သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 15 December 2012

တန်ဆောင်မုန်းနှင့် တစ်ထောင့်နှစ်ရာ…….


 သူ ငယ်ငယ် ရွာမှာ ကိုကျော်တင့် ဆိုတဲ့ ဘုန်းကြီးကျောင်း ကပ္ပိယကြီး တယောက်ရှိပါတယ်၊
တနေ့တော့ ရွာထဲက မင်္ဂလာဆောင်တခုမှာ ဘုန်းကြီးက ရှေဆုံးကနေ တရားထောက်နေတဲ့ ကိုကျော်တင့်ကြီးကို မေးပါတယ်၊
“ဒကာကျော်တင့် ခင်ဗျားက ဘုန်းကြီးရဲ့ ကပ္ပိယကြီး ဆိုတော့ဗျာ လင့်ကျင့်ဝတ်တရားငါးပါးတော့ သိမှာပေါ့”
“သိပါတယ်ဘုရား”
“ပြောစမ်းပါအုံးဗျ”
“ဘုရား တရား သံဃာ မိဘ ဆရာ ပါဘုရား”
“တိန်”
…………………………………………..
ဒီနေ့ ‘ ၉ရက် ၁၀လ ၂၀၁၂ ခုနှစ်မှာ’ ရွှေနိုင်ငံ သာသနာရေးကနေ အိန္ဒိယ သံရုံးမှ တဆင့် ကထိန် အတွက် ဆိုပြီး အိန္ဒိယ ကျောင်းသား သံဃာတော်တွေ အတွက် ဝတ္ထုငွေ တစ်ပါးကို ရူပီး တစ်ထောင့်နှစ်ရာဆီ အလှုခံရရှိပါတယ်၊ ဝါတစ်ဝါကျွတ်လို့ ပဝါရဏာကနေ ထွက်မြောက်ပြီးစ သံဃာတော်တွေ ဖို့ ဘယ်သွားသွား လွတ်လပ်စွာ သွားခွင့်ရပေတော့မည်၊
“ဝါဆိုခြင်း” ဆိုတဲ့ ပညတ်တော် မရှိစဉ်အခါက
 ရဟန်းတော်တွေက သာသနာတော် ထွန်းကားရေး အတွက် မိုးထဲလေထဲလဲ မနားမနေ ဒေသစာရီ ကြွချီတော် မူကြတော့၊
သစ်ပင်မှာ အသက်ရှိတယ် လို့ အယူဆရှိတဲ့ အိန္ဒိယ တိုင်းကြီးသား ဟိန္ဒူ ဘာသာဝင်လေးတွေက
“တယ် ငှက်တွေတောင် မိုးရာသီကြရင် မိုးခိုကြသေးတာပဲ၊ ဒီရဟန်းတွေကတော့ မိုးရာသီလဲ မရှောင် ၊ လယ်ကွင်းတွေ သစ်ပင်တွေကို နင်းဖြတ်ပြီး သူများအသက်ကို ညှင်းဆဲနေကြပါလား”
လို့ ပြောစကားကနေ စပြီး ဘုရားရှင်က “ ရဟန်းတွေ မိုးလေးလ တော့မိမိနေထိုင်ရာ ကျောင်းကနေ ဘယ်မှ မထွက်ရ ဝါဆိုကြရမည်” ဆိုပြီး ပညတ်တော် မူခဲ့ကြတာပါ၊
အိန္ဒိယ နိုင်ငံကြီးရဲ့ ထူးခြားချက်ကတော့ သစ်ပင်တွေ အလွန်ပေါတဲ့ နိုင်ငံကြီး ဖြစ်နေခြင်းပါပဲ၊
ဟိန္ဒူ အယူဆ အရရော နိုင်ငံတော်ကပါ သစ်ပင်ခုတ်ခြင်းကို တင်းတင်းကျပ်ကျပ် ဒဏ်ခတ် အရေးယူတဲ့ အတွက်ကြောင့် စိမ်းစိုနေတဲ့ နိုင်ငံကြီး ဖြစ်နေတာနေမှာပါ၊
စကားများအရ နယူးဒေလီ ဆိုတဲ့ နိုင်ငံမြို့တော်ကြီးဟာ အရင်က ကန္တာရ လွင်ပြင်ကြီး ဖြစ်ပြီး ကန္တာရ မြေပေါ်မှာ မြို့တည်ထားခြင်း ဖြစ်ပေ၏တဲ့၊( ဟုတ်မဟုတ်တော့ မသေချာ)
သို့သော်လည်း ခုတော့ အရမ်းတိုးတက်ပြီး ဥယျာဉ်ပန်းခြံတွေနဲ့ ကမ္ဘာကြီးပေါ်က လှပတဲ့ မြို့စရင်းထဲမှာ တခုအပါဝင်ဖြစ်နေခဲ့လေပြီ၊
တခါက အွန်လိုင်းပေါ်က ဒကာလေး တယောက်က မိမိ နေထိုင်နေတဲ့ နေရာကို မြေပုံပေါ်ကနေ ဘယ်လို ခြေရာခံမိသွားတယ်ရယ်မသိ၊
“ ဦးဇင်း ဦးဇင်းသီတင်းသုံးနေတဲ့ နေရာက သစ်ပင်တွေ အများကြီးပဲနော်”တဲ့
“ဟုတ်တယ်” ဟုပင် သူရိုးရိုးလေး ဖြေမိသည်၊
သူဖတ်ဖူးတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ပုဒ်ကတော့
“ Your planet need you”
သင့်ရဲ့ ကမ္ဘာဂြိုလ်က သင့်ကို အလိုရှိ၏၊
……………………………………………………..
ကထိန် အလှုတခု ဖြစ်ပေါ်လာလေတိုင်း အလှုရှင်တွေ စိတ်နှလုံး ဝမ်းမြောက်စေဖို့ အရေး ဆရာတော်တွေက ကထိန်အကြောင်း ဟောကြပြောကြ ရေးသားကြသည်၊ ကထိန် အာနိသင် ၅ပါး ဆိုသည်မှာလဲ လူတိုင်း သိနိုင်သော အချက်ဖြစ်ချင် ဖြစ်နေပေမည်၊ သို့သော် အပေါ်က သူသိဖူးတဲ့ ကပ္ပိယကြီး ကိုကျော်တင့်လို ဖြစ်နေမှာ စိုး၍ ထပ်ဆင့် ပြောပြရပေဦးမည်၊ လျှာ ရှည်တဲ့ ကိုယ်တော် ဟု ထင်လိုက ထင်စေတော့ကွယ်
ရဟန်းတို့အတွက် ကထိန် အာနိသင်(အကျိုး) ငါးပါးကတော့
၁။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ မြို့တွင်းသို့ သွားနိုင်ခြင်း။
၂။ တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း။
၃။ ဂဏဘောဇဉ်(ထမင်းစားပါ၊မုန့်စားပါဟု မစပ်အပ်သော စကားဖြင့်
ပြောဆိုပင့်ခြင်း)ကိုစားနိုင်ခြင်း။
၎။ အလိုရှိတိုင်း အဓိဌာန်၊ ၀ိကပ္ပနာ မပြုသောသင်္ကန်းကို ဆောင်နိုင်ခြင်း။
၅။ ထိုကထိန်ခင်းသော ကျောင်းတိုက် ၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့
အတွက်ဖြစ်ရခြင်း။ တို့ပဲ ဖြစ်ပါတယ်၊
လူတို့အတွက် အကျိုးငါးပါး ရှိပါသေးတယ်
၁၊၊ အတားစီး မရှိ မိမိ သွားလိုရာ သွားနိုင်၍ မင်းဆိုးမင်းဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခြင်း၊
၂၊၊ ဝန်ထုပ်ဝန်ပိုးမပါပဲ ပေါ့ပါးစွာ သွားလာရပြီး ရောက်တဲ့နေရာမှာ ချမ်းသာရခြင်း၊
၃၊၊ ရောက်လေရာ ဘဝ ခဲဖွယ်ဘောဇဉ် လို့ခေါ်တဲ့ စားစရာ သောက်စရာ ပေါများရခြင်း၊
၎၊၊ အဖိုးတန်ပြီး ခေတ်ပေါ် ဆန်းကြယ်တဲ့ အဝတ်စားများကို ဝတ်ဆင်ရခြင်း၊
၅၊၊ ကိုယ်ပိုင်တဲ့ ပစ္စည်း မှန်သမျှကို ရန်သူငါးမျိုး မှ မဖျက်စီး မလုယက်နိုင်ခြင်း၊ တို့ဖြစ်ပါတယ်၊
ဝါပ ကင်းလွတ်၍ သီတင်းကျွတ် ပဝါရဏာ ကင်းမြောက်လို့ ရဟန်းတွေလဲ လွတ်လပ်စွာ သွားလာခွင့်ရပြီ၊
မိုးခို ငှက်လေးတွေလဲ လွပ်လပ်စွာ ပျံလိုရာ ပျံကြလေပြီ၊
ဆောင်းရာသီကြီးကလဲ အပြုံးတွေနဲ့လွပ်လပ်စွာ ကြိုဆိုနေလေပြီ၊
ရွှေပြည်ကြီးမှာလဲ ……………………………….. ပြီ၊
ကထိန်ဒကာ ဒကာမတို့လဲ မိမိတို့ခင်းခဲ့တဲ့ ကထိန် အလှုအတွက် လွပ်လပ်စွာ ဝမ်းမြောက် သာဓုခေါ် အမျှ ပေးဝေနိုင်ကြစေကွယ်……………………….

No comments:

Post a Comment