မွေးပေးလိုက်တဲ့ အတိုင်းလေးပဲ ကောင်းတယ် ၊ ဂရုစိုက်ပါ ငါ့ရှင်ရ”
“ဟုတ်ကဲ့ပါ
ကိုယ့်လူရေ သန့်ကျုး သန့်ကျူး”
……………………………………………………………………
“အိုးဟိုး
ကိုယ့်လူကြီး အွန်လိုင်းကြီးပေါ်ကနေ စာလဲ မပါး၊ သတင်းလဲ မရောက်၊ လူလဲမတွေ့နဲ့ ပျောက်ချက်သား
ကောင်းလှပါသောကော၊ အွန်လိုင်းပေါ်က စုံလင်လှတဲ့ လေလှိုင်းတွေကိုများ စိတ်ကုန်သွားလေရော့သလား”
“မဟုတ်ပေါင်
ဗျာ၊ ဖျားနာခြင်း တရားက ကျင် နာ ခံခက်အောင် နှိပ်စက်နေတာ တစ်ပါတ် ကြီးများတောင် ရှိပြီကောလေ”
“အော့ တကယ်ကြီးပဲလား”
“တကယ်ပါလေ့”
“မသိပေါင်
ကိုယ့်လူရာ ပျောက်ခြင်းမလှ ပျောက်သွားတော့ ဘုရားဟောတဲ့ ‘နတ္ထိ ဗာလေ သဟာယတာ’ ဆိုတဲ့ တရားနဲ့
အညီ ‘နောင်ချို ရဲ့ တောင်ပျိုလေးမှာ စောင်ညိုလေးနဲ့’ များ တရားအားထုတ်ထွက်ခွါသွားလေရော့သလားလို့
သာဓုတွေတောင် ကျွံမိနေသေး၊ ခုတော့ ရွှေဇင်ယော် ကိုင်မှာနားတာ ခြေထောက်ညောင်းလို့ မဟုတ်ပေပဲကိုးဗျ”
“အိုးဟိုးးးးး
ကိုရင်သာကီတို့များ တဖက်သားကို လှောင်မယ် ကြောင်မယ် ထောင်မယ် ဆိုရင်တော့များ နှစ်ယောက်မရှိပါလေ့”…………..
“ဒီလိုလဲ
မယူဆစေချင်ပေါင်၊ အားနာပါးနာ ပြောရရင်တော့ ဆေးလေးဘာလေး သောက၊် ဆေးခန်းလေးဘာလေး သွား၊
စိုးရိမ်သံ စွတ်ထားတဲ့ စကားလုံးမျိုးတွေကိုလဲ ရင်ထဲက တကယ်လိုလို ပြောတတ်ပါသေးတယ်ဗျ
ဟဲ ဟဲ”
“အေးဗျာ ဝေဒနာတွေများ
ကိုယ့်ကို တွယ်တာစရာကြီးများ မှတ်နေလား မသိ၊ စာမေးပွဲ ဖြေခါနီးမို့ ကိုယ့်ရဲ့ ခံနိုင်ရည်
သမာဓိကို အကဲစမ်းလေရော့သလားပဲ၊ ကိုရင်သာကီ တို့များကျ ဖျားတယ်လို့ကိုး မကြားဘူးပေါင်
ကျန်းမာရေးကောင်းချက်၊ ဒီက အရမ်းကြားချင်နေတာ ဟီးဟီး”
“တိန် သေပါပီ
ကိုယ့်လူရာ၊ ကိုယ့်လူရဲ့ အဝိဇ္ဇာ ထုထည်ကြီးမားချက်ကတော့ လက်မြောက် အရှုံးပေးလောက်အောင်
အံ့ချီးလောက်ပါပေ့၊ ဒီမှာ ကိုယ့်လူရဲ့ အဟမ်းအဟမ်း(ချောင်းဟန့်သံ)၊ဆင်းရဲ ခြင်းတရားကို
မသိသရွေ့ကတော့ သံသရာ တံတားရဲ့ မုခ်ဦးဝကို ဘယ်တော့မှ ရှာတွေ့လိမ့်မယ် မထင်လေနဲ့ဗျ၊”
“အံမယ် ကိုရင်သာကီတောင်
ကြီးကြီးကျယ်ကျယ် စကားတွေ ပလ္လင်ခံလို့”
“သိပ်လဲ အထင်မကြီးပါနဲ့၊
ဒီမှာ နိဒါန သံယုတ်ထဲက အစေလကကဿပရဲ့ အကြောင်းလေး ခုမှ ဖတ်လာလို့ သတင်းစကားလေး ပါးချင်ချင်
ဖြစ်နေတာ”
“တိန် သေပီဆရာ
ပါပဲလား ဟရို့၊ ကိုင်း ခါတိုင်းလိုပဲ ပြောချင်ရာသာ ပြောပေရော၊ ကိုယ် နားထောင်မပေးလဲ
အိပ်ရာပေါ်ထိ ဇွတ်လိုက်ပြောမဲ့ သူဆိုတော့ သည်းခံ နားထောင်ပေးရဦးမပေါ့”
“အဟဲ ငါ့ရှင်ကြီး
မှတ်သား သည်းခံ နားယူပေလော့လေ”
…………………………………………………………………….
“အစေလက ကဿပ
ဆိုတဲ့ ပရဗိုဇ်က မြတ်စွာအရှင် ရာဇဂြိုလ် မြို့တော်ထဲ ဆွမ်းခံကြွနေတာ မြင်တော့ ‘ငါရှင့်
နေကောင်းပါစ’ ဘာညာနဲ့ နှုတ်ဆက်စကားဆိုသတဲ့ဗျာ၊ဒါနဲ့ မြတ်စွာ အရှင်ကလဲ တနေရာမှာ ရပ်တော်မူပြီး
အစေလက ကို အာလာပ သလ္လာပ စကားပြန်ပြောတော့အစေလက က အကမ်းတက်တယ်ဗျ၊ ဆွမ်းခံကြွလို့ ကြွနေတဲ့
အချိန်မှန်းမသိ”
“အော် ဆက်ပါဦး
ဘာတွေ အကမ်းတက်တာလဲ”
“အရှင်ဂေါတမ
သင်သည် အကျွန်ုပ် ကဿပ၏ အမေးပြဿနာ ကို ဖြေကြားဖို့ရာ ခွင့်ပြုခဲ့ပါမူ၊ အကျွန်ုပ်သည်
သင့်အား ပြဿနာ မေးလိုပါ၏ တဲ့”
“ဒါနဲ့ မြတ်စွာဘုရားက”
“ကဿပပေါ့
ပြဿနာ မေးရမဲ့ အချိန် မဟုတ်သေး၊ ငါသည် ရွာတွင်းသို့ ဆွမ်းခံကြွဆဲ အချိန်ဖြစ်၏ လို့
ပြန်ဖြေတော်မူတယ်ဗျာ၊လူဆိုတာ အတ္တကို ရှေ့တန်းတင်တယ် ဆိုတာ ဒီမှာ တွေ့ရတယ်ဗျ၊ကိုယ်ဖြစ်ချင်တာပဲ
သိတယ်လေ သူများဘက်ကို မကြည့်တတ်တဲ့ အကြောင်းလေး”
“အင်း ရှည်လိုက်တာ
ကိုရင်သာကီရာ၊ ငါ့ရှင်ရဲ့ ဒဿနိက ဖလော်တွေ ပြီးမှ နားထောင်မယ် ရှေ့ဆက်ဗျာ”
“အင်း အင်း
ဒါနဲ့ အစေလကကြီးက ဒီလိုကြီးပဲ သုံးခါ ဆက်တိုက် ဇွတ်လျှောက်တယ်ဗျ၊ သူ ပြဿနာ မေးချင်တယ်
ဆိုတဲ့ အကြောင်း၊ မြတ်စွာအရှင်ကလဲ သုံးခါဆက်တိုက် ဒီလိုပဲ ပြောတယ် သူရွာတွင်းကို ဆွမ်းခံကြွနေတဲ့
အကြောင်း ဒါနဲ့ အစေလက က ထပ်ကွန့်တယ်၊ အိုး အရှင်ဂေါတမရဲ့ ကျွန်ုပ်က နည်းနည်းလေး မေးလိုတာပါ
တဲ့လေ”
“ဒါနဲ့ မြတ်စွာဘုရားက??”
“မတတ်သာတဲ့
အဆုံး ခွင့်ပြုတော် မူလိုက်ရတာပေါ့ဗျာ ဘယ်တတ်နိုင်မလဲ ဇွတ်လျှောက်နေတာကိုး ကိုယ့်လူလိုပေါ့”
“အဲ့ အဲ့
ပြောရင်း ကိုယ့်ဘက်လှည့်လာပြန်ပြီ၊ ရှေ့ဆက် ရှေ့ဆက်”
“အဟဲ အဲ့မှာ
သူမေးတဲ့ မေးခွန်းလေးတွေက စိတ်ဝင်စားစရာဗျ၊”
“အရှင်ဂေါတမ
ဆင်းရဲခြင်းတရားကို ကိုယ်တိုင်ပြုအပ်ပါသလော တဲ့ စမေးတယ်၊
မြတ်စွာဘုရားက
‘ကဿပ ဤသို့မဆိုလင့်၊’
‘ဒါဆိုရင် သူများပြုအပ်ပါသလော တဲ့’
‘ကဿပ ဤသို့မဆိုလင့်’
ဒီလိုပဲ မြတ်စွာဘုရားက ထပ်ပြောတယ်၊
‘ဒါဆိုရင် ကိုယ်တိုင်လဲ ပြုအပ် သူတပါးလည်း ပြုအပ်ပါသလော
တဲ့’
မြတ်စွာဘုရားကတော့ ‘ကဿပ ဤသို့ မဆိုလင့်’ ပဲ၊
‘ဒါဆိုရင်ပေါ့ဗျာ
ကိုယ်တိုင် ပြုအပ်တာလဲ မဟုတ် သူတပါးပြုအပ်တာလဲ မဟုတ်ဘူး ဆိုရင် ဒီဆင်းရဲခြင်းဆိုတဲ့
တရားကြီးက အကြောင်းမဲ့ သက်သက်များ ဖြစ်လာလေသလား’ တဲ့”
“အင်း တော်တော်
ကပ်သီးကပ်သပ်နိုင်တာပဲ ဆက်ပါဦး”
“ထုံးစံအတိုင်းပဲ မြတ်စွာဘုရားက ကဿပ ဒုန့်ဆေးလိုက်သတ်စ်
ပဲ”
“အံမယ် ကိုရင်သာကီ
စပီကင်တွေ ဘာတွေ ထည့်ညှက်လို့ ဘယ်က သင်လာတာတုန်း ဟားဟ”
“အသာနေစမ်းပါ
ကိုယ့်လူရာ ဦးအဂ္ဂရဲ့ စပီကင်စာအုပ်တော်ကြီးထဲက စစ်စစ်ပေါက်ပေါက် ရှာကြံပြီး ပြောချင်လွန်းလို့
ဒီတစ်လုံးလေး ကျက်ထားတာပါ”
“ထားပါတော့
ထားပါတော့ ဆက်ပါဦး”
“ဒါဆိုရင်ဗျာ
အရှင်ဂေါတမ ရဲ့ ဆင်းရဲခြင်းတရား ဆိုတာ မရှိလို့လားဗျ ဆက်မေးတယ်၊မြတ်စွာအရှင်က ‘ဟဲ့
ကဿပရဲ့ ဆင်းရဲခြင်းဆိုတာ ရှိတာပါ့ဟ’ လို့ ထပ်မိန့်တယ်ဗျ၊အစေလက ကဿပကြီး နည်းနည်း ထွေသွားတယ်
ထင်တယ် ကိုယ့်လူရေ၊ စိတ်ပေါက်ပေါက်နဲ့ နောက်ဆုံး မေးခွန်းလေး တခွန်းကို မေးလိုက်ပါလေရဲ့ဗျ၊
‘ဟင် အရှင်ဂေါတမ….. ကျုပ်ကတော့ အထင်ကြီးလိုက်ရတာ ဒါဆိုရင် ခင်ဗျားက ဆင်းရဲခြင်းတရားကို
မသိမမြင်ဘူးပေါ့ဗျ တဲ့’
“အဲ…….. အဲ့ဒါနဲ့
မြတ်စွာဘုရားက ဘာပြန်ပြောလဲ”
“မြတ်စွာဘုရားက
ကဿပ ငါသည် ဆင်းရဲခြင်းတရားကို သိလဲ သိ၏၊ မြင်လဲ မြင်တော်မူ၏ လို့ဖြေတော်မူလိုက်ပါလေရော”
“အော့ အစေလက
ကြီး နဝေတိမ်တောင်ဖြစ်မယ် ဆိုလဲ ဖြစ်ချင်စရာဗျာ ကျုပ်တောင်လည်နေပြီ”
“မပူပါနဲ့လေ
ကိုယ့်လူက သဂြိုလ် ကြေပြီးသားပဲဟာ၊ဒါနဲ့ အစေလ က မြတ်စွာ အရှင်ကို သူ ဆင်းရဲခြင်း ဘယ်လိုကြောင့်
ဖြစ်ပေါ်လာတယ် ဆိုတာ နာချင်တဲ့ အကြောင်း နားပူတိုက်ရပါကောလားဗျ၊”
“ဒါနဲ့ မြတ်စွာအရှင်တော်က…….
အစေလက လူတယောက်ဟာ ဆင်းရဲခြင်းတရားကို ‘ငါလုပ်တယ် ငါဖြစ်တယ် ငါခံစားတယ်’ ဆိုတဲ့ အယူရှိနေရင်တော့
ထိုသူဟာ သဿတ ဒိဋ္ဌိ ဆိုတဲ့ အယူ ရှိနေလို့ပ၊ အစေလကရဲ့ လူတစ်ယောက်ဟာ သူ့မှာ ဖြစ်နေတဲ့ ဆင်းရဲခြင်းတရားကို
ဒီဆင်းရဲခြင်းဟာ ‘သူများလုပ်လို့၊ ဘယ်သူက ဘာလုပ်ထားလို့ ငါဒီလို ခံစားနေရတာ’ ဆိုတဲ့
အယူရှိနေခြင်းဟာလဲ ဥစ္ဆေဒ ဒိဋ္ဌိ အယူရှိနေလို့ပင် ဖြစ်တယ်၊ အစေလက ငါဘုရားရှင်တို့သည် ထို
အယူ အစွန်းနှစ်ပါးတို့မှ လွတ်ကင်းသော တရားတော် မျိုးကိုသာ ဟောကြားတော် မူပေ၏၊ လို့
မိန့်တော်မူကာ ………….ငါ့ရှင် နေ့တိုင်းရွတ်ရွတ်နေတဲ့ အဝိဇ္ဇာ မသိမှုကြောင့် ပြုစီရင်မှု
သင်္ခါရတရားတို့ သည် ဖြစ်ပေါ်လာပေ၏ စသည်ဖြင့် ‘အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ’ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်
ဒေသနာတော်ကြီးကို ဟောတော် မူပါရောလားဗျ၊ကိုယ့်လူကတော့ သိပြီးသားဆိုတော့ အကျယ်နည်း မပြောပြတော့ဘူး နော်”
“အင်း ကျေးဇူးတင်ပါရဲ့
ကိုရင်သာကီရယ်၊ ဒီလိုလေး ပေယျာလ ထိုးပြီး ပြောပေးဖော်ရလို့”
“နို့ ဒါပေမဲ့
မြတ်စွာ အရှင်က ထပ်ပြောသေးတယ်ဗျာ၊
အဝိဇ္ဇာ ဆိုတာ
တဲ့ ‘ဆင်းရဲခြင်း’ ကို အော် ဆင်းရဲလှပါလား လို့ မသိမှု၊ ‘ဆင်းရဲခြင်း’ ဖြစ်ပေါ်လာရာ
အကြောင်းရင်းအခြေခံ တရားကို မသိမှု၊ ‘ဆင်းရဲခြင်း’ ချုပ်ရာ နိဗ္ဗာန်ကို မသိမှု၊ နိဗ္ဗာန်ကို
ရောက်ကြောင်း အကျင့်တရားကို မသိမှု ကြောင့် ဒီလို သံသရာ ချာချာလည်ကြီးထဲ မဆုံးနိုင်တဲ့
ဒုက္ခတွေ သောကတွေ ရစ်ပတ်ခွေခြင်း ခံနေရခြင်းဖြစ်တယ် လို့လေ၊ စကားမစပ် ဟိုကဗျာလေးလဲ ကြားဖူးတယ်ဟုတ်”
“ဘယ်ကဗျာတုန်း
ကိုယ့်လူရ”
“မသိမှုကြောင့်
ထင်ရာလုပ် ထင်ရာလုပ်တော့ ဒုက္ခရောက် ချာလည် ဒုက္ခရောက် ဆိုတာလေ”
“အိုးးးးးးး
ကိုရင်သာကီ က စာတွေ မေ့သေးဘူးပဲ”
“ရော် ကိုယ့်လူရယ်
လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ တော့လားဗျာ”
“အံမယ် ထားပါတော့
ထားပါတော့ ကိုယ့်လူလဲ ဒီနေ့ ဘာဖြစ်နေမှန်းကို မသိဘူးနော် ဘာပဲ ပြောလိုက်ပြောလိုက် ကြီးကြီးကျယ်ကျယ်
စကားလုံးတွေပဲ ထွက်လို့”…….
“ဟဲ ဟဲ ဒါကတော့
ဗျာ တခါတလေတော့လဲ လူဆိုတာ ဂုဏ်သရေရှိ သိက္ခာရှိ ကြီးကြီးကျယ်ကျယ် နေလိုသေးသကိုးဗျာ”
No comments:
Post a Comment