သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 15 December 2012

တူမျှစိတ်

 သူ့အဖြစ်က ဒီလိုရယ်ပါ ကမ္ဘာမှာ အဆိုးသွမ်းဆုံး ဖြစ်ချင်လည်း ဖြစ်လိမ့်မည်၊
ဒါနဲ့ပဲ မိတ်ဆွေတွေ အများပြားကို သူဆုံးရှုံးရသည့် အဖြစ်နဲ့ ကြုံရချေသည်၊
တချို့လူတွေက ထင်ချင်လည်းထင်လိမ့်မည်၊ “ မာနက ကြီးထှာ” လို့

သို့သော် ထိုသို့ မဟုတ် ၊ ဒါသည်ပင် သူ့ရဲ့ စရိုက် တခုလိုဖြစ်နေချေပြီ၊
သူ မှတ်မိနေဆဲပါပဲ ၊ ဟော့ဒီရင်ဘတ်ကြီးထဲ နောင်တတွေ အသင်္ချေမက ထည့်သို မြုပ်နှံ ထားခဲ့လေရဲ့လေ………………..
တခါတလေ သူက ဘယ်သူ့ကို မှ စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် နေမိသည်၊
စာအုပ် ဖတ်နေတဲ့ အချိန်တို့ တခုခုကို ဈာန်ဝင်နေတဲ့ အချိန်တို့ဆို ပိုဆိုးသည်၊

ဘာကို မှမသိချင် ဘာကိုမှ မကြားချင် ………..
ထိုအခါ သူက မာနကြီးတဲ့ လူသား တယောက် ဘာမသိ ညာမသိ ဖြစ်ရလေ
‘ ကြီးကျယ်တာ’ လို့လဲ ကင်ပွန်းတပ်ကြသည်၊
တခါတလေ သူက ပျော်ပျော်နေတတ်သည် သူငယ်ချင်းတွေကို သူကြားဖူးတဲ့ ကမ္ဘာကျော် ကြီးတွေရဲ့ ဟာသဆန်ဆန် ဖြစ်ရပ်တွေ အကြောင်း ပြောရင်း အများသူငါလိုပင် သူက ရယ်သည်၊
ဥပမာ ပလေတို ကြီးနဲ့ အိမ်သူ သက်ထားတို့ရဲ့ အကြောင်းလို ဟာမျိုးတွေ
(သူက အရာအားလုံး မဟုတ်တောင် ဟိုတစ ဒီတစ တော့ စာပေ တီးခေါက်ဖူး၍ သိနေတတ်သည်)
ထိုအခါ သူ့ကို အများတကာက ငပေါ ကြီးလို့ ကင်ပွန်းတပ်ကြသည်၊
တခါတလေမှာလဲ သူက အမေရိကန် စာရေးဆရာကြီး ဟယ်မင်ဝေး ရေးတဲ့ indian canp လို ဝတ္ထုတိုတွေကို တယောက်ထဲ စဉ်းစားပြီး တယောက်ထဲ တိတ်တိတ် လေး မျက်ရည်ကျနေတတ်သည်၊
ထိုအခါ သူ့ကို
ဒီကောင် ရူးသွားပြီလား မသိဘူး တဲ့………….
ဒါပေမဲ့ သေချာပါသည်၊
ရူးလား မရူးလား တော့ သူ့ကို သူမသိ၊
ကိုယ့်ကိုယ်ကို မကြီးကျယ် တတ်တာတော့ သေချာပါသည်၊ ဟု သူက မှတ်ချတ်ချမိသည်၊
……………………….
တိုက်ဆိုင်တာပဲလား မသိ ဒီစာရေးနေတဲ့ အချိန် သူက ဖေ့ဘုတ်အကောင့်ကို ဖွင့်ထားမိသည်၊ (ညဉ့်နက်တဲ့ အထိ ကိုယ်မအိပ်သေးတာ လူတွေတော့သိကုန်တာပေါ့လေ)……..
ဒကာတယောက်က အရှင်ဘုရားလို့ လာခေါ်တာကို ပြန်မထူးမိ၊
ကိုယ်ပြန်ထူးမယ် လုပ်တော့ ဒကာက လိုင်းအောက်သွားလေပြီ၊
ဒါနဲ့ပင် သူက မာနကြီးတဲ့ လူသား တယောက် ထပ်ဖြစ်ရပြန်လေပြီ၊ အားနာပါ၏ ဒကာတော်……
ကဗျာ ဆရာ မောင်ချောနွယ် ရဲ့ လူကြိုက်နည်းတဲ့ ကောင်ဆိုတဲ့ ကဗျာလေးထဲက တပိုဒ်က တကယ်ဆို ကိုယ်နဲ့ တိုက်ဆိုင်လှသည်၊
“ပါးတဲ့ နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမယ့်
တကယ့် လက်တွေ့မှာ မကျင့်သုံး ဖြစ်လို့
လူတွေက ထူတယ်လို့
အထင်ခံရမြဲ ကောင်လေ..........”
...................................................................................
“လူအမျိုးမျိုး စိတ်အထွေထွေ ပါပဲ” တဲ့ ဒီစကားလုံးက အာဒမ်တို့ ခေတ်က စလာခဲ့တာ မဟုတ်ပေမဲ့ နှောင်းခေတ်မှာ ဘယ်သူက စတင် သုံးနှုန်းခဲ့လေသလဲ ဆိုတာ သူမသိ၊
ဒါပေမဲ့ ရွှေပြည်ကြီးမှာတော့ လူသုံးများတဲ့ စကား လုံး တလုံးပဲ မဟုတ်ပေလား…………..
လက်ရှိ ဖြစ်ပျက်နေတဲ့ တကိုယ်စာ ဖြစ်ပျက်လေးမှ ရုန်းထ
ငါ့ အမှန်တရားဟာ နွေခေါင်ခေါင်ကြီးထဲ ပူလောင်စွာ ထိုင် သက်ပြင်းတွေ တဗျင်းဗျင်း ချ
ငါ မသိမသာ ရေရွတ်မိတဲ့ ကဗျာက ထုံးစံအတိုင်း ကာရန်တွေ ပါမလာခဲ့
တကယ်ဆို ရတု ဧချင်း တွေလဲ ငါမပိုင်ခဲ့ပါကွယ်…………………
ဒီနေ့တော့ တလေလေနဲ့ ဆိုးလှတဲ့ ချောင်းသံတွေကို တွန်းလှန်ဖို့ အနောက်တိုင်းရဲ့ medicine အကူညီတွေ မယူမိသေး………………..
ကိုယ့် လည်ချောင်းနဲ့ ကိုယ် ချောင်းဆိုးတာတောင်
‘လူတွေဘက်လှည့် မဆိုးပါနဲ့ ကွ’ တဲ့
ဒါကလဲ လူ့ယဉ်ကျေး လောက အတွက် ပေးဆပ်လိုက်ရတဲ့ ကိုယ့်ရဲ့ အဖိုးအခ ဖြစ်ပါလိမ့်မယ်
Sigmundfread ရဲ့ စကားကို သူတွန်းလှန်ဖို့ မကြိုးစားမိတော့……….
ပြာရီဝေတဲ့ ကောင်းကင်ကြီးက တလဲ့လဲ့ တောက်ပနေဆဲလေ………
………………………………
အိန္ဒိယ ရဲ့ မိုးကောင်းကင် က ထုံးစံအတိုင်း ကိုယ်နဲ့ စကားပြောဖို့ အသင့်ရှိနေခဲ့ပြန်ပါပြီတဲ့
ဒီကို လာခါနီး အမေ့ရဲ့ စကားသံ တချို့ ကို တိမ်လွှာ တချို့က ပြန်ပြောပြ ပါတယ်၊
“ ငါ့သားရယ် နင့် မျက်တောင်တွေ ကုတ်မထားစမ်းပါနဲ့” တဲ့
သူ ပြုံးပြလိုက်သည်၊
သူ့ အပြုံးက တိမ်တွေ ကြားထဲ တိုးဝင် အမေ့ဆီကို ယူပေးသွားမည်တဲ့
ဗုဒ္ဓအရှင် တောင်မှ အာဠာဝက ဘီလူးရဲ့ ဒေါသ တွေကို သူ့ရှေ့မှာ ပန်းတွေ အဖြစ် ကြွေကြစေခဲ့တယ် မဟုတ်လား………………..
“ တခါတလေမှာ အချစ်ရဆုံး လူတွေဟာလဲ အမုန်းဆုံးလူတွေ ဖြစ်ချင် ဖြစ်သွားတတ်တယ် ကွ ၊ မင်းက ငါပြောတဲ့ စကားတွေကို ကြိုက်ချင်မှ ကြိုက်မယ် ၊ ဒါပေမဲ့ ထားလိုက်ပါ ငါက လွဲပြီး အဲ့လို မျက်လုံးတွေနဲ့ သူများတွေကို မကြည့်မိစေနဲ့”
ဘဝတဆစ် ချိုးဆိုတာကြီးထဲမှာ သူငယ်ချင်းဆိုတာ ကိုယ့်ကို ကောင်းတာလဲ ပေးမည်၊ ဆိုးတာလဲ ပေးမည်၊
ကိုယ်က ယူတတ်ဖို့ပင် ကိုယ် မကောင်းတာနဲ့ ပတ်ဝန်းကျင်ကို လက်ညှိုး ထိုးတတ်တာလဲ ကိုယ့်အပြစ်ကို
သူများကို ပုံချတတ်တဲ့ လူ့အနိမ့်စား တမျိုးပဲ မဟုတ်လား
သူ ဒုတိယ အကြိမ်မြောက် ထပ်ပြုံး မိလိုက်သည်၊
ထို အပြုံးသည် ထိုစကားကို ပြောပြခဲ့သည့် သူငယ်ချင်း အတွက် ဖြစ်စေသား……………..
ဘာပဲ ပြောပြော ဒီဂါထာ လေးကို ဖတ်မိတိုင်း ဗုဒ္ဓအရှင်ရဲ့ နူးညံ့တော်မူတဲ့ စိတ်နှလုံးကို အကြိမ်ကြိမ်
ဦးတိုက် မိနေဆဲ
“ မိမိအသက်ကို ရန်ရှာတဲ့ ဒေဝဒတ် အပေါ်မှာသော် လည်းကောင်း၊ အဂုင်္လိမာလ ကြီး အပေါ်မှာသော် လည်းကောင်း၊ ဓနပါလ အမည်ရတဲ့ ဆင်ပြောင်ကြီး အပေါ်မှာသော်လည်ကောင်း ၊ ရင်နှစ်သည်းချာ သားရတနာ ဖြစ်သော သားတော် ရာဟုလာ လေး အပေါ်မှာသော် လည်ကောင်း အလုံးစုံသော သတ္တဝါ ဝေနယျ တို့ အပေါ်၌ တူမျှသော စိတ် တူမျှသော နှလုံးသား ရှိတော်မူ၏”
ဒီတခါ တတိယ အကြိမ်မြောက် ပြုံးခြင်းသည် တစုံတယောက် အတွက် ဖြစ်ချင် ဖြစ်နေလိမ့်မည်။

No comments:

Post a Comment