သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 11 August 2013

တစ်ကိုယ်ရေ ညများ..........


ရန်ကုန်မိုးရဲ့ ပက်ပက်စက်စက်ကြား တစ်ပါးနေ ခန်းကျဉ်းလေးဟာ
နိုင်းမြစ်ဝှမ်းက ပိရမစ် တစ်ကောင်ရဲ့ တိတ်ဆိတ်ခြင်းမျိုးနဲ့ တုတ်တုတ်မျှ မလှုပ်၊
ဘဝမှာ တခါတလေ တစ်ယောက်တည်းနေရတာ နားငြီးသက်သာ ချင် သက်သာ လိမ့်မယ်၊
ဒါပေမဲ့ သရဲတော့ ကြောက်သားပေါ့၊
တိတ်ဆိတ်ခြင်းတွေ ကို ကန်ထရိုက် ဆွဲထားတဲ့ သုံည ဆန်ဆန် ရန်ကုန်က မဇ္ဈိမ ပြန် ကိုယ့်အတွက်တော့ ကြောင်တောင်တောင် နိုင်လှတာ ပြောစရာတောင် လိုမယ်မထင်၊
တကယ်တော့ ရန်ကုန် မြို့လည်ခေါင် ကျောင်းပေါ်တတ်ပြီး အရညဝါသီ လုပ်ရတာ ခပ်ပေါပေါတော့ ဆန်နေမလားပဲ ။
…………………………………………………
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်လောက်က မထေရ်ကြီးတစ်ပါးရဲ့ တစ်ကိုယ်ရေ နေ့များထဲ တိုးဝင်ကြည့်တော့
သဒ္ဓါစိတ်နဲ့ ပီတိက ကိုယ် ခန္ဓာ အနှံ့ ကျဲဖြန့်လို့သွားသည်။
ဗုဒ္ဓရှင် ဟောကြားတော်မူတဲ့ ဓမ္မကို အဦးဆုံး ထိုးထွင်း၍ သိတော်မူတဲ့ အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးရဲ့ အကြောင်းဟာ ပိဋကတ် နေရာတော်တော်များများ ဆိတ်သုန်းနေခဲ့တာပါ၊
သိုသိုသိပ်သိပ်နေတော်မူတတ်တဲ့ ထေရ်ရှင်ဟာ သာသနာတော်မှာ အဦးဆုံး ရဟန်းအဖြစ်သို့ ရောက်ခဲ့တာ ဖြစ်သလို အဦးဆုံး ဓမ္မကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဗုဒ္ဓရှင်တော် သက်တော်ထင်ရှားရှိတော်မူစဉ်အခါက မိမိပါရမီတွေ အလိုက် အဂ္ဂသာဝ မဟာသာဝက ပကတိသာဝက ဆိုပြီး သာဝက သုံးမျိုးကွဲပြားပါတယ်၊
အဂ္ဂသာဝက ဆိုတာ အမြတ်ဆုံး တပည့်နှစ်ပါးဖြစ်တဲ့ လက်ဝဲတော်ရံ လက်ယာတော်ရံ အရှင်နှစ်ပါးပါ၊
မဟာသာဝက ဆိုတာ ထေရ်ကြီးဝါကြီး မထေရ်များဖြစ်တဲ့ အရှင်ယသ အရှင်မဟာကဿပ နဲ့ အရှင်ကောဏ္ဍညတို့ ပဉ္စဝဂ္ဂီ ငါးပါး စသည့်ထေရ်ရှင်များ ဖြစ်ပြီး၊
ပကတိသာဝက ဆိုတာကတော့ အခြားထေရ်စဉ်ဝါလိုက် သံဃာတော်တွေပဲ ဖြစ်ပါတယ်။
ဗုဒ္ဓရှင်သာသနာရဲ့ ထုံးစံအရ ဆွမ်းခံကြွတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ နောက်တော်ပါး ထေရ်စဉ်ဝါလိုက် စီတန်းပြီး ကြွရပေမဲ့ တရားဟောတဲ့ အချိန် ပရိတ်သတ်နဲ့ အညီထိုင်တော်မူတဲ့ အခါမှာတော့ ဗုဒ္ဓရှင်ဟာ အလယ်ဗဟိုဓမ္မပလ္လင်မှာ ထိုင်ကာ ဘုရားရှင်ရဲ့ ညာဘက်မှာ အရှင်သာရိပုတ္တရာ၊ ဘယ်ဘက်မှာ အရှင်မဟာမောဂ္ဂလာန် တို့က ထိုင်တော်မူပြီး အဲ့နောက်မှာမှ ထေရ်စဉ်ဝါလိုက် အစဉ်တိုင်း ထိုင်တော်မူကြရတာပါ။
ဒါပေမဲ့ သာသနာတော်မှာ ဝါ အရရော သိက္ခာအရရော သက်တော်အရပါ ကြီးရင့်တော်မူသူလည်း ဖြစ်၊
နဂိုပင်ကိုယ်ဓာတ်ခံ စိတ်ရင်းအရလည်း မထေရ်မြတ်ကြီးပေါ်မှာ ကြည်ညိုရင်းစွဲရှိတဲ့ အဂ္ဂသာဝက အရှင်နှစ်ပါးဟာ အရှင်ကောဏ္ဍည မထေရ်မြတ်ကြီး ရှေ့မှာ နေရာယူရတာ ရှက်နိုးအားနာတော်မူသတဲ့။
ဒါကို သိတော်မူတဲ့ ထေရ်ရှင်က
“အဂ္ဂသာဝက ထေရ်ရှင်တွေဆိုတာ သာသာနာတော်မှာ မြတ်စွာဘုရားပြီးရင်း ပါရမီတော် အရှည်ကြာဆုံး တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရတာ ဖြစ်သလို၊ လောကအကျိုး သာသာနာ့အကျိုးကိုလဲ ဗုဒ္ဓရှင်ပြီးရင်း အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ဒီလိုပုဂ္ဂိုလ်မြတ်တွေဟာ ငါ့ကြောင့် ရှက်နိုးအားနာ အနေထိုင်ခက်နေတာဟာ မဖြစ်သင့်တာပဲ”
လို့ တွေးတော်မူပါတယ်။
နောက်ပြီး ဗုဒ္ဓရှင်ဆီ ဆည်းကပ်ဖူးမြော်ကြတဲ့ လူ နတ် ဗြဟ္မာ တွေဟာ ဗုဒ္ဓရှင်ဆီက အပြန်၊ တပည့်ဦးဖြစ်တဲ့ မထေရ်မြတ်ကြီးဆီကို ဝင်ဝင် ဖူးမြော်ကြပါသတဲ့။ ဧည့်သည်လာပြီ ဆိုတာနဲ့ ဓမ္မစကားပြော အာလာပ သလ္လာပ ပြောနဲ့ အလုပ်ပို တစ်ခုလို့ ယူဆပြီး၊ အရိယ ဝိဟာရလို့ ခေါ်တဲ့ ဖလသမာပါတ်ဝင်စားပြီး တိတ်တိတ်ဆိတ် တစ်ပါးတည်း သီတင်းသုံးလိုတဲ့ အရွယ်အို မထေရ်မြတ်ရဲ့ နေဝင်ချိန်တွေမှာ ဆိတ်ငြိမ်စွာ ဖြတ်သန်းသွားလိုစိတ် တဖွားဖွား မထေရ်မြတ်ရဲ့ သန္တာန်တော်မှာ ဖြစ်တည်နေခဲ့တာ နေ့ပေါင်းများစွာပါ။
တနေ့မှာတော့ ဒီလို အကြောင်းပြချက်နှစ်ချက်နဲ့ မထေရ်မြတ်ဟာ
လူသူလေးပါး ကင်းတဲ့ ဆဒ္ဒန်ရေအိုင်အနီး သွားရောက်နေထိုင်ခွင့် ဗုဒ္ဓရှင်ဆီ ပန်ကြားပြီး ဆဒ္ဒန်အိုင်အနီး မဏ္ဍာကိနီ လို့ခေါ်တဲ့ ရေကမ်းဆိပ်မှာ တစ်ပါးတည်း သွားရောက် သီတင်းသုံးတော်မူခဲ့ပါတယ်။
အဲ့ဒီအရပ်ဟာ ပစ္စေက ဗုဒ္ဓါ အစဉ်ဆက် သီတင်းသုံးခဲ့တဲ့ နေရာဖြစ်လို့ ကမ်းဆိပ်နားမှာရှိတဲ့ ဆင်ပေါင်း ရှစ်ထောင်တို့ဟာ အရိယာ သူတော်စဉ်များကို ချိုးရေ သောက်ရေ သုံးရေ သစ်သီးဝလံများပါ ဆက်ကပ် လုပ်ကြွေးတတ်ကြပါသတဲ့၊ အနီးနား ဟိမဝန္တာ ကေလာသ တောင်မှာ နေတဲ့ နာဂဒတ္တလို့ခေါ်တဲ့ နတ်သားကလဲ ထောပတ်နို့ဆွမ်းတွေနဲ့ ဆက်ကပ်ပူဇော်ပါသတဲ့။
မထေရ်မြတ်ဟာ အဲ့ရွာလေးမှာပဲ ၁၂ နှစ်တိုင်တိုင် သီတင်းသုံးတော်မူပြီး
အာယုသင်္ခါရ လွှတ်တော်မူခါနီး နောက်ဆုံး အချိန်မှာတော့ မြတ်စွာဘုရားထံ လာရောက်ကာ “တပည့်တော် ကောဏ္ဍည ဖြစ်ပါတယ် ဘုရား” လို့ မိမိ အမည်နာမ ကို ထုတ်ဖော်လျှောက်ကြား ကန်တော့ပါတယ်။
မထေရ်မြတ်ကြီးကို မသိမှီကြတဲ့ ရဟန်းငယ်လေးတွေက “ဘယ်က ရဟန်းအိုကြီးပါလိမ့်ဟ” ဆိုပြီး ပြစ်မှားမိကြမှာ စိုးတော်မူတဲ့ အတွက် မိမိနာမည်ကို ထုတ်ဖော်လျှောက်ထားရခြင်းဖြစ်ပါတယ်တဲ့။
ဧကစာ ရဟန်းမြတ်တစ်ပါးရဲ့ တိတ်ဆိတ်ခြင်းမျိုးက တကယ့်ကို မြင့်မြတ်လှတာပါ ။
ဘာပဲ ပြောပြော တွေးမိတိုင်း တွေးမိတိုင်း မထေရ်မြတ်ကြီးရဲ့ သာသနာတော် အကျိုးအတွက် ညီနောင်တွေပေါ်ကို ငဲ့ညှာ တော်မူတဲ့ စိတ်၊
မိမိ ဂုဏ်သတင်းအတွက် စိုးစဉ်းမျှ ငဲ့ကွက်တော် မမူပဲ အရာရာကို စွန့်လွှတ် အနစ်နာ ခံရဲတဲ့ စိတ်၊
အကြိမ်ကြိမ် လက်အုပ်ချီ ဦးညွှတ် မဆုံး
အတူနေ သဒ္ဓိ ဝိဟာရိက သူငယ်ချင်းတွေက အခန်းကျဉ်းလေးထဲ တစ်ပါးတည်းနေတဲ့ ကိုယ့်ကို အားပေးကြသည်၊
“ကိုယ့်လူ တစ်ပါးတည်းနေတာ မကြောက်ဘူးလား၊ ကိုယ့်လူနေတဲ့ အဆောင်မှာ သရဲ ရှိသဗျ၊ သုံးကောင်တောင်ဗျ သုံးကောင်တောင်၊”
ဘာပဲ ပြောပြော ပုထုဇဉ်ရဟန်းတစ်ပါးမှာ ထိန့်လန့်မှု ဆိုတာ ရှိပေမဲ့၊
‘မမှုပေါင်’ ဆိုတဲ့ အထာနဲ့ ပြုံးပြုံးလေးပဲ နေပေးခဲ့ရတာပါ၊
………………………………………………………………………………
အင်းဝခေတ်ရဲ့ မင်းဆရာ တောင်ဖီလာ ဆရာတော်ဘုရားကြီးက တစ်ပါးတည်း တိတ်ဆိတ်စွာ သီတင်းသုံးတော်မူနေတဲ့ ရွှေဥမင် ဆရာတော် ဘုရားကြီးကို
“ငါရှင့် တစ်ပါးတည်း သီတင်းသုံးနေတယ်၊ မကြောက်ဘူးလား ဗျာ”လို့
ရိုးရိုးကြီး မေးတော်မူတော့
“ကြောက်၍ပင် တစ်ပါးတည်း နေ၏၊ ငါ့ရှင်တို့များ ပရိတ်သတ် လေးပါးကြား မင်းဆရာ လုပ်နေတော်မူတာ သတ္တိကောင်းပါပေ့ဗျာ”
လို့ ပြန်ဖြေတော်မူပါသတဲ့။
ကိုယ့်မှာရှိတဲ့ ကြောက်ခြင်းတရားတွေက သူတော်ကောင်းကြီးတွေ မြင်တော်မူရင် ကဲ့ရဲ့ချင်စရာ ဖြစ်နေမှာပါ၊
သို့ပေမဲ့ ကားမောင်သံတွေကြား ကိုယ့်အခန်းငယ်လေးက တိတ်ဆိတ်ကျလို့
အကြောက်တရားတွေဆီ လမ်းလွှဲ မသွားအောင်ပဲ သမာဓိတွေ ခိုင်မာနေဖို့ လိုအပ်နေဆဲ ဆိုတာ
ထေရ်ရှင်သူတော်ကောင်းကြီးများရဲ့ တကိုယ်ရေ နေ့များဆီသို့ လှမ်းမျှော် ဦးညွှတ်လျှက်…………………
(သာကီလုလင်)

1 comment:

  1. အရှင်ကောဏ္ဍည မထေရ်မြတ်ကြီး ဆိုတဲ့ ဧကစာ ရဟန်းမြတ်တစ်ပါးရဲ့ တိတ်ဆိတ်ခြင်းမျိုးကို သိခွင့်ရလို့ ၀မ်းသာမိရပါတယ် ...

    ReplyDelete