သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 2 March 2013

လမိုက်ည ၁၃၅



ရိုးမြေကျ မြေကြီးနဲ့ ကောင်းကင်ကြား
အရိုးတွေ ပြာရီ လွင့်ကျ

ဆိုနေကြသီချင်းတွေထဲ ခါးသက်သက်
ကဗျာတွေ မလောင်းထည့်လိုက်ပါနဲ့လား
ကတိစကားဆိုတာ ယောက်ျားမှန်မှ တည်ရမယ်လို့
ဘယ်ရာဇာ ဘယ်ကမ္ဘာက စတင် အရစ်တည်ကျခဲ့လေသလဲ

သိသင့်တာ
သစ္စာ ဆိုတာ ချစ်သူတွေ ကြားထဲမှာသာ
သီးပွင့်တတ်တဲ့ ပန်းသီး တလုံး မဟုတ်ဘူးဆိုတာ
“မင်းမှာ သစ္စာ”  ဆိုပြီး ကတိမတည်တဲ့ မင်းတုန်းမင်း ရဲ့
အမိန့်တော်ပြန်တမ်းလို တောင်စဉ်ရေမရတွေ
ပြောကာ ကျောကာ

ငါ့တို့ နောက်ကျောတွေမှာ
ဓားသွားတွေက ချွန်မြမြ
မျက်ရည်ကိုတောင် လွပ်လပ်ရေးရမှ
ဆက်ကျခွင့် ပေးမှာပါသတဲ့လေ

ငါကတော့ ဘယ်လို ဒီမိုကရေစီ လာလာ
ကိုယ့်ကျိုးရှာ တတ်တဲ့ ဆောင်းညကြီးထဲက
လူတွေကို မုန်းချင်လာတယ် …………..

ငါကတော့ ဘယ်လို ဒီမိုကရေစီ လာလာ
စပါးပင်တွေကို ရန်ရှာတတ်တဲ့ တံစဉ်တွေကို
မုန်းချင်လာတယ်………

ငါကတော့ ဘယ်လို ဒီမိုကရေစီ လာလာ
အနောက်ဖက်တခါးမှာ ဝပ်တွား အော်မြည်နေတဲ့
ဝက်မ တသိုက်ကို မုန်းချင်လာတယ်……….

ဒါသည်ပင် ငါ့အတ္တအတွက် အကောင်းဆုံး အမှန်တရားတွေလား
မရေရာ
ကဲ ဂျိုးဇက်ရေ မင်းလဲ ဝိပဿနာ ကြီးထဲက ခုန်ထွက်
ငါလည်း လက်သန်းအဋ္ဌကထာ ထဲက ရုန်းကြွလို့
ရွှေဝါရောင် သွေးစကားတွေ ကို အစပြန်ဖေါ်ကြလေမလား

သူတော်ကောင်း လုပ်မလား
သူရဲကောင်း လုပ်မလား
သမိုင်းအဆက်ဆက် ကျေးဇူးတင်လွယ်တဲ့ ဟော့ဒီ ၁၃၅လမ်းကြား……….

No comments:

Post a Comment