သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 December 2012

ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၂)

“ရောက်ခဲ့ပါပြီ ရာဇဂြိုလ်” တဲ့ (ယနေ့ခေတ်ခေါ် ရာဂျဂီရိ)
မကြာသေးခင်က ကျင်းပ ထားတဲ့ တောင်တက် ပွဲ သဘင်(နက္ခာတ် ပွဲသဘင်ကြောင့်) လမ်းကျော တလျှောက် လူ ဦးရေက ရှုပ်ရှက်ခက်နေဆဲ………….
တောင်တက်ပွဲတော် အရှိန်က မသေးလှကြောင်း ပြသလျှက်ရှိပေသည်၊
ဘာပဲ ပြောပြော ဒီပွဲတော်လေးအကြောင်းကို ကြားလိုက်တာနဲ့ သူငယ်ချင်း နှစ်ယောက်ကြားက ကတိစကားလေး တစ်ခွန်းကို သူက သွား သတိရမိသည်၊
“ သမ္မကောလိတ အမှေသု ယော ပဌမံ အမတံ အဓိဂစ္ဆတိ၊ သော ဣတရဿ အာရောစေတု”
‘သူငယ်ချင်း ကောလိတရေ….. ငါတို့ထဲက ဘယ်သူပဲ အမတ တရားကို အရင်ရရ နောက်လူကို ပြောကြေးကွာ’ တဲ့
သူငယ်ချင်းဆိုတာလဲ……………………………………
မိုးရာသီရဲ့ နောက်ဆုံး နှုတ်ဆက်သံကြောင့် ညှို့တို့တို့ တိမ်တစုက သူ့ကို ငုံကြည့်နေဆဲ…………………
အို !!!!!!!!!!!!!
လက်ယာတော်ရံကြီးတွေ ရဲ့ ဇာတိမြို့တော်ကြီးက မှိုင်းအုတ် ရီဝေလို့ပါလား ကွယ်……………………

“ ဥသြ တကောင်နှင့် နွေ မဖြစ် ဆိုသော်လည်း
ဟို ဝေးဝေး သစ်ကိုင်း ထက်မှ တစာစာ
အော်မြည်ကြွေးနေသော ငှက်ကလေး ကိုတော့ဖြင့်
ဥပေက္ခာ မပြုနိုင်ပါချေ”
မောင်ရင့်မာ (ကျောင်းကုန်း)
……………………………………………………………………..
ခုတော့ တောင်တက်ပွဲတော်ကြီးရဲ့ အလယ်ထဲမှာ တိတ်ဆိတ် နေတဲ့ လူ နှစ်ယောက်ရှိပါတယ်၊
ခါတိုင်းရက်တွေနဲ့ မတူတဲ့ ရွှင်လန်းတက်ကြွနေတဲ့ အရိပ်ယောင်မရှိ၊



ဒါကို အရိပ်တကြည့် ကြည့်နေတဲ့ သူငယ်ချင်းနှစ်ယောက်က တယောက်ကို တယောက် ရိပ်မိသည်၊
ခါတိုင်းရက်တွေဆို ဒီလိုမှ မဟုတ်ပဲ ရီစရာတွေရင် ရီကြ၊ ဇာတ်ဝင်ခန်းတွေမှာ လွမ်းခန်းတွေပါရင် ခံစားကြ၊ ဆုပေးသင့်ရင်ပေးကြနဲ့ တက်ညီလက်ညီ ရှိကြတဲ့ သူငယ်ချင်းတွေပဲ ခုတော့ ဒီလိုမှ မဟုတ်ပဲလေ………..
ပွဲတော် တခုလုံး ဆူညံနေတာတောင်……………….
နှစ်ယောက်သား တိတ်ဆိတ် ငြိမ်သက်လို့…………………….
တကယ့်ကို ပွဲတော်ရဲ့ ဆူညံမှုနဲ့ သူတို့က လားလားမှ မဆက်ဆိုင် အလား…………
ကောလိတ က စကားစလိုက်ပါတယ်………
“ဥပတိဿ မင်းကို ကြည့်ရတာ ခါတိုင်းရက်တွေနဲ့ မတူပါလား၊ ရယ်စရာတွေ တွေ့ရင်လဲ ခါတိုင်းလို မရယ်တော့ဘူး၊ (ကိ့တေ သလ္လက္ခိတံ) မင်းဘာဖြစ်နေတာလဲ”
ဥပတိဿ ရဲ့ သက်ပြင်းသံက သူ့အမှတ်ရလိုက်တဲ့ ပိဋ္ဋကတ်တော်ကြီးထဲမှာ ကျယ်လောင် ဆူညံစွာ…….
“ကောလိတ မင်းကြည့်စမ်း၊ ဒီလောကကြီးမှာ တကယ့်အနှစ်သာရ ဆိုတာ ဘာလဲ ၊ ခု ငါတို့ တွေ့နေရတဲ့ လူတွေ အားလုံးနဲ့ အရာအာလုံးဟာ နောင် နှစ်၁၅၀ အတွင်း အားလုံး ပျောက်ကွယ် သွားကြလိမ့်မယ်၊ ငါတို့ အပါဝင်ပေါ့ ၊ ငါတို့ဟာ တခုတည်းသော သံသရာ က လွတ်မြောက်ကြောင်း မောက္ခဓမ္မ ဆိုတာကို ရအောင် ရှာဖွေ သင့်တယ် မဟုတ်လား၊ ဒါနဲ့ ကောလိတ ရဲ့ မင်း ကြည့်ရတာလဲ ခါတိုင်းနဲ့ မတူပါဘူး၊ မင်းရော ဘာဖြစ်နေတာလဲ”
ဇာတ်စင်ကြီးပေါ်မှာ ကချေသည် မလေးတယောက်က လှလှပပလေး သီချင်းတွေ ဆိုရင်း၊
ညှို့မျက်လုံးတွေနဲ့ ပရိတ်သတ်ကို ချွေရင်း…….
ကော့ညွှတ်နေတဲ့ လက်ချောင်းလေးတွေ ကွေးလို့ကရင်း…………
ညမှောင်မှောင်တိမ်ထုကြားက တိတ်ဆိတ်သံက သူငယ်ချင်း နှစ်ယောက်ထဲ ကြားမှာပဲ တိတ်တိတ်လေး ကြီးစိုးနေလေသည်၊
“ငါလည်း အဲ့ဒါပဲ တွေးနေတာ ဥပတိဿ”
“……………………….”
“……………………..”
“ ကြယ်တွေ ပိုလို့ လက်အောင်
ည အရောင်ကလည်း ပိုလို့ မှောင်နက်ခဲ့ပြီကွယ်” ငခါး (ကွမ်းခြံကုန်း)

“ငါတို့ ရဟန်းပြုကြရအောင် ကောလိတ”
ခေါင်းညိတ် သဘောတူလိုက်သည်၊၊
…………………………………………………………………………
သဉ္ဇယ တဲ့ ရာဇဂြိုလ် ရဲ့ အထင်ကရ ဘာသာရေးခေါင်းဆောင်
“သူ့ဆီမှာတော့ အမြိုက်တရား ရှိတန်ကောင်းပါရဲ့လေ”
စိတ်တူ ကိုယ်တူ သဉ္ဇယ ကြီးဆီမှာ ရဟန်းပြုလိုက်ကြသည်၊
ရာဇဂြိုလ် ရဲ့ အထင်ကရ သူဌေးပုဏ္ဏားလေး နှစ်ယောက် ရဟန်းပြုချိန်က စပြီး သဉ္ဇယ ကြီးရဲ့ လာဘ်လာဘ တွေ က ပို တိုးပွါးလာပြီး ဆည်းကပ်တဲ့လူ များလာခဲ့ပါတယ်၊
သူငယ်ချင်း နှစ်ယောက်ကလဲ မောက္ခဓမ္မ ကို ရှာဖွေနေကြသူများ ပီပီ သဉ္ဇယ ကြီးရဲ့ ဝါဒကို တစ်ပါတ် နှစ်ပါတ်အတွင်း အတတ် ကြိုးစားသင်ယူကြသည်၊
ပြီးတော့ နှစ်ယောက်သား တညီတညွတ်ထဲ ဆရာ့ကို မေးပါတယ်၊
“အရှင် အရှင်ရဲ့ ဝါဒ ဟာ ဒီထက်အပြင် တခြားရှိပါသေးသလား”
“မရှိတော့ဘူး ချစ်တပည့်တို့၊ သင်တို့ သင်ယူခဲ့တာ အကုန်ပါပဲ”
သူငယ်ချင်း နှစ်ယောက် ခေါင်းချင်းဆိုင်ရ ပါတော့တယ်၊
“ငါတို့ဟာ အမှန် စစ်စစ်ကို မောက္ခဓမ္မ အတွက် ရဟန်းပြုလာခဲ့ခြင်း ဖြစ်တယ်၊ ဆရာကြီးဆီမှာ ငါတို့ လိုချင်သော မောက္ခဓမ္မသည် မရှိနိုင်၊ ဟော့ဒီ လောကကြီးနဲ့ ဒီ ရွာ ဇနပုဒ် တိုင်းနိုင်ငံ ဟာ အလွန်ကျယ်ပြန့်ပါတယ်လေ၊ မချွတ်ဧကန် ကို ငါ့တို့ကို မောက္ခဓမ္မ ကို ဟောပြောနိုင်မည့်သူ ရှိရမည်”
အားတော့ လျှော့မသွား………….
အဲ့ဒီမှာ ပဲ အထက်က ကတိလေးကို ဥပတိဿ က ကောလိတဆီက တောင်းခဲ့တာပါ၊
“သူငယ်ချင်းကောလိတ ရေ………… ငါတို့ထဲက ဘယ်သူပဲ အမတ တရားကို အရင်ရရ နောက်လူကို ပြောကြေးကွာ” တဲ့
တကယ်တော့ ကောလိတ နဲ့ ဥပတိဿ ဆိုတာ တခြားလူတွေ မဟုတ်ပါဘူး၊
ဥပတိဿ ဆိုတာ လက်ယာတော်ရံ ‘အရှင် သာရိပုတ္တရာ’
ကောလိတ ဆိုတာ လက်ဝဲတော်ရံ ‘အရှင် မောဂ္ဂလာန်’ တို့ဖြစ်ပါတယ်၊
ရာဇဝင်ထဲက ရာဇဂြိုလ် လမ်းပေါ်မှာ အမြိုက်နိဗ္ဗာန်တရားကို စိတ်တူ ကိုယ်တူ ရအောင် ရှာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်………………
တောင်ထိပ်ခြေရင်းကို သူတို့ရောက်လာတယ် ဆိုရင်ပဲ ဘန္တေဝတ်ကြီးနဲ့ သူတို့ကို အိန္ဒိယာန်း လှပျိုဖြူလေးတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်၊
“ဘယ်ဂြိုလ် ကပါလိမ့်”……….
တောင်ထိတ်ကို လှမ်းအကြည့်မှာ
အိုကွယ် တမျှော်တခေါ်ကြီးကို လှလို့ပါလား ကောလိတရယ်……………..
“သွားမယ်” “သွားမယ်”
ဂိုက်ပြပေးမဲ့ သူငယ်ချင်းရဲ့ သတိပေးသံကြောင့် သူ့အာရုံတွေကို တစုတစည်းတည်း ပြန်စုလိုက်ရင်း ခြေလှမ်းတွေကို စရွှေ့လိုက်ရသည်၊ နောက်ကျနေလို့ မဖြစ်ဘူး မို့လား ၊ မွန်းတည့်တော့မည် နေ့ဆွမ်း မဘုဉ်းပေးရသေး ဒီ နေ တောင်ထိပ်အလည်ကို မရောက်ခင် ကိုယ်က အရင်ရောက်ဖို့တော့ လိုနေပြီ မို့လားကွယ်၊

“ ဒီလောကကြီးမှာလေ အမြိုက်တရားကို ဟောပြနိုင်တဲ့ ဆရာကောင်း ဆိုတာ ရှိဦးမှာပါ” တဲ့
……………………………………………………………………………………………

No comments:

Post a Comment