သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 14 October 2013

*ချစ်ခြင်း ကောက်ကြောင်း*



“နောက်ဘဝကို မျှော်ငေးရတာ
ညများ ဆန်နေမလား
အချိန်နဲနဲလောက် ရမယ်ဆို
လေးဘက်လေးတန် နံရံကိုငေး
ရဟန်းတစ်ပါးရဲ့ ဖရိုဖရဲတွေ တွေ့လိမ့်မယ်”
                                                                     ရှင်မားရု(ဂါထာ)

မြည်းတကောင် ရဲ့ ကျီးကန်းတောင်မှောက်တွေမှာ ကြည်ပြာရောင် ခွါလှလှလေးတွေက မြစ်ကမ်းဘေး ဆည်းဆာရောင် လွှမ်းနေတဲ့ မြက်ခင်းပါးတွေနဲ့ ဘယ်လောက် လိုက်ဖက်လိုက်သလဲ၊
သူမရဲ့ နှုတ်ခမ်းပါးတွေနဲ့ ရိတ်သိမ်းလိုက်တိုင်း ကိုယ့် အသက်ရှုသံတွေ ပါးပါး ပါးပါးလှီးနွှာခံနေရတယ်၊
သူမ က နက်မှောင်ကော့နေတဲ့ ပန်းတုံးရောင် လည်ဆံလွှာတွေကို လှစ်ခနဲ ကောင်းကင်ပေါ် တချက်ပြစ်တင်လိုက်ရင်း ကိုယ့်ကို သာမန် မျက်လုံးတွေနဲ့ ဂဃနဏ ကြည့်နေတယ်၊
“ရှင် ဘယ်က လာတာလဲ” (ပျားရည်စက် ဝတ်မှုန်တွေကျဲထားတဲ့ ချိုမြမြ အသံ)
ကိုယ်  ဣနြေ္ဒ သိသိသာသာ တစ်ချက်ပျက်သွားသည်၊ ပြန်ဆည်လိုက်တယ်၊ တည်ငြိမ်လောက်ပြီ၊
“ဟိုလေ ဘနားရပ်စ်ကပါ”
(ဟင်ဒီ စပိ မပီမသနဲ့ ကိုယ်အသံက  တစ်တစ်ခွခွ၊ ဟိုလေ ဆိုတဲ့ အာလုပ်ဝါကျကို အစပြုမိတဲ့အတွက် ကိုယ် ဣနြေ္ဒ ပျက်တာ သိသွားလေမလား၊ ကိုယ့်ကိုကိုယ်ပဲ ရင်ထဲ ကြိတ် အပြစ်တွေ တင်နေမိတယ်။)
“For what”  (သူမက ဟင်ဒီမဟုတ်တဲ့ speaking တမျိုးကို သုံးရင် စိတ်ဝင်တစား၊ အင်း ဘာမှတော့ မဆိုင်ပါဘူး၊ အဲ့လို မင်း စပီကင် ညပ်သုံးလိုက်တိုင်း ကိုယ် ရူးလောက်ရဲ့၊)
“Distribution ကိစ္စနဲ့” (ကိုယ်ကလဲ အားကျမခံ)
သူမ ရဲ့ နှုတ်ခမ်းထက်မှာ ကျေနပ် အပြုံးက ပါးပါးလေး ပျံဝဲသွားတာ ကိုယ်မြင်လိုက်သလားပဲ၊
“ဒါဆို ရှင်က ဒီ ကုန်ပစ္စည်းကြီးတွေ ပုခုံးပေါ်ထမ်းပြီး ခရီးမိုင် ဘယ်လောက် အထိ အသွား အပြန်လုပ်ရလဲ” (ဗုဒ္ဓေါ သူမရဲ့ ရှေ့မှာ ကိုယ် အင်တာဗျုးတွေ ဖြေနေရပါလား၊)
“၇ ယူဇနာပါ ညီမ” (နှစ်ယောက်ကြား ရင်းနှီးမှု ပို နီးကပ် လာအောင် ကိုယ်က သတိကြီးကြီးနဲ့ ‘ညီမ’ ဆိုတဲ့ စကားကို ဆွဲသုံးလိုက်တယ်။)
သူမ က ကိုယ့်ကို ကြည့်နေတယ်။ပြီးတော့
“ရှင် ဒီလောက်ထိ  ခရီးမိုင်တွေ သွားနေတာ ရှင်ပြန်လာရင် အမောပြေစေတဲ့ သူရော ရှင်မှာ ရှိရဲ့လား”
Gf ကိုမေးကြောင်း သဘာဝ အတတ်ပညာအရ မပြောပဲ ကိုယ်သိလိုက်တယ်၊ ကိုယ်ဖြေရ နည်းနည်း ကျပ်သွားတယ်၊
“မရှိပါဘူး ညီမ”
ဒီတခါ သူမ ဘာစကားတစ်ခွန်းမျှ မဆို၊ အတန်ကြာတဲ့ အထိ ကိုယ့် မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ တခုခုကို စူးစမ်းနေပုံပဲ၊
ပြီး သူမ ဆီက ကရုဏာ ဆွတ်ထားတဲ့ အာမေဋိတ်သံ တခု၊ ကိုယ့် အားအင် တွေကို ဆွဲငင်ယူသွားသလား အောင့်မေရတယ်၊
“ရှင် အရမ်း ပင်ပန်းရှာမှာပဲနော်”
မြည်းနှစ်ကောင်ကြား တိတ်ဆိတ်မှုက ယောဂီရောင် ဝတ်ပြီး လမ်းသလား နေလေရဲ့…………
…………………………………………………………………………………………………….
သိပ်မကြာပါဘူး ကိုယ့် သခင် ရောက်လာတယ်၊ ဆည်းဆာရောင်က ဖျော့တော့တော့
“သား ပြန်ကြစို့” (ကိုယ် မပျော်ဘူး၊ ‘တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေပြီလား မကော်နီ’ ရေ)
“သခင် ပြန်ပါတော့ဗျာ၊ ကိုယ် မလိုက်တော့ဘူး၊” (မင်း အတွက်နဲ့ ကိုယ် စပြီး ဆန့်ကျင်ပြီ)
သခင် က ကိုယ့်ကို တတွတ်တွတ်ခေါ်တယ်၊ ကိုယ်က ဘူး ခံတယ်၊
ကြာတော့ သခင့်ရဲ့ စိတ်ထဲမှာ ကိုယ့်ကို ကြောက်အောင် လုပ်ပြီး ခေါ်မှ ရမယ် ဆိုတဲ့ အတွေးမျိုး ဝင်သွားပုံရတယ်၊ သခင့်အသံက မာ လာတယ်၊
“အေး မင်း မလိုက်ရင် မင်းကို ကြိမ် နှင်တံ ဒဏ်ရာတွေ အသားထဲ နစ်သွားအောင် ဆော်ပြီး ခေါ်မယ်၊”
ကိုယ် မကြောက်တော့၊ ဘာမှ မကြောက်တော့ပါဘူး ကောင်မလေး၊
“သတ္တိရှိရင် လုပ်လိုက်စမ်းပါ၊ ခင်ဗျားသာ ကျုပ်ကို အဲ့လို ရိုက်ရင် ကျုပ်ကလဲ ရှေ့ခြေကို မြေမှာထောက် နောက်ခြေကို အားကုန်လွှဲ ခင်ဗျားရဲ့ သွားတွေကို အပြွတ်လိုက် ကျွတ်ကျစေရမယ်”
သခင့်ရဲ့ စူးစမ်းမျက်လုံးတွေ ကိုယ့်ရဲ့ ဘေးဘီ နံဝဲကို ရောက်လာတယ် လို့ ကိုယ်ထင်လိုက်တယ်၊
ကိုယ့် သခင် ပြုံးတယ်၊ လျှိုဝှက်သော အပြုံး
အသံက ခုနကနဲ့ so so different သွားတယ်၊
“သား”
ကိုယ် မျက်နှာကို ရှစ်ခေါက်ချိုးထားတယ်၊ မရဘူး လာချော့လို့ရမယ် မထင်နဲ့
“ငါ့သားသာ တကယ်လို့ ငါနဲ့ ပြန်လိုက်မယ်ဆိုရင် ခြေထောက်လေး လေးချောင်းက ခရုသင်းလေးလို ဖြူဖွေးပြီး အရမ်းလှတဲ့ ကလေးမ တယောက်ကို ငါ့သားအတွက် အဖေ ရှာပေးမယ်၊ ဟုတ်ပြီလား”
ကိုယ့် သခင်ကို ကိုယ် မျက်လုံး ဝင့်ကြည့်လိုက်တယ် ၊ ဟုတ်မှ ဟုတ်ပါ့မလား၊ မျက်လုံးထဲမှာ အဖြေရှာနေတယ်၊ဟုတ်တယ် လူဆိုတာ ကိုယ်တို့လို တိရစ္ဆာန် လောကသားတွေလောက် ယုံရတာ မဟုတ်ဘူးလေ၊ သခင်ကတော့ ပြုံး ပြုံး လေးနဲ့ ကိုယ့်ကို မေးဆတ်တယ် ‘ဘယ်လိုလဲ’ ဆိုတဲ့ သဘော
“ကတိနော်”
“ကတိပေါ့ သားရဲ့”
“ခင်ဗျား ကတိသာ တည်စမ်းပါစေ၊  တနေ့ ၇ ယူဇနာ သွားနေတာကနေ နှစ်ဆ တိုးပြီး ၁၂ ယူဇနာ သွားပြမယ်ဗျ”
သခင့်ရဲ့ လက်ဖဝါးတွေက ကိုယ့် လည်ဆံမွှေးတွေကြား နုညံစွာ ပြေးကစားရင်း ကိုယ့်ကို ခေါင်းညိတ်ပြတယ်။
ကိုယ် တက်ကြွလာတယ်၊ ကိုယ့်မှာ အားတွေ ပြန်ပြည့်လာသလို ခံစားရတယ်၊
……………………………………………………………
ဘနားရပ်စ်(ဗာရာဏသီ) ကို ပြန်ရောက်ပြီ၊ တစ်ရက် နှစ်ရက် သုံးရက် သခင်က တုတ်တုတ်မျှ မလှုပ်၊
ကိုယ် စိတ်ပူရပြီ၊ သခင် တကယ် ကတိမတည်တော့ပြီလား ‘ယောက်ျားမှာ ကတိ’ ဆိုပြီးတော့များ၊
“ခင်ဗျား ကျွန်တော့ အတွက် မိန်းမ ရှာပေးမယ် ဆိုဗျ ခင်ဗျားကြီး လူကြီးလုပ်ပြီး ကတိ မတည်တာလား”
ကိုယ့် အပြောကြောင့် သခင်က ကိုယ်စားဖို့ အစာတွေ ထည့်ပေးနေရင်းက မော့ကြည့်တယ်၊
“ မလိမ်ပါဘူး သားရဲ့”
သခင့် မျက်နှာက တည်တည် ငြိမ်ငြိမ်၊ ကိုယ့် စကားမစပ်ခင် သခင်က ဆက်ပြောတယ်၊
“ဒါပေမဲ့ မင်းကို ငါ အစာ တနေ့ကို တကောင်စာပဲ ကျွေးနိုင်မယ်၊ မင်းမိန်းမ လာရင်လည်း မင်း ဝေစု တကောင်စာထဲကပဲ မင်းဟာမင်း ခွဲကျွေးရမယ်၊ အေး မင်းနဲ့ မင်းမိန်းမ နဲ့ ပေါင်းသင်းပြီး ရလာတဲ့ ကလေးတွေလဲ မင်းတကောင်စာ ဝေစုထဲကပဲ မင်းဟာ မင်း ခွဲကျွေးရမယ်၊ ငါနဲ့ မဆိုင်ဘူး၊”
ကဲ ဘယ်လောက် ခွကျတဲ့ သခင်လဲ၊ တကောင်စာပဲ ပေးနိုင်မတဲ့၊ အဲ့လိုကျတော့လဲ မဖြစ်သေးဘူးလေ၊
ကိုယ် စားဖို့ တကောင်စာလေးကို နောက်ထပ် နှစ်ကောင် သုံးကောင် ထပ်ခွဲကြွေးရမယ် ဆိုတော့၊ ခဏ တဖြုတ် တရက်နှစ်ရက် ဆို ကိစ္စ မရှိ၊ နေစဉ်ရက်ဆက်ကြီးကျတော့လည်း၊ ကိုယ်စဉ်းစားရပြီ။
“အာ အဲ့ဒါမျိုးတော့ ဘယ်ရမလဲ ဗျ”၊ သတ္တဝါတိုင်းဟာ ကိုယ့်ကိုကိုယ်တော့ စေတနာ အရှိဆုံးပဲ ဟာ၊
“အဲ့ဒါ ဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူးဟေ့၊ မင်း သိပ်လိုချင်နေပါတယ် ဆိုရင်တော့လည်း ငါ ရှာပေးရမှာပေါ့ ၊ အဲ ဒါပေသိ ငါကတော့ တစ်ကောင်စာပဲ အစာပေးမှာနော်”
ကိုယ် တကယ် စိတ်ပျက်သွားတယ်၊ သက်သက် အနိုင်ကျင့် ခံရမှန်း သိပေမဲ့လည်း ကိုယ်မတတ်နိုင်တော့ဘူး၊ ဘယ်နှာ့ တကောင်စာပဲ တဲ့၊ ကိုယ့်မှာ ပြောစရာ စကားရှားလာတယ်၊
“ဘယ်လိုလဲ”
သခင်က ကိုယ့်ကို စူးရဲ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း အကဲခတ်တယ်၊
တကယ်ပါ အဲ့ အချိန်တုန်းက ကမ္ဘာမှာ အဲ့မျက်လုံးတွေကို အမုန်းဆုံးဖြစ်ခဲ့မှာပဲ၊
“တော်ပြီဗျာ မယူတော့ဘူး” ကိုယ် အလျှော့ပေးလိုက်ရတယ်၊
ကိုယ့် အဖြေကို သခင်က သဘောကျသွားတဲ့ ဟန် ပြုံးရင်း၊ တဖက်လှည့် လေ လေးတချွန်ချွန်နဲ့ ထွက်သွားတယ်၊
လောက ကြီးကလဲ သိပ်ခက်နေပါလား မြည်းငယ်မလေးရယ်၊ အားလုံးပြီးသွားပြီ ကိုယ့် ရင်ထဲက တအုန်းအုန်းနဲ့ ရုန်းကန်နေတဲ့ ချင်ခြင်း ချစ်စိတ်တွေကို မချင့်မရဲ ကိုယ် စွန့်လွှတ်ခဲ့ပြီး၊
……………………………………………………………………………………………
ခုဆိုရင် ကိုယ်လဲ တဏှာတွေ ကုန်ရာ သန္တိ အိမ်ရာကြီးထဲ တိတ်ဆိတ်ငြိမ်သက် အေးချမ်းနေခဲ့ပြီ၊
ကိုယ် ခဏခဏ အိမ်မက် ပြန်မက်ခဲ့ရတဲ့ မင်းရဲ့ တစ်ဝက်ဖီး ဆံနွယ်လေးများနဲ့ “မောင် မြန်မြန် ပြန်ခဲ့ပါနော်” ဆိုတဲ့ စကားသံလေးတွေ ငါ့နံရံတွေမှာ အရည်ပျော်သွားခဲ့ပါပြီ မိ ကလျာ၊
ကိုယ့် အတွေးတွေကြား ဖြတ်ခနဲ
ဟုတ်တယ် စကားသံ သဲ့သဲ့ ကိုယ့်ကြားတယ်၊ ကိုယ် ငုံ့ထားတဲ့ ခေါင်းကို မော့၊ ရှေ့တည့်တည့်ကို ကြည့်လိုက်တော့…………………
ပန်းတွေ အလယ်မှာ အပွင့်လှလှနဲ့ ငှါးငှါးစွင့်နေတဲ့ ပဒုမ္မာ ကြာပန်းကြီး သဖွယ် ပရိတ်သတ် လေးပါးကြား တင့်တယ်နေတဲ့ နောင်တော်ဗုဒ္ဓ အရှင် ၊
ကိုယ့် အတိတ်တွေဟာ မင်းနဲ့ ပါတ်သက်လာတိုင်း သိပ်ရယ်စရာ ကောင်းနေပါလား မိကလျာ၊ အော်…………………….အတိတ်ဆက်ဆက် ချစ်ခဲ့ရတဲ့ ကလျာ ပါလား…………
ကိုယ် ခါးကို ပြန်မတ်ရင်း၊ တရားဘက် အာရုံ ပြန်စုရင်း နားစွင့်လိုက်တော့…………………..၊
ကြည်လင်ပြတ်သား ခန့်ညားတဲ့ ထိုအသံ ၊ ဟုတ်တယ် ဗုဒ္ဓ အရှင်ရဲ့ အသံ ၊ အဝေး လေထုကိုဖြတ် နားတွေထဲကို မတ်တပ်ရပ် ပြောနေသလား ထင်ရတဲ့ အသံ တိတ်ဆိတ်ခြင်းတွေကြား ထီးထီးကြီး ပြန့်ကားလျှက်…………

“ခေါင်မလုံတဲ့ အိမ်နံရံတွေမှာ
မိုးရေပေါက်တွေ ကျနေသလို
အာရုံတွေကို စုစည်း မထားဘဲ ဝိပဿနာနဲ့ ကင်းကွာတဲ့ လူရဲ့ စိတ်ကို
ကိလေသာ မိုးပေါက်တွေက ယိုကျနေဦးမှာပဲ”
                                                     (ဗုဒ္ဓ)
ရဟန်း ဘဝရောက်ခဲ့တာတောင် မင်းအကြောင်းတွေးရင် သွေးနွေးနွေးလာတတ်တဲ့ ရင်ခုန်ခြင်းတွေ အခုတော့ ငါ သော့ခတ် သိမ်းထားနိုင်ခဲ့ပြီ မိကလျာ…
နင့်လမ်း နင်သွား
ပုထုဇဉ်ရဟန်းတပါးရဲ့ အတွေးညတွေကြား ခေါက်တုံ့ ခေါက်ပြန် လမ်းသလားလွန်းတဲ့ နင့်အကြောင်းတွေ ငါ့ ခေါင်းထဲက ခါထုတ်နိုင်ခဲ့ပြီ၊ ငါ့ကို လှည့်မကြည့်ပါနဲ့တော့
တဖက်လှည့် ကျောခိုင်း၊ နင့်ရဲ့ အဲ့ဒီ နှုတ်ခမ်းတွေရက်ရက်စက်စက် မဲ့ပြီး ငါ့ကို မုန်းလိုက်စမ်းပါ၊
နင်ပျော်ရာကို ခြေလှမ်းဖဝါး တစ်ရာမက လှမ်းသွားလိုက်တော့၊
ငါ့ကို ခွင့်လွှတ်ပါလို့ မတောင်းဆို။
ရဟန်းတစ်ပါးရဲ့ ဖြစ်တည်ခြင်းကိုပဲ ပီပီသသကြီးနဲ့ ငါ
နင်နဲ့ ဝေးရာ ဝေးရာ ငါလည်း ရဟန်းတစ်ပါး ပီသခဲ့ပြီ။
အေးချမ်းသွားပါပြီ မိကလျာ………………………….
အရာအားလုံး အေးချမ်းသွားပါပြီ……………………….
ငါ့ ခေါင်နံရံ နဲ့ အမိုးတွေလဲ မိုးလုံသွားခဲ့ပြီ …………….။

No comments:

Post a Comment