သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 31 December 2012

နွေရာသီ ရက်စွဲ များရဲ့


နွေဦးခေါ်သံက ဗာရာဏသီရဲ့ ဆောင်းညတွေကို တိုက်ဖြိုလိုက်ပေပြီ၊

“ အငွေ့တထောင်းထအောင်ပူရဲ့

လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်

ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။

ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။

မိုးနတ်မင်းကြီးရယ်....

ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...

ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။ “

(တာရာမင်းဝေ)

ဘာရယ်မှန်းမသိ “ ဒီထက်ပူ ဦးမှာ ပေပါ့” ဆိုတဲ့ အသံတွေက သူ့ကို ဝိညဉ်ဆိုးတို့ ခြောက်လှန့် သံလို ပူလောင်လွန်းလှပေ၏၊

ဘာပဲ ပြောပြော ဆောင်းရာသီကို ကျော်ဖြတ်လာတဲ့ နောက်ဆုံး လက်ကျန် ငွေ့ငွေ့ လေပြေလေညင်းတို့ရဲ့ အသက် ရှုသံ ပြင်းပြင်းက အပူဒဏ်ကို ကြာရှည် တောင့်ခံ နိုင်မယ်တော့ မထင်

မောဟိုက် ဆူပွေလျှက် ၊


ပြတင်းပေါက်ရဲ့ ကလကာတွေ ကြားကနေ သူ့ကို လက်ပြနှုတ်ဆက် နေပေသည်၊

“ Good bye ဆောင်း “

ဆောင်းနဲ့ နွေရဲ့ နောက်ဆုံး စီးချင်းတွေ ကြားကနေက မြန်မာ ပြည်ကို လွမ်းသည်၊

အထူးသဖြင့် ရန်ကုန် မန္တလေး ရဲ့ နာမည်တူ သွေးချင်း မဟာဂန္ဓာရုံ ဆိုသော ပရိယတ္တိ စာပေခန်းမတွေ ကြားထဲက ‘ ဘော့ပင်ကိုင် တိုင်မှီပြီး ငိုက်ခဲ့ ဘူးတဲ့ ငယ်ဘဝတွေကို’ လွမ်းသည်၊

အမေကိုလွမ်းသည်…………..

ရွာကိုလွမ်းသည်၊

ဥသြသံ ကို လွမ်းသည်၊

အဝါရောင် ပိတောက်ခတ်တွေကို လွမ်းသည်၊

လွမ်းသည်….. လွမ်းသည်…….. လွမ်းသည် ……

ထိုသို့ဖြင့် ရဟန်းမှာ လွမ်းစရာတွေ ပုံသွားသည်၊

ထို့ထက်ပိုသော လွမ်းစရာကိုလဲ လွမ်းချင် လွမ်းမိမည် ထင်သည်၊ဘာရယ်တော့ မသိ၊း)

ဘာပဲ ပြောပြော နွေဦးရဲ့ အပူချိန်က သူ့ခန္ဓာကိုယ်ကို စတင်ထိုးဖောက်

သွေးနဲ့ ချွေးကို ဖန်းဆင်းလိုက်၏၊

………………………………………..

ရန်ကုန် မြို့ပေါ်မှာနေတုန်းက အခုလို နွေကို ရဟန်းက စပ်ဆုပ် ရွံရှာ မိဖူးသည်၊

မန္တလေးမှာ နေတုန်းကလဲ အတူတူပင်၊

နေပူကျဲတဲ ထဲမှာ ကတုံးပြောင်ကို လက်ကပွတ်

သစ်ရွက်ခြောက်သံတွေကို တချွတ်ချွတ် တက်နင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ဆွမ်းခံ ကြွခဲ့ရတဲ့ ရဟန်းငယ်တစ်ပါးရဲ့ ဟန်ကို မျက်လုံးထဲ မြင်ယောင်ပြီး ပြုံးမိသေးသည်၊

ချွေးသံ နင့်နင့်နဲ့ “နွေ တစ်ခု နေတစ်ခု” ရဲ့ ခေါ်မြည်သံ တိုးတိုး ကို လိုင်းကားကြီးပေါ်မှာ

သပိတ်ကို ပိုက် …………………

ယပ်တောင်ကို ဆွဲ ………………..

မိုးတိုး မတ်တပ်နဲ့ လိုက်ခဲ့ ရတဲ့ ရန်ကုန်မြို့ ပြကြီးထဲက လိုင်းကားတွေကို လဲ ဘာမဆိုင် ညာမဆိုင် ဆွဲထုတ်ပြီး အမှတ်ရမိပြန်ပါသေးသည်၊

……………………………………………………………

“ အိမ်စဉ် ဆွမ်းခံ ရပ်၍ ဆွမ်းခံတဲ့ အကျင့် မြတ်မှာ ထကြွလုံလ ရှိရမည်၊

မမေ့မလျော့ သုစရိုက်တရားကို ကျင့်ရာ၏၊

တရားကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်သည် ယခု ဘဝမှာရော နောက်ဘဝမှာပါ

ချမ်းချမ်း သာသာ အိပ်စက်နေထိုင်ရပေ၏” (ဗုဒ္ဓ)

မြတ်စွာ ဘုရား ကပိလဝတ်ကို ပြန်ကြွသီတင်းသုံးတဲ့ အခါ

တစ်နေ့သော ရက်ရဲ့ အာရုဏ်ကျင်း မနက်လင်းတဲ့ အခါမှာ ဗုဒ္ဓရဲ့ ခမည်းတော် ဖခင် သုဒ္ဓေါဒန မင်းကြီးက “ ငါ့သားတော် ဒီနေ့ နန်းတော်ကို သေချာပေါက် ဆွမ်းစား ကြွမှာပဲ လေ” ဆိုတဲ အတွေးနဲ့ အပိုင်တွက်ပြီး

ဆွမ်း ဟင်းတွေ ပြင်ပြီး ထိုင်စောင့်နေပါသတဲ့၊

(ရဟန်းဆိုတာ မပင့် ဖိတ်ဘဲနဲ့ အလှုမခံ ကောင်းပါဘူး၊ မြတ်စွာ ဘုရား ကိုယ်တော်တိုင်

“ ယာစကော အပ္ပိယော ဟောတိ၊ တောင်းတဲ့ သူကို လူတို့သည် မချစ်မနှစ်သက်” လို့ ဟောတော်မူခဲ့တာ ရှိပါတယ်၊ သို့သော်လည်း ရန်ကုန်မြို့ပြကြီးရဲ့ လမ်းမတွေပေါ်က သင်္ကန်းဝတ်ရုံ လုပ်စားနေကြတဲ့

ဓာတ်ကြောင် သာသနာဖြတ်များကြောင့် သာသနာက တော်တော်လေးလဲ အထင်သေးစရာဖြစ်နေရပေပြီ၊

အဆိုးဆုံးမှာ ထိုသူများကြောင့် စာပေပရိယတ် ကြိုးစား အားထုတ်တော်မူနေကြတဲ့ ကိုရင်ငယ် ရဟန်းငယ်လေးတို့ပါ သူတို့နဲ့ တစ်ဂိုဏ်းထဲ သတ်မှတ်ခံနေရပြီး ဆွမ်းခံ အိမ် ဖိတ်မရတဲ့ ဒုက္ခဖြစ်လေ၏၊

ထားလိုက်ပါတော့လေ ၊ရင်နာစရာတွေ မပြောကြေး၊

‘သာသနာတော် သန့်ရှင်းရေး’ နာမည်တော့ ကြားဖူးပါသည်၊ သူတို့မှ ဘာမှလုပ်မပေးဘဲ

ထုံးစံ အတိုင်း ပေါ့၊ ကံ)

မြတ်စွာဘုရားကလဲ ယနေ့အဖို့ ဆွမ်းစားပင့်တဲ့ လူမရှိတဲ့အတွက်ကြောင့် မြို့တော်ထဲကို သံဃာတော် အပေါင်း ခြံရံလျှက် ဆွမ်းခံ ကြွတော်မူပါတယ် ၊

ဆွေတော် မျိုးတော် အပေါင်းတို့ အများဆုံးနေထိုင်ရာ ကပိလဝတ်နေပြည်တော်မှာတော့ အုတ်အော် သောင်နင်းနဲ့ ပါးစပ်ဟောင်းလောင်း ဖြစ်ပြီး အံ့သြကုန်ကြပါတယ်၊

“ဘယ်နှယ့်ကွယ် သာကီဝင်မင်းသား စကြာဝတေးမင်းလောင်းက အခုတော့ဖြင့် သူများတွေ အိမ်မှာ ခွက်နက်ကြီး လက်ဆွဲလို့ ဆွမ်းလိုက်တောင်းစားနေပါလားကွယ်ရို့”

ရပ်ကွက်ထဲက အပျိုကြီး မစိန်မွှာထွန်း အတင်းပြောတဲ့ ဟန်နဲ့ ဖက်ကြမ်းကြီး လက်က ညှပ် ၊ ဒူးတဖက်ကို ထောင်၊ ပါးစပ်က ပွစိပွစိ လုပ်လျှက်

ဝိုင်းဝန်း စုပေါင်းကာ ညီညာဖြဖြ ကဲ့ရဲ့ ကြပါလေကုန်ရော ဆိုပါစို့၊

(ဒါလဲပဲ သာကီဝင်တို့ စိတ်ဓာတ်ဖြစ်ပေမည်၊”သာကီမျိုးဟေ့ ဒို့ဗမာ” လို့ ဆိုကြတာ ကလား)

ဒီသတင်းလဲ ကြားရော ဖခင်သုဒ္ဓေါဒန မင်းကြီးက မျက်နှာပူ အရှက်တော် ရပြီး တောင်ရှည်စ ကြီးလက်ကမ

လွှား…. လွှား…. လွှား…… နဲ့ ဆွမ်းခံ ကြွတော်မူနေတဲ့ ဘုရားရှင်ရဲ့ နောက်တော်ကို အတင်း လိုက်ကာ

မြတ်စွာ ဘုရားကို လျှောက်ပါတယ်..

“သားတော် ခမည်းတော်ကို ဘာကြောင့် အရှက်ခွဲတာလဲ၊ ဘာကြောင့် ခုလို ခွက်မည်းကြီး လက်က ပွေ့ပြီး ဆွမ်းလိုက်တောင်းနေရတာလဲ ကွယ်၊ခမည်းတော်က သားတော်တို့ကို လုံလောက်အောင် မကြွေးနိုင်ဘူးလို့ ထင်လို့လား “

စသည် လျှောက်တဲ့ အခါမှာ

မြတ်စွာဘုရားက “ ဤ အိမ်စဉ်ရပ်၍ ဆွမ်းခံ ခြင်းသည် ရှေးရှေးသော ဘုရား အဆူဆူတို့ရဲ့ ကျင့်ထုံးပင် ဖြစ်ပေသည် မင်းကြီး” ဟု မိန့်တော်မူကာ

အထက်ပါ စကားတော်လေးကို မိန့်တော်မူတဲ့ အခါမှာ ဖခင်သုဒ္ဓေါဒန မင်းကြီးဟာ ဖြစ်ခြင်းပျက်ခြင်းတို့ စတင်သိမြင်ရာ သောတပန်ဘဝကို ပိုင်နိုင် ဆုပ်ကိုင် သွားခဲ့ပါတယ်၊

“မြတ်စွာဘုရားသည် ဒီနေ့ပင် ငါ၏ ဖခင် ကျေးဇူးအား ဆပ်ပေပြီ”

ဆိုပြီး ဘုရင်ကြီးလဲ ဝမ်းသာအားရဖြစ်ကာ ရွှေနန်းတော်ထဲကို နောက်ပါ ရဟန်းတော် ၂ သောင်းနဲ့ အတူပင့်ဆောင်ကာ ဆွမ်းဆက်ကပ်လှုဒါန်းလိုက်ပါတယ်၊

…………………………………………………………

နွေရာသီကို ရောက်တိုင်း ငယ်ဘဝရဲ့ လမ်းကြိုးလမ်းကြားက ဆွမ်းခံ ချိန်တွေက သူ့ကို လက်ယပ်ခေါ်နေသယောင်၊

ဆွမ်းခံ ခြင်းဝတ်ကို ဘုရား ရဟန္တာနဲ့ ရှေးသူတော်ကောင်း ရဟန်းတော်ကြီးများက မြတ်မြတ်နိုးနိုး ဖြည့်ကျင့်တော် မူခဲ့ကြလေသည်၊

စာသင်သား ဘဝရဲ့ နံပါတ်တွေတိုင်းက ဆွမ်းခံ ခဲ့ရတဲ့ အချိန်တွေက အမှတ်ရစရာ အပြည့်ဖြင့် ရှိနေတတ်၏၊

တခါက ရဟန်း ဆွမ်းခံရာက အပြန် ရလာတဲ့ ဟင်းနဲ့ ဆွမ်းကို ရောမွှေ သမနေတဲ့ အချိန်

ဘယ်နေရာက ကလေကချေ ခွေးလေ ခွေးလွင့် ခွေးပိန် တစ်ကောင်မှန်းမသိ

“ ဘာတွေ စားနေတာလဲ ကိုယ်တော်၊ကျွေးပါအုံး”

ဆိုတဲ့ မျက်လုံးတွေနဲ့ လာမော့ကြည့်နေပါတယ်၊

ဒါကို ကံဆိုးချင်လို့ ထင်၊ ရဟန်းက စကားပြောတဲ့ သူ့မျက်လုံး ကိုမှ ကြံဖန် သနားမိသွားသည်၊

“ဖြစ်မှ ဖြစ်ရလေ မင်းဘာမှ မစားရသေးဘူးလား ဟ” ဆိုပြီး မိမိစားမလို့ နယ်ထားပြီးသား ဟင်းနဲ့ ထမင်း ထဲက တစ်ဝက်ကို ချကြွေးမိလိုက်ပါတယ်၊

ခွေးက “ ကျွေးပြီဟ” ဆိုပြီး ဝမ်းသာလွန်း၍ ထင့်၊

ရဟန်းကို သူ့အမြီး အစွမ်းကုန်လှုပ်ပြလျှက် ချပေးသော အစာကို တစ်ချက်နှစ်ချက်မျှ ရှုရှိုက်ကာ

ဘာမှ စားမသွားပဲ စိတ်ပျက်လက်ပျက် ဟန်နဲ့ ရဟန်းဘေးက ထွက်သွားပါတယ်၊

ရှုမိသော သူ့ နှာခေါင်းကိုပင် သနသလိုလို နှင့် ‘ ဟချီး ဟချီး’ ဆို ပြီး နှာပါချီပြသွားသေး၏၊

အဖြစ်ဆိုးပါ့၊

“ သြော်....... ငါစားနေတဲ့ ထမင်းက ခွေးတောင်မစားပါလားနော်” ဆိုပြီး

ရဟန်းလဲ ကိုယ့်ကိုယ်ကို တော်တော် သနားမိသွားပါတယ်၊

(ဖြစ်ရမှာပေါ့လေ ကိုယ်ကလဲ အသဲ နုတာကိုးး))

ဘာပဲ ပြောပြော ကိုယ်ကတော့ ဘုဉ်းပေးဖြစ်လိုက်သည်၊

တခါတုန်းက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို နူနာသည် တစ်ယောက်က ဆွမ်းလောင်းရာမှာ နူနာသည်ရဲ့ အနာအပြည့်နဲ့ လက်ချောင်းလေး တစ်ချောင်းက အရှင်မြတ်ရဲ့ သပိတ်တော်ထဲကို ပြုတ်ကြသွားပါတယ်၊

နူနာ သည်ကြီးက ရှက်လည်း ရှက် မျက်နှာလည်းပူ မထေရ်မြတ်ကိုလဲ အားတုံ အားနာနဲ့ စိတ်မကောင်းတော်တော်လေး ဖြစ်သွားပါတယ်၊

ဒါကို သိတော်မူတဲ့ မထေရ်မြတ်ကြီးက နူနာသည်ကြီးရဲ့ သဒ္ဓါတရားကို ချီးမြောက်တော်မူသော အားဖြင့် နူနာသည်ရဲ့ မနီးမဝေး ဇရပ်လေးထဲဝင်ပြီး နူနာသည်ရဲ့ လက်ကို အသာလေးကောက် လွှင့်ပြစ်ကာလောင်းလှုလိုက်တဲ့ ဆွမ်းကို ထိုင်ဘုန်းပေးတော်မူပြခဲ့ပါတယ်၊

သူကလဲ မထေရ်မြတ် တို့ထုံး နှလုံး မူလျှက် စာသင်သား ဘဝက ရသမျှဖြင့်တော့ ရောင်ရဲ ခဲ့ရပေသည်၊

သို့သော် မထေရ်မြတ်တို့လောက်တော့ အခြေအနေ မဆိုးခဲ့ပါ၊

ဗာရာဏသီ မှာ နွေရဲ့ သီချင်းတွေ စတင် တောက်လောင်နေပေပြီ၊

အခြေနေ အရ သူ ဆွမ်းခံ မကြွပါ၊ သို့သော်

နွေရဲ့ ပူပြင်းတောက်လောင်နေတဲ့ ရာသီထဲ တခါတုန်းက ကတုံးပြောင်ကို ပွတ်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ခပ်သွက်သွက် ကြွခဲ့ရတဲ့ ဆွမ်းခံ ချိန်တွေကို မြင်ယောင်ပြီး

သူ ခေါင်းကို ယောင်ယမ်းပြီး စမ်းမိလိုက်လေ၏၊း)



နိဋ္ဌိတံ

No comments:

Post a Comment