သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 21 December 2012

အာလူးမြစ်

 “ဆွမ်းဘုန်းပေးမယ် ဆွမ်းဘုန်းပေးမယ်”

ဆွမ်းချက်အလှည့်ကျ မိတ်ဆွေရဟန်းရဲ့ ဆွမ်းစားကြွရန် နိုးဆော်သံစူးစူး ကြောင့် တဖက်ခန်းက အိန္ဒိယကျောင်းသားတို့ကပင် ဖြတ်ခနဲ့ လှည့်ကြည့်ကြသည် ။

“ ဘာဟင်းချက်လဲ”

“ထုံးစံ အတိုင်း” သိလိုက်ပါပြီ အာလူး………

မဇ္ဈိမ ဒေသရဲ့ ရေခံမြေခံပဲ ကောင်းတာလား၊ စက်ပစ္စည်း ရုပ်ဝတ္ထုတို့ပင် ကောင်းတာလား မပြောတတ်၊

ပေါလိုက်တဲ့ အသီးအနှံ သီးလိုက်ရင်လည်း အမိမြေက အသီးအနှံတွေထက် ထွားကြိုင်းပေ၏၊ (ကောင်းပေစွ)

အိန္ဒိယ ရဲ့ အပေါဆုံး နဲ့ ဈေးအသက်သာဆုံး အသီ်းအနှံ ကတော့ အာလူး ပင်ဖြစ်၏၊

အာလူးတစ်လုံးတစ်လုံးရဲ့ စံချိန်မှီ အရွယ်အစားကလဲ နိပ်ပေစွ၊ “တစ်လုံးတစ်လုံး ဘူးသီးလုံးလောက်ရှိပေသည်”ဟု ဆိုရမလိုလို၊

အာလူး ၅ လုံးလောက်ဆိုရင် အဆောင်နေ မြန်မာ ကျောင်းသား ရဟန်းတော်များတို့ ဗီတာမင် အာဟာရ ကြွယ်ဝစွာဖြင့် ဘုဉ်းပေးရော့ပဲ………..

ထိုကြောင့် ကိုယ့်ထမင်းကိုစား၊

ကိုယ့်ဟင်းကိုချက်၊

ကိုယ့်စားမဲ့ဟာ ကိုယ့်ဟာကို ပိုက်ဆံထည့်၊

ကိုယ့်ဟာကို ဝယ်ရတဲ့၊

ရေခြားမြေခြားက အိန္ဒိယ ကျောင်းသား တစုစားဖို့ အာလူးဟာ ဈေးအတန်ဆုံးနဲ့ ဗိုက် အဝဆုံး အဖြစ် ဟင်းဝယ် အရှင်တို့ မျက်စိကျစရာ ဖြစ်သလို…

ချက်ရတဲ့ အရှင်ကလဲ ဝယ်ပေးတာ ချက်ရတာမို့ စားရတဲ့ အရှင်တွေလဲ ချက်ပေးတာ စားပေရော(သာဓု…သာဓု)…….

ဘာမဆိုင် ညာမဆိုင် အာလူးဆိုတဲ့ ကောင်နဲ့ (မှတ်ချက်၊ အာလူးသည် မြန်မာလိုလဲ အာလူး ကုလားလိုလဲ အာလူးဟုပင် စပီကင် တူစွာ ခေါ်ဆိုကြလေ၏) မျက်နှာချင်း ဆိုင်မိတိုင်း အငြိမ့်ထဲက နိုင်ငံကျော် ဟာသ လူရွှင်တော် ဒကာကြီးကိုတိမ်ညွန့်ရဲ့ အာလူးရောင်းနေတဲ့ ဟန်ကို လွမ်းမိသည်၊၊

“ အာ အာ အာ အာလူးဟာ တကယ်ကို ကောင်းတယ်၊ အာလူးကို ချက်လို့စားရင် တပြည်လုံးမှာ အားတွေ ရှိမယ်” ဆိုပဲ (ဆရာကြီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ ကမ္ဘာကျော် သီချင်းကြီး ဖြစ်ပေရာ၏။ အာဂပါပေ့းP)




…………………………………………………………………

ဗာရာဏသီရဲ့ မြေပေါ်ကို နင်းလိုက်မိတိုင်း သူငယ်ငယ်စာသင်သား ဘဝတုန်းက အသံကုန် ထောင်ကျက်ခဲ့ရတဲ့ ဇာတ်တော်တွေထဲက ဗြဟ္မဒတ်မင်းကြီးက သူ့နောက်ကျောကို သံလျှက်ကြီးနဲ့ လာလာ ထောက်နေသလို ခံစားရ၏၊၊

ခုလဲ ကြည့် စားပွဲဝိုင်းရဲ့ အာလူးတွေ အကြောင်းကနေ ဘာမဆိုင် ညာမဆိုင် “ဒကာကြီး မင်းသိင်္ခ ရဲ့ မနောမယ ထမင်းဝိုင်းဆိုတာပ” လို့ မိတ်ဆွေ ရဟန်းတပါးရဲ့ အရွမ်းဖောက်စကားကနေ သူက ဗြဟ္မဒတ်မင်းကြီးရဲ့ သမိုင်းဝင် ခေါင်းပေါင်းစ ကြီးကို ပြေးဆွဲ မိရက်သား ဖြစ်သွားသည်။

အော်.. ပြည်မသိ ဗာရာ

မင်းမသိ.. ဗြဟ္မဒတ် လို့ ရွှေလူမျိုးတို့က သမိုင်းအဆက်ဆက် ခေါ်ဆိုကြခဲ့လေသည် မဟုတ်လား……..၊၊

…………………………………………………………………..

ဗာရာဏသီ ပြည် ဗြဟ္မဒတ်မင်းကြီးရဲ့ ဥယျာဉ်တော်ထဲကို ရသေ့ အရှင်ကြီး ကေသဝ ဦးဆောင်တဲ့ တပည့် ရသေ့ပေါင်း ငါးရာ ရောက်နေတယ်ဆိုတဲ့ သတင်းဟာ တိုင်းပြည်တခွင်ကို အုတ်အောသောင်းနင်း ဖြစ်လို့နေပါတယ်…၊

ရသေ့ ဆရာကြီး အရှင်ကေသဝက လူဘဝက ခေသူမဟုတ်။

ဘုရင် ဘဝကနေ တောထွက် ဘဝရဲ့ နိက္ခမ္မကို ရှာလေသူ ဆိုတော့ အားလုံးရဲ့ မျက်လုံးဒေါက်ထောက် စိတ်ဝင်စားခြင်း ကို ခံရသူ(အဲ့ဒီ အချိန်ကသာ eleven ဂျာနယ် ရှိရင် A person of the year ဆုပင် ပေးလောက်သည်ဟုသူတွေးမိ၏၊ နာပေစွတကားး))

ဥယျာဉ်တော်ထဲက ရုတ်ရုတ် သဲသဲနဲ့ လာဖူးမြော်သူ ပူဇော်သူတွေနဲ့မို့ လေသာ ပြတင်းပေါက်ကနေ ဥယျာဉ်အလှကို ရှုစားတော်မူနေတဲ့ ဗြဟ္မဒတ်မင်းကြီးဟာ သိလိုဇောနဲ့

ဥယျာဉ်မှုးကို အခေါ်တော်လွှတ်ပြီး အရေးတကြီးနဲ့ မေးတော်မူတဲ့ အခါ ရသေ့ဆရာကြီး အရှင် ကေသဝ ကြွတော်မူတဲ့ အကြောင်း ဥယျာဉ်မှုးက သံတော်ဦးတင်လိုက်ပါသတဲ့……

ဒါနဲ့ နဂိုကတည်းက ရသေ့ဆရာကြီးရဲ့ ဂုဏ်သတင်းတွေနဲ့ အကျင့်စရဏကို ကြည်ညိုရင်းစွဲ ရှိပြီးသားဗြဟ္မဒတ်မင်းကြီးဟာ တောင်ရှည်စ လက်ကမလို့ ဥယျာဉ်တော်ကို ကြွချီတော်မူပါတယ်။

အရှင်ရသေ့ကြီး ကို ကန်တော့် ဦးချ ပြီးပြီလဲ ဆိုရော….

“ အရှင် ရသေ့ကြီး အဘယ် အရေးကြောင့် ဗာရာဏသီကို ကြွလာပါသနည်း”

“ မင်းကြီး ဆားအချဉ်တို့ကိုမှီဝဲရန် နှင့် မိုးလေးလ မိုးခိုရန်ကြွလာပါသည်”

“ အရှင် ဒီလိုဆို ကျွန်ုပ် နန်းတော် ဥယျာဉ်ထဲမှာ အရှင်တို့ မိုးလေးလ ပါတ်လုံး မိုးခိုစေလိုပါတယ်”

ကေသဝဆရာကြီးက ဆိတ်ဆိတ်ငြိမ်ခြင်းဖြင့် မင်းကြီးရဲ့ ဖိတ်မံချက်ကို လက်ခံလိုက်ပါတယ်။

မင်းနန်းတော်မို့ ဆင်သံ မြင်းသံတို့က ဆိတ်ဆိတ်နေပြီး တရားအားထုတ်လိုသူ ရသေ့ တို့ အဖို့စိတ်အနှောင့် အယှက် အကြိမ်ကြိမ် ဖြစ်ရလေ၏။

တစ်လပင် မကြာလိုက်………..

“ အရှင် ကျွန်ုပ်တို့သည် ဤမင်းတို့၏ အရပ်ဋ္ဌာန ဆူညံသံတို့ဖြင့် မမွေ့လျော် မပျော်ရွှင်ပါကုန် မိမိနေရာ ဟိမဝန္တာသို့သာ ပြန်လိုပါကုန်၏”

တပည့်တွေက ပြန်ရန်သာ စိတ်စောနေကြသည်။

“နေပါဦး ချစ်သားတို့ရယ် ငါတို့က မင်းကြီးကို ဝါတွင်းလေးလပတ်လုံး နေကြရန် သဘောတူခဲ့ ကြပြီးပြီ မဟုတ်လား”

တားလို့မရ၊…….

“အရှင်ဘာသာ အရှင်ဆန္ဒ အရ သဘောတူခဲ့ခြင်းဖြစ်၏ ၊ တပည့်တော်တို့ကို တိုင်ပင်ခဲ့ပါသလော”တဲ့…

ရသေ့ ဆရာကြီး ကေသဝ သူ အဆင်နဲ့ သူ ကြပ်သွားသည်။ ဟုတ်တော့လဲ ဟုတ်ပေသည် မဟုတ်လား

သဘော မတူချင့် တူချင် ဖြင့် ပြန်ဖို့ခွင့်ပြုလိုက်ရသည်။

နောက်ဆုံး ဥယျာဉ်တော်ထဲမှာ ကေသဝအရှင်ကြီးနဲ့ အနီးကပ်တပည့် ကပ္ပက တို့ နှစ်ပါးသာ ကျန်ခဲ့ရလေပြီ၊

ကြာတော့ ကပ္ပကလဲ မပျော်တော့ “တပည့်ပြန်လိုပါတယ်အရှင် မနီးမဝေးကနေ အရှင့်ကို စောင့်ကြပ် ကြည့်ရှု၍ အရှင့်သတင်းကို နားစွင့်နေပါမည်” ဆိုပြီး ဆရာအရှင်ရဲ့ တားသံတွေကြားကပဲ ခေါင်းတရမ်းရမ်းနဲ့ထွက်လာခဲ့ပါသတဲ့။

ဆရာကြီးကလဲ သူကတိနဲ့သူမို့သာ………..

လူက မပြောသော်လဲ စိတ်ကဆောင်လေပြီ၊

“ဆရာကြီး ဝမ်းလျှော့တဲ့ ရောဂါ ခံစားနေရလို့တဲ့”

ဗြဟ္မဒတ်မင်းကြီးက “နန်းတော်ထဲက ‘ကောင်းပါပေ့ တော်ပါပေ’့ ဆိုတဲ့ သမားတော်များ ဆေးဝါးများဖြင့် ပြုစုကြစေ” ဆိုပြီး အမိန့်တော်ချမှတ်ကာ ဘယ်လိုပင် ကုသပါစေ ရောဂါက သက်သာမလာ ပိုလို့ပင် ဆိုးလာသေး၏။

“ မင်းကြီး “

အရှင် ရသေ့ကြီးရဲ့ အသံတော်ဟာ ဝေဒနာတွေ ကြားက လာရတာမို့ တိုးတိတ် ဖျော့တော့စွာ..

“ကျွန်ုပ်အခု ခံစားနေရတဲ့ ဝေဒနာကို သက်သာစေလိုသလား”

ဗြဟ္မဒတ်မင်းကြီးကလဲ အရှင်ဝေဒနာကို သက်သာစေလိုသူ အရှင်ကို ဒီလို ခံစားနေရတာ သူမကြည့်ရက်ဖူးမို့လား ဗြဟ္မဒတ် အရှင်က ခေါင်းညိတ်လိုက်သည်၊

“ဒါဆို ငါ့ကို ငါ့တပည့်တွေဆီ ပြန်ပို့ပါ”

ဗြဟ္မဒတ် မင်းကြီးက နေချင်း နာရဒ အမတ်ကို အရှင် ရသေ့ကြီးအား နေရပ် ပြန်ပို့ရန် စေခိုင်းလိုက်သည်၊၊

“ဆရာအရှင် ရသေ့ကြီးပြန်ကြွလာပေမည်” ဟု သတင်းစကားလဲ တပည့်ရသေ့တွေဆီ ပို့လိုက်လေ၏၊၊

တပည့်တွေဆီ ပြန်ရောက်တယ် ဆိုရင်ပဲ သိပ်မကြာ တရက် နှစ်ရက် အတွင်းမှာ ဆရာ အရှင်ရသေ့ကြီး ကေသဝ ရဲ့ရောဂါ ဝေဒနာဟာ နေချင်းညချင်း သက်သာ လာပါသတဲ့၊

ဒါကို နာရဒအမတ်က “ထူးဆန်းပေစွ ရသေ့အရှင် နန်းတော်ထဲမှာ အကောင်းစား အစားစာ အကောင်းစား ဆေးဝါးတွေနဲ့ ပြုစုပါသော်လည်း မသက်သာတဲ့ ရောဂါဟာ ခုတော့ အစားအစာ ချို့တဲ့ ဆေးဝါး မပြည့်စုံတဲ့ တောနက်ထဲမှာတော့ အရှင် ရသေ့ကြီးရဲ့ ရောဂါ ပျောက်ကင်းလေပြီ”လို့ ပြောလိုက်တဲ့ အချိန်မှာ

ရသေ့ကြီးက နာရဒအမတ်ကို “ဝိဿာသ ပရမာ ရသာ” အကျွမ်းဝင်ခြင်းဟာ အကောင်းဆုံး အရသာပါပဲ ဆိုပြီး ပြန်မိန့်တော်မူလိုက်ပါတယ်။နောက်ပြီး သူ့တပည့်ကျော် “ကပ္ပက ရဲ့ ချစ်ခင် ကျွမ်းဝင်တဲ့ ချိုသာတဲ့ စကားလုံးတွေကလဲ သူ့ကို စားဝင်စေပါသတဲ”့လေ

………………………………

တွေးမိရက်သား ကေသဝ ကြီးရဲ့ စကားကို သဘောကျရင်း ပြုံးမိလိုက်တဲ့ အပြုံးဟာ အများအမြင်မှာ သူဟာ အရူးတယောက်လို ဖြစ်သွားပါတယ် “ဘာလဲဟ ဒီကိုယ်တော် ထမင်းစားရင်း ပြုံးနေတယ်”

ကိုယ့်အကြောင်း ကိုယ့်ထက် ဘယ်သူက သိမှာမို့လဲ ။

လူစုံတုန်း ဝါကျတွေ ဖွဲ့ရင်း ဟင်းကောင်းကောင်း မကောင်းကောင်း ဆွဲမည်၊(လာလေရော လဟယ်း))

မနက် အာလူး

နေ့ အာလူးနှင့်

ငါ့ရဲ့ ထမင်းပုဂံထဲမှာ

အာလူးဖတ်လေးတွေ တန်းစီစေ………..:)

No comments:

Post a Comment