သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 December 2012

ရာဇဂြိုလ်လမ်းမှာ အလွမ်းတွေနဲ့(၃)

“အခု တပည့်တော်တို့ သွားနေတဲ့ နေရာ က အရှင်မဟာကဿပကြီး ဦးဆောင်တဲ့ ပဋ္ဌမ သံင်္ဂါယနာ တင်ခဲ့တဲ့ နေရာလေးပါဘုရား”
စာသင်သား အချင်းချင်းမို့ ထူးထူးထွေထွေရှင်းပြစရာ မလိုပဲ ‘ အော်ဟုတ်လား ဘုရား’ ဟုပင် ပြိုင်တူရေရွှတ်မိကြသည်၊
တောင်ပေါ်မတက်ခင် အရင်ဆုံးတောင်ခြေရင်းမှာ ဟိန္ဒူ ဓလေ့ ထုံးစံအရ ဇာတ်နိမ့် ဇာတ်မြင့် ရေချိုးတဲ့ နေရာလေးက ဆီးကြိုလို့နေသည်၊
“ဟေ့ရောင် ဇာတ်နိမ့် မင်း ရေဝင်ချိုးပါလားကွ”
မိတ်ဆွေ ရဟန်းတော်ရဲ့ သူ့ကို လှမ်းနောက်လိုက်တဲ့ စကားကြောင့် သူက ပြုံးလိုက်သေးတယ်၊
ရေချိုးပုံက အဆင့်ဆင်ဖြစ်သည် ၊
ဇာတ်အမြင့်ဆုံးလူတွေက ချိုးချလိုက်တဲ့ ရေကို ဇာတ်လတ် တွေက ချိုးသည်၊
ဇာတ်လတ်တွေ ချိုးလို့ ကျလာတဲ့ ရေကို တဆင့် ဇာတ်အနိမ့်ဆုံး လူတွေက ချိုးလည်း ချိုးသည်၊ အဝတ်လည်း လျှော်ကြသည်၊ အန္တရာယ် ကင်းလေသည် ဆိုပဲ၊ သူ့အယူနဲ့ သူတော့ ဟုတ်နေသည်၊
တချို့ က ရေချိုးရုံနဲ့ အားမရ ပလုတ်တွေ ဘာတွေ ကောက်ကျင်းလိုက်သေးသည်(ဝေါ့)
တောင်တက်လမ်းတွေ စတက်ရပြီဆိုတာနဲ့ ကျိုက်ထီးရိုးဘုရားဖူးသွားတုန်းက တောင်ပေါ်ခြေလျှင် တက်ခဲ့ရတဲ့ အချိန်လေးကို သတိရမိသေးသည်၊
ကျိုက်ထီးရိုးတောင် ဘုရားဖူး တက်ခဲ့ရတုန်းက အလှုခံ မဏ္ဍပ် တွေနဲ့ တွေ့ရတဲ့ အချိန်က လွဲလို့ ကျန်တဲ့ အချိန်တွေက ပျော်စရာတွေချည်းပါပဲ ၊ သွားလေသူ ဒကာတော် စိုင်းထီးဆိုင်ကြီးလို ‘မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး’ ဆိုတာမျိုးဖြစ်၏၊
ဘုရားပေါ်က ဆင်းလာတဲ့ လူတွေ လမ်းမှာတွေ့တိုင်း ဘုရားရောက်တော့မည်လား မေးရသည်မှာ အမော…..
“ရောက်တော့မှာလားဗျ”
“ရှေ့တစ်ပြတင် ဦးဇင်း”
ဒီလိုနဲ့ တောင်သုံးတောင်ခန့် သူက မခိုင့်တခိုင် သဒ္ဓါတရားလေး လက်ထဲဆုပ်ပြီး ကျော်ဖြတ်ခဲ့ရလေသည်၊
(ဟူးးးးးး မောထှာ)
ဒါပေမဲ့ ခု သူတို့တက်နေရတဲ့ တောင်က ရာမည က အထင်ကရ တောင် မဟုတ်၊
ရာဇဂြိုလ် ထဲက ထေရဝါဒ အနာဂါတ်ကို အစပြိုးခဲ့တဲ့ ပိဋကတ်သုံးပုံ စတင် ရွတ်ဖတ်ရာနေရာ၊
တောင်တက်လမ်းလေးက ပြေလျှောလေး လုပ်ပေးထားတဲ့ အတွက် တက်ရတာတော့ သိပ်အခက်လှကြီးရယ်မဟုတ်တောင် နေခင်းကြောင်တောင် လူတကိုယ်လုံးကို
လောင်မြိုက်နေတဲ့ နေရောင်ကြောင့် သူတို့တဖွဲလုံး ပင်ပန်းနွမ်းနယ်နေခဲ့တာတော့အမှန်၊
တောင်က တောင်ဆို ဆိုပေမဲ့ တောင်ကတုံး ဆိုတော့ သစ်ပင်ရိပ် ဝါးပင်ရိပ် ချို့တဲ့ တဲ့လေးထဲပဲ သူတို့
သင်္ဂါယနာတင် ဂူဝ သို့ အမောအပန်း ရောက်လာခဲ့ကြလေသည်၊
အမှန်အတိုင်း ပြောရရင် ရဟန္တာ ငါးရာ တော့ ငါးရာ ဆန့်အောင် ဘယ်လို ထိုင်ခဲ့ကြတယ် မသိ ၊
သူတို့လို ဘာမှ မဟုတ်တဲ့ သာမင်ညောင်ည တွေသာ စုပေါင်း ထိုင်လိုက်ရင် ၅၀ တောင် အနိုင်နိုင် ထိုင်ရမည် ဟု သူက မှတ်ချက် ချမိသည်၊



ဂူထဲမှာ ပိတ်မှောင်လို့……….
အမှောင်ထဲမှာ အဲ့ခေတ်က နတ်ကောင်းနတ်မြတ် လေးတွေနဲ့များ ခလုတ်တိုက်မိလေမလား
သူက ကြံကြံဖန်ဖန် တွေးမိနေသေးသည်၊
အော် စစ်မှန်သော ထေရဝါဒသာသနာတော်ကို အစပြိုးခဲ့ရာ
“ငါ့ရှင်တို့ရေ ဘုရားရှင် ပညတ်ခဲ့တဲ့ သိက္ခာပုဒ်တွေကို လူတွေကလဲ သိတယ်ကွဲ့၊ ဒါကဖြင့် ရဟန်းတွေနဲ့ အပ်စပ် တယ်၊ ဒါကတော့ မအပ်စပ်ဘူး၊ တကယ်လို့ ငါရှင်တို့က သိက္ခာပုဒ်တွေကို လိုတိုး ပိုလျှော့ လျှောက်လုပ်ပြစ်ကြမယ် ဆိုရင် ဖြင့်၊ လူတွေရဲ့ ကဲ့ရဲ့ဖွယ် ဖြစ်တော့မယ်၊ အော် ရဟန်းတွေက ကွယ် ဘုရားပညတ်ခဲ့တဲ့ သိက္ခာပုဒ်တော်တွေကို ဘုရားရှင် ထင်ရှားရှိတုန်းကသာ သင်ယူ ဖြည့်ကျင့်ကြပြီး၊
ဟော ဘုရားလဲ ပရိနိဗ္ဗာန် ပြုရော ဝိနည်းသိက္ခာပုဒ် တွေ ဆိုတာ လေထဲ လွှင့်ပြစ် ကြကုန်တော့ပါလား ကွယ်ရို့ အခုလို ပြောစရာ ဖြစ်ကုန်ရာ၏၊ ဒါ့ကြောင့် ငါတို့သည် ဘုရားရှင် မပညတ်သော သိက္ခာပုဒ်တွေကိုလဲ ဆက်မပညတ်ပဲ ဘုရားရှင် ပညတ်ပြီးသား သိက္ခာပုဒ်တွေကိုလဲ မပယ်နှုတ်ကြလေပဲ ဆက်လက် ဖြည့်ကျင့်ကြပါကုန်လား”
ထိုသို့ဖြင့် အနာဂါတ် သာသနာတော် အတွက် လှမ်းမြင်တော် မူတဲ့ မြတ်စွာ ဘုရားရှင် က အရှင် မဟာ ကဿပ ကြီးရဲ့ ပုခုံးတော် ပေါ်သို့ ကိုယ်တော်တိုင် သူ့ရဲ့ ဒုကုဋ္ဋ်တော်ကြီးကို ချီးမြောက် ပေးအပ်တော် မူခဲ့လေသည်၊
တောင်ထိပ် ရောက်ခါနီးလေးမှာ မဟာဝီရ ဆိုတဲ့ ဂျိန်းခေါင်းဆောင် ဆရာကြီးရဲ့ ကျောင်းဆောင်လေးကို တွေ့ရသည်၊
ဟိန္ဒူကောင်လေး နှစ်ယောက်က သူတို့ကို လှမ်းခေါ်သည်၊ ဘာမဆိုင် ညာမဆိုင်
“ဟလို ဘန္တေဂျီးးးးးးးးးးးးးး မဟာ ဗီရ မဟာဗီရ”
ကျောင်းတော်ကို လက်ညှိုးထိုးလျှက်………..
သူတို့က ဘာမသိညာမသိပင် ပြန်နှုတ်ဆက်ရသည်၊
“ထိကေ ထိကေ”
အိန္ဒိယ ဘုရားဖူး တချို့က ပြုံးလျှက် သူတို့ကို ကြည့်နေသည်၊……….
အော် တောင်ပေါ်မှာတော့ လေလေး တဖြူးဖြူးနဲ့ အေးလို့ပါလားကွယ်………
…………………………………………………………………………………….
ငါ့ရှင်တို့ တခါတုန်းက ငါသည် ပါဝါပြည်ကြီးကနေ ကုသိနာရုံ ပြည်သို့ ရဟန်းငါးရာနှင့် အတူ ခရီးရှည် သွားနေသော အချိန် ဖြစ်၍ တခုသော သစ်ပင်ရိပ်ရဲ့ အောက် အမောပြေ ထိုင်နေခိုက် ….
တက္ကတွန်း တယောက်သည် လည်း မန္ဒာရဝ(ထင်းရှားပန်း) ကို ကိုင်၍ ကုသိနာရုံမှ ပါဝါ သို့ ခရီးဆက်နေ၏၊
ထိုအခါ ငါသည် အဝေးက လာသော တက္ကတွန်းကို မြင်၍ လှမ်းမေးလိုက်၏၊
“ငါ့ရှင် ငါ့တို့ ဆရာ ဗုဒ္ဓ ကို သိပါလေစ”
“အို သိပ်သိတာပါ့၊ ရဟန်းကြီး ဂေါတမ ပရိနိဗ္ဗာန် ပြုပြီး ၇ ရက်မြောက်လို့ ဒီပန်းကိုလဲ ငါသည် ထို အရပ်မှ ယူဆောင်ခဲ့ခြင်း ဖြစ်ပေ၏”
ထို တက္ကတွန်း၏ စကားကို ကြားကြားခြင်း ကိလေသာ မကုန်သေးသော ပုထုဇဉ် ရဟန်းတို့သည် လက်ကို မြောက် ၍ လည်း ငိုကြ ကုန်၏၊ ကမ်းပါးပြတ် ၌ သစ်ပင်အိုကြီး လဲ ကျသလိုလဲ လဲကျကြကုန်၏၊ ခန္ဓာကိုယ်ကိုလဲ မြေပေါ်၌ ထိုထိုအီအီ လူးလိမ့်လျှက် ငိုကြွေးကြကုန်၏၊
“အို ဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရားသည် လျှင်မြန်စွာပင် ပရိနိဗ္ဗာန် ပြုတော် မူလေပြီ၊ ကောင်းသော စကားကို ပြောဆိုပြီး ဆိုဆုံးမတော် မူတတ်သော မြတ်စွာ ဘုရားသည် လျှင်မြန်စွာပင် ပရိနိဗ္ဗာန်ပြုတော် မူလေပြီ၊ ဟော့ဒီ လောကကြီး၏ မျက်စိနှစ်လုံးသည် လျှင်မြန်စွာပင် ကွယ်ပလေပြီ၊” ဟု ဆိုကြကုန်၏၊
ရာဂ ကင်းပြီးသော အရှင်တို့ကား
“အော် သင်္ခါရတရားတို့သည် မမြဲကုန်စွ၊ မမြဲခြင်း သဘောတရားကို မြဲပါစေဟု ဘယ်မှာ ဆုတောင်းလို့ရနိုင်မည်နည်း” ဟု ရေရွတ်လျှက် သည်းခံတော်မူကြကုန်၏၊
ထိုအခါ ငါသည်……
“ငါ့ရှင်တို့ တော်ကြပါ၊ မငိုကြွေးပါလင့်၊ ဝမ်းမနည်းပါလင့်၊ ကိုယ်ချစ်ခင် နှစ်သက်သော သူတို့နှင့် ရှင်ကွဲ ကွဲခြင်း သေကွဲ ကွဲခြင်း ဘဝခြင်း ခြား၍ ကွဲခြင်း ဆိုပြီး ကွဲကွာခြင်း အမျိုးမျိုးကို ဘုရားရှင် ဟောကြားတော် မူခဲ့ပြီးပြီ မဟုတ်လော၊ ငါ့ရှင်တို့ အရာဝတ္ထု တခု၌ အသစ်ဖြစ်ပေါ်လာခြင်း၊ ပြုပြင်ပေးရခြင်း၊ ပျက်ဆီးခြင်းသဘောတရားကို မပျက်ဆီးပါစေလင့်ဟု ဘယ်မှာ တောင့်တ၍ ရနိုင်မည်နည်း၊ ရနိုင်ရိုး ထုံးစံလည်း မရှိ၊”
ငါရှင်တို့ ထိုအခါ သုဘဒ် မည်သော တောထွက်ကြီး တပါးသည် သံဃာ အလယ်မှ ထ၍
“အို ငါ့ရှင်တို့ရယ် ဘာငိုကြွေးနေစရာ ရှိလိမ့်မတုန်း၊ ရဟန်ကြီး ဂေါတမ အသက်ထင်ရှား ရှိစဉ်က ရဟန်းတို့ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ သိပ်ချုပ်ချယ်၏၊ ယနေ့ကား ငါတို့ လွတ်မြောက်ကြကုန်ပြီ၊ ရဟန်းကြီး ဂေါတမ လက်မှ ငါတို့ ကောင်းစွာ လှလှ လွတ်မြောက်ကြကုန်ပြီ၊ ငါ့ရှင်တို့ ပျော်ရွှင်ပါလော၊ ယနေ့မှ စ၍ ငါတို့ ကြိုက်တာ ငါတို့ လုပ်၍ ငါတို့ ဘဝကို ငါတို့ ဖန်တီးယူကြပါကုန်စို့”
ငါ့ရှင်တို့ရေ ငါတို့သည် အဓမ္မဝါဒီ တွေ လောက ၌ မထွန်းကားသေးခင် ဓမ္မဝါဒီတွေ အားမနည်းသေးခင်၊ဝိနည်းတရားတွေ မကွယ်ပ သေးခင် ၊ အဝိနယ ဝါဒီတွေ အားမကြီးသေးခင် ဓမ္မ နဲ့ ဝိနယ ကို စုပေါင်း ရွတ်ဆို ၍ သံင်္ဂါယနာ တင်ကြပါကုန်စို့၊
“ဘာလို့များ ဒီလောက် တောင်အမြင့်ကြီးပေါ် တက်ပြီး သင်္ဂါယနာ တင်ရတာလဲ မသိဘူးကွာ”
မိတ်ဆွေ ရဟန်းရဲ့ စကား အပြီးမှာ နောက်တပါးက ထပြောပါတယ်
“သူတို့က ရဟန္တာတွေ ချည်းပဲလေကွာ၊ ဈာန်နဲ့ ကြွမှာပေါ့”
ဒါလဲ ဖြစ်နိုင်တာပဲ……..
သူကတော့ ဘာရယ်ညာရယ်မဟုတ် လက်ကမြင်းကျောထတဲ့ အိန္ဒိယ တိုင်းကြီးသားတွေရဲ့ ဂူဝက စာတွေကို သိသလိုလို နဲ့ ခပ်တည်တည် လိုက်ဖတ်နေမိသည်၊
“အင်း တော်တော် လက်ဆော့တဲ့ ကုလားတွေပဲ”
ကိုယ်က ရေရွတ်လို့ မဆုံးသေး
ကို……. မ………. ဘုရားဖူးအဖွဲ ၂၀၀၈ ဆိုတာလေး ရေးထားတာ လေး တွေ့ပြီး
“ဟိုက် ဘာတုန်းဟ မှန်း ဒီစာက မြန်မာ လို ရေးထားတာပဲ”
အင်း ရွှေမြန်မာတွေက ဘယ်ရောက်ရောက် ဘာလုပ်လုပ် ကမ္ဗည်းထိုးတတ် တဲ့ အကျင့်ကတော့ အိန္ဒိယ တိုင်းကြီးသားတို့နှင့် တူလှပေ၏၊
“ဟွင်း ဟွင်း အိမ်နီးချင်း တွေလို့ ပြောရဘူး”
မျက်လုံးထဲမှာ ရွှေလူမျိုးတွေ စေတနာ သဒ္ဓါတရာ ထက်သန်စွာ အလကား ဝိုင်းဝန်း ထိုးပေးထားကြသည့် တက်တူး ဗရပွနဲ့ မင်းကွန်းခေါင်းလောင်းကြီးကို မြင်ယောင်ရင်း သူ ပြုံးမိနေဆဲ………..
‘အော် မမင်းဖြူ မှန်မှန်ပြောပါလေ’ တဲ့
တက်တူးတွေချည်းပဲ ချိန်လိုက်ရင်တောင် အဲ့လောက် မကလောက်၊
………………………………………………………………………………………………

No comments:

Post a Comment