သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Wednesday 12 December 2012

နီယွန်ညနေခင်းများ……


 သူနေတဲ့ ဗာရာဏသီ မြို့လေးကို အိန္ဒိယရဲ့ မန္တလေး မြို့အဖြစ် သူက ရွံ့ရွံ့ ချွန်ချွန် တင်စားလိုက်သည်၊

ကြည်စမ်း………….

နေဝင်ရီ တရောရဲ့ ဂီတ ညတွေထဲ စက်ဘီး စီးလာတဲ့ မန္တလာသူ မဟုတ်တဲ့ အိန္ဒိယာန်းလှပျိုဖြူ တချို့

သူ့ကို ဘာမှတ်နေလဲ မသိ သင်္ကန်းတကားကား နှင့် ထေရဝါဒ ဘန္တေကြီး တစ်ပါးကို သူတို့ အမြင်မှာ တခြား ကမ္ဘာက ဂြိုလ်သားတွေနဲ့များ အမြင်မှားနေကြလား မသိ ပြုံးစိစိ လုပ်ပြီး သူ့ကို ကြည့်သွားကြသေး၏၊

ညနေခင်း ဆည်းဆာရဲ့ ရှက်နိုးဟန်နဲ့ ကောင်းကင်ကြားက သူ့ကို လှမ်းကြည့်နေတဲ့ ကဗျာတပုဒ်

ဒါကိုပဲ လူတွေက လမင်း ဟုခေါ်ဆိုကြလေသည်မဟုတ်လား၊

ရဟန်းရဲ့ ပညာတော်သင် လမ်းခရီး က ဖဲကတ္တီပါ လွှမ်းတဲ့ နွေးအိအိ ပါးပြင်တွေပေါ်ကို သမာရိုးကျအတိုင်း လျှောက်လှမ်းခဲ့ရသည်တော့မဟုတ်၊

“အေး မင်း ၂၆ ရက် နေ့မှ မရောက်ရင် ဒီကို မလာနဲ့တော့” 
ဟူသော မိမိရဲ့ စပွန်ဆာ ထေရ်ရှင်ရဲ့ တစ်ချက်လွှတ် မိန့်ခွန်းတွေမှသည် သူက ဘာမသိညာမသိ ‘ထိုင်း ထရန်စစ်’ ဆိုတာနဲ့ ပြာတိပြာယာ ထွက်လာခဲ့ ခြင်းဖြစ်ပေ၏၊

………………………………………………

ဘန်ကောက်မြို့ကြီးရဲ့ ကြီးကျယ်ခန်းနားလွန်းလှတဲ့ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ အသက်ရှုသံ ပြင်းပြင်းတွေ ကြားထဲ သူ မျက်နှာငယ်ခဲ့ရဘူး၏။

“ကုလားဖြောင့်ဖြောင့် တံဇင်လောက်” ဆိုသော်ငြား ထို တံဇင်လောက် ဖြောင့်သော ကုလားတို့ရဲ့ အကူညီနှင့်ပင် သူက ဟော့ဒီ ဗာရာဏသီ ရဲ့ မျက်ဝန်းတွေကို ရင်ခုန်ခွင့် ရခဲ့သည် မဟုတ်ပါလား…………..(ကျေးဇူးကြီးမားလှပါပေတယ်ကိုကုလားတို့ရယ်)

“လာတုန်းက လဲ တယောက်တည်း ပြန်လဲ တယောက်တည်း” ဟူသော ဓမ္မ ကဗျာ လေးကို မှတ်မိခဲ့ဘူးတဲ့ သူ့အတွက် ခရီးစဉ် တလျှောက်ကတော့ တယောက်တည်းရယ်ပါ၊

မြန်မာပြည်ကနေ ဘန်ကောက်

ဘန်ကောက်ကနေ နယူးဒေလီ

နယူးဒေလီကနေ ဗာရာဏသီ

ဆက်သွယ်ရေး ကွန်လိုင်းတွေသာ မြန်မာပြည်လို တေမိ ဆန်ခဲ့ရင် ဟူးးးးးးး………(ရင်မောမိ၏)

……………………………………………………

ဗာရာဏသီက အိန္ဒိယရဲ့ မန္တလေး လို့ ဆိုရလောက်အောင် ခိုင်လုံတဲ့ အကြောင်းပြချက်က သူ့အတွက် ရှိနေသည်။

“နှစ်ပါင်း ၁၀ ကျော်က ဗာရာဏသီဟာ ယနေ့တွေ့နေရတဲ့ ဗာရာဏသီနဲ့ အတူတူပဲကွ”

မိတ်ဆွေရဟန်းက သူလို ဘာမှ မသိတဲ့ ကျောင်းသားသစ် မာတိကာလေးများအား ဟန်နှင့် ပန်နှင့် ရှင်းပြနေသည်၊၊

ဗာရာဏသီဆိုတာ အိန္ဒိယ နိုင်ငံကြီးရဲ့ ရှေးဟောင်းမြို့တော်ကြီး ဖြစ်သလို

အိန္ဒိယ နိုင်ငံရဲ့ ယဉ်ကျေးမှု ပြယုဂ် နဲ့

ဟိန္ဒီ ဘာသာဝင်တွေရဲ့ဘာသာရေး ဆရာများ ဖြစ်တဲ့ ပုဏ္ဏားတွေ အများဆုံး တည်နေရာ………

အိန္ဒိယတိုင်းကြီးသား ပုဏ္ဏားလေးတွေရဲ့ မျက်ဝန်းများစွာထဲမှာ ဗာရာဏသီနဲ့ ပါတ်သတ်ရင် အမြဲ ဂုဏ်ယူ ဝင့်ကြွားနေတဲ့ အရိပ်ကလေးတွေက ထင်လင်းစွာ ရှိနေတတ်သည်။(အမိမြေက စာသင်သားရဟန်းတော်လေးများ မန္တလေးကို တန်းဖိုးထားသလို ချစ်ခြင်းမျိုးနှင့် ဖြစ်မည်၊)

သူကတော့ နောက်ဆံကျစ်မြီးလေးနဲ့ ပုဏ္ဏားလေးတွေကိုမြင်တိုင်း မန္တလေး မြို့ပြကြီးရဲ့ ရပ်ကွက်တွေ ကြားထဲက ဘုံလောင်း ဆွမ်းကို အသည်းအသန် တိုးခဲ့ရတဲ့ စာသင်သားဘဝရဲ့ နေ့ရက်တွေကို ဆွဲဆွဲ ထုတ်ပြီး လွမ်းမိသည်၊၊

အော် မန္တလေးက ဆရာတော်များနှင့် မန္တလေး က သဒ္ဓါထုအား ကြီးကျယ်လှသည် ဒကာ ဒကာမများ

သူ့ရဲ့ ဒီနေ့ညနေခင်းကိုတော့ မန္တလေး ရဟန်းတော် ပညာရှိကြီးများရဲ့ဟန်က လွှမ်းမိုးသွားခဲ့သည်။

………………………………………………….

ရေခံ မြေခံ ကောင်းသော အိန္ဒိယပေမဲ့ လူတွေရဲ့ စာရိတ္တပိုင်း နဲ့ အများအမြင် ညစ်ပတ်ပတ် ဟန်တချို့ကတော့ ဗာရာဏသီကို မျက်နှာငယ်စေခဲ့သည်၊

ဗာရာဏသီ လမ်းကျော တလျှောက် တဖြေးဖြေး လျှောက်လာတဲ့ သူ့ခြေလှမ်းတွေကို လမ်းဘေးမှာ အလေးသွား အပေါ့စွန့်နေကြတဲ့ လူတွေက ရပ်တန့်စေခဲ့တာလဲ အကြိမ်ကြိမ်ပါ၊

(ငါကြောင့် သူရှက်သွားလေမလား)

သူတို့အတွက် မထူးခြားတဲ့ ရိုးရာဝတ်ရုံအောက်က ညစ်ပေပေ အကျင့်လေးတွေကလဲ မတူထူးခြားတဲ့ မြန်မာဟန် မျက်ဝန်းနဲ့ သူ့အတွက် အံ့အားသင့်စရာတွေကတော့ တောင်ပုံ ယာပုံပါ၊

မိတ်ဆွေ ရဟန်းက ဟိန္ဒီစကား ရေရေ လည်လည် ပြောတတ်သဖြင့် ဗာရာဏသီရဲ့ ညနေခင်း ဆည်းဆာ လမ်းခရီးအတွက် သူက အဆင်ပြေ ချောမွေ့ခဲ့သည်။

“ကိုယ်တော်”

ခါးကို လာတို့ပြီး ခေါ်လိုက်တဲ့ မိတ်ဆွေရဟန်းရဲ့ ဆက်ခနဲ့ ခေါ်မှုက သူ့ အတွေးစတွေကို ဆွဲဆုတ်ပြစ်လိုက်၏

“ဘာလဲ”

ခေါင်းဆတ်မေးလိုက်သည်။

“ကုလားတိုက်တဲ့ရေ မသောက်နဲ့နော်”

သတိပေးသလိုနှင့် မိမိကို ကြည့်ကာ ရယ်ကျဲကျဲ ပြောလိုက်တဲ့ မိတ်ဆွေရဟန်းရဲ့ စကားက မိမိကို ထူးဆန်းစရာ တစ်ခု အဖြစ် တီးခေါက်မိသွားပါတယ်။

“ဘာဖြစ်လို့လဲ”

“တခါတုန်းက ဘုရားဖူးလာတဲ့ ဒကာမကြီး တယောက် ဘုရားဖူးရတာ မောလို့ ထင်ပါရဲ့

ကုလားဆီသွားရေတောင်းသောက်တာလေ

အဲ့ဒါ ကုလားက ရေခပ်ပြီး ဒကာမကြီးကို တိုက်မလို့လုပ်တုန်း အတူပါလာတဲ့ ကိုယ်တော်က တွေ့ပြီး

ဘာလုပ်မလို့တုန်း မေးတော့ ဒကာမကြီးက တပည်တော် မောလို့ ရေတောင်းသောက်နေတာပါဘုရား
လို့ ပြောရော

ကိုယ်တော်က ကုလားကို မင်းဒီရေခွက်က ဘယ်က ခွက်ကြီးလဲလို မေးလိုက်တော့

ကုလားက ဘာပြန်ပြောလဲ ဆိုတော့ သူဖင်ဆေးတဲ့ခွက်ပါတဲ့ ဒါပေမဲ့ သူဖင်ဆေးတုန်းက ခွက်ကို ဖင်နဲ့ မထိသလို အခု မင်းရေသောက်ရင်လဲ ခွက်နဲ့ နှုတ်ခမ်းကို မထိပါစေနဲ့တဲ့လေ”

ထိုဒကာမကြီးကတော့ ဘယ်လို နေတယ် မသိ တဆင့်ကြားရတဲ့ မိမိ တို့ပင် ရယ်သံတွေ ကြားက အန်ချင်သလိုလို ပြို့တက်သွားရ၏။

ဗာရာဏသီ ရဲ့ဆည်းဆာနဲ့ မန္တလေး မြို့ပြလေးရဲ့ ဆည်းဆာ ဘာကွာသလဲ ဆိုရင် တော့ …………..


အင်း……………သူ့မှာ ဖြေစရာရှိနေပါသေးသည်။း)

No comments:

Post a Comment