သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 14 October 2013

“မစိုးရိမ် နဲ့ စိုးရိမ်ခြင်းများ”



“ပစ္စုပ္ပန် တခွင်လုံး ပြတင်းတံခါးတွေ ဖွင့်၊ လင်းကျင်းခွင့်ပေးလိုက်ရဲ့
ပြန်ယူသွားလိုက်စမ်း………………
နေ့တနေ့စာ
ပျင်းရိခြင်းနဲ့ တိတ်ဆိတ်ခြင်းတွေ၊
ဝင်လာလိုက်စမ်း………………..
ပြတင်းတွေကတဆင့်
အလင်းတွေကတဆင့်
ငါ့ ရင်ဘတ်ကို တက်ကြွခြင်းနဲ့ အချိုးကျခြင်းတွေ သွန်းချ လိုက်စမ်း”
……………………………………………………………………..
ကီးဘုတ်နဲ့ လူနဲ့ မိတ်မဆက်ရတာ ကြာပြီ၊
ဘလော့နဲ့ ဖေ့ဘုတ်နဲ့ လူသိနည်းနေတာ ကြာပြီ
ဘာကြောင့်မှန်းမသိ မောင်ချောနွယ်ရဲ့ “လူကြိုက်နည်းတဲ့ ကောင်” ဆိုတဲ့ ကဗျာလေး ကို အလွတ်ကျက်နေမိသည်၊
စိတ်ဓာတ်တွေ ပြုပြင်ခြင်း ကင်းမဲ့ နေခဲ့တာ ကိုယ်လွတ် စိတ်လွတ်ပါပဲ၊
မဂ္ဂဇင်း စာမူကြမ်းတွေ ကိုယ်အိပ်ရာပေါ်မှာ သောင်တင်နေတာ ကြာပေါ့၊
လူက ပျင်းလိုက် လက်ကပျင်းလိုက် နဲ့ အထာတော့ ကျနေပြီရယ်၊
မစိုးရိမ် ဆရာတော် ဘုရားကြီးက သြဝါဒ ပေးရင် ဗဟုသုတကို အလုံးနဲ့ အရင်းနဲ့ ပေးတတ်သည်၊
ဆရာတော်ဘုရားကြီးက မှတ်စရာ တခုပြောတော့မယ် ဆိုရင် “မင်းတို့ သိရဲ့လား” “ဟာ အတော် ဟုတ်တဲ့ ကောင်တွေ”  ဆိုတဲ့ ဝါကျနဲ့ ကမ္ဘာ့ ဗဟုသုတ၊ တရား ဗဟုသုတ အားနဲ့ အင်နဲ့ knowledge တွေ share တော့သည်၊
ဆရာတော်က စကားပြောကောင်းသည်၊ ရှေ့ စကားတစ်လုံးကို ပြောနေရင်းနဲ့ နောက်က တစ်လုံးကို ငမ်းလင့်လာအောင်  ပြောနိုင်သည်၊
ခုလည်း ဆရာတော်ကြီးရဲ့ သြဝါဒကို ခပ်တည်တည် ကောက်ဖတ်နေမိသည်၊ (မိတ်ဆွေများ သိကုန်ရင်တော့ “မတူမတန်တွေတော့ လုပ်ကုန်ပြီ”  လို့ ရွတ်တွားကြပေတော့မည်၊ မတတ်နိုင်၊)
ရင်းနှီးတဲ့ ဒကာတယောက်က လျှောက်ဘူးသည်၊
“သီတဂူဆရာတော်ကြီးက တရားဟောတဲ့ အသံလေးကို ထားဦး၊
ချောင်းဆိုးတဲ့ “အဟမ်း” ဆိုတဲ့ အသံလေးကိုးက ကြည်ညိုစရာ ကောင်းတာကလား ဘုရား”  တဲ့
သုပ္ပဋိပန္န သံဃာတော်အပေါင်းအား ဦးတိုက်ရှိခိုးပါ၏၊
မစိုးရိမ်ဆရာတော်ကြီး နဲ့သာ သိခွင့်ရခဲ့ရင် ဒီလောက် အ ရတဲ့ မောင်ရင်ကို
“အတော် ဟုတ်တဲ့ ကောင်” ဆိုပြီး လောကနဲ့ ဓမ္မရေးရာမှာ ညံ့ဖျင်းလွန်းတဲ့ ကိုယ့်ကို ကြိုးစားပန်းစား ဆုံးမ ရှာပေဦးတော့မည်၊
မစိုးရိမ် ဆရာတော်ဘုရားကြီးသည် မြန်မာပြည် သာသနာရဲ့ ပြယုဂ်တစ်ဆူဖြစ်သည်၊
မြန်မာပြည်မှာ သံဃာအများဆုံးလို့ ဆိုလို့ရတဲ့ မ,တစ်ရာသား စာသင်သား တွေတင်မက မြန်မာပြည်သူလူထု တစ်ရပ်လုံးကိုပါ စိတ်ဓာတ်, စည်းကမ်း, ပညာ, ညီညွှတ်ခြင်း နဲ့ရိုးသားခြင်းတွေမှာ  ရင်ဝယ်သား ကဲ့သို့ စောင့်ကြပ် သွန်သင်သင်တော်မူခဲ့လေသည်၊ ( ဦးခိုက်လျှက် မှတ်မိနေဆဲပါပဲ ဘုရား၊)
အဲ့တုန်းက အိန္ဒိယ ဆောင်းကာလ မို့ ခိုက်ခိုက်တုန် နှင်းမှုံတွေကြား ခြုံထည်လေး ခြုံ၊ ခေါင်းစွပ်လေး ခေါင်းမှာ စွပ်၊ မိုက်ခရိုဖုန်းကို လက်ကကိုင်ပြီး အင်တိုက် အားတိုက် မိန့်မှာတော်မူသွားတဲ့ သြဝါဒတွေ ၊ ကိုယ်တို့ရဲ့ အသိတရားနဲ့ ဆရာတော်ဘုရားကြီးရဲ့ မျှော်လင့်ချက်တွေကို ခံယူရတာ ကတုန်ကယင်၊
“တိုင်းပြည် မင်းတို့ပြုစုဖို့ အတွက် မင်းတို့ဦးဇင်းတွေရဲ့ အားလည်း ကိုးရမယ်၊ ကိုးရဖို့ များနေပြီ၊ အခုတော့ မင်းတို့က ပျင်းလိုက်တာ၊ ဟုတ်လား၊ ဘာ အားကိုးရမှန်းမသိဘူး၊”
တကယ်ပါပဲ လမ်းကိုတွေ့နေရဲ့သားနဲ့ မလျှောက်ချင်တဲ့ ခြေထောက်တွေက ပိုပြီး ဂွကျနေမလား၊
လူလောကနဲ့ ကိုယ်နဲ့ ကိုက မတော်မတည့် ကျလွန်းတာလား၊ တာဝန် သိမှုစိတ်တွေ လျှော့ပါးလာတဲ့ အချိန်မှာ တာဝန် ယူလိုမှုတွေ နှိုက်စားခံရတော့တာပါပဲ၊
“မင်းတို့က တီဗွီဖွင့်ပြီး နားထောင်တာကို သာသနာပြုတယ် လို့ ထင်နေတာကိုးကွ၊”
အလွဲတွေမှာ သာယာလွန်းတဲ့ စိတ်တွေပါဘုရား၊ တပည့်တော်တို့ လူမျိုးတွေကိုးက လွဲမှားခြင်းတွေမှာ နောင်တ ဆိုတာကို တပ်မလာကြဘူးလေ ဘုရား၊
တပည့်တော်လည်း လွဲနေတယ်၊ တပည့်တော် သူငယ်ချင်းတွေလဲ လွဲနေတယ်၊ နောက်ပြီး တပည့်တော် မိသားစု၊ နောက် တပည့်တော် ပတ်ဝန်းကျင်………………..
“မုတ္တဗောဓ သဒ္ဒါကျမ်း ဆိုတာ မင်းတို့ကြားဘူးလား၊ မင်းတို့ ဟေ့ကောင်တွေ ကြားဖူးလား၊ ကြားဖူးတယ်၊ ဘာ သဒ္ဒါကျမ်းတုန်း၊ မုတ္တဗောဓ သဒ္ဒါကျမ်း၊ မုတ္တ- အင်မတန် ထိုင်းမှိုင်းတဲ့ သူတွေကို၊ ဗောဓ- သိအောင် သင်ပေးတဲ့ ကျမ်းပေါ့ကွာ၊ အမြန်သင် သဒ္ဒါပဲကွ ဟုတ်လား၊ မုတ္တဗောဓ သဒ္ဒါကျမ်း ရေးတဲ့ပုဂ္ဂိုလ်က၊ သူက ရေထမ်းသမားကွ လမ်းမှာ ရေဆိပ်နဲ့ အိမ်နဲ့ ကြားက လမ်းမှာ ကျောက်တုံးကြီးရှိတယ်၊ သက်နုကျောက်ပေါ့ကွာ၊ အဲ့ဒီ ကျောက်တုံးအနားရောက်ရင် ရေအိုးကိုချပြီးတော့ နားလေ့ရှိတယ်ကွ၊ ရေအိုးချပါများတော့ ကျောက်ကလည်း သက်နုကျောက်ဆိုတော့ အဲ့ဒီ ရေအိုးချတဲ့နေရာ ချပါများတော့ ခွက်သွားမှာပေါ့ကွ ဟုတ်လား၊ ရေအိုးဖင်ရာ ကြီး ထင်တယ်ပေါ့ကွာ၊ ဦးကျဉ်ပွေ့နဲ့ ခပ်ဆင်ဆင်ပါပဲ၊ အေး အရာကြီး ထင်သွားပြီ၊ ငါ ပညာသာ သင်ရင် ဘယ်လောက်ထိအောင် တတ်နိုင်တယ် ဘာညာ နဲ့ အဲ့ဒီ အသိဥာဏ်ဝင်ပြီးတော့ ပညာသင်ပြီး မုတ္တဗောဓကျမ်းကို ရေးခဲ့တာ၊ အဲ့ဒီကျမ်း ၊ မင်းတို့ မလေ့လာဖူးပါဘူး၊ လေ့လာဖူးလား၊”
ခေါင်းဆောင်ကောင်းဆိုတာ  အနေထိုင်ရော အသိဥာဏ်ရော နောက်လိုက်တွေအတွက် စံပြ ဖြစ်နေရမည် ဟု ကိုယ်က မှတ်သားရဘူးသည်၊ ဆရာတော် ဘုရားကြီးအား အကြိမ်ကြိမ် ဦးခိုက်လျှက်၊
“ကိုင်း လိုက်ဆို၊ သစ်ပင် မြစ်ချောင်း၊ နို့ကောင်း နွားမ၊ ဤကာယကား၊ သူများ အကျိုး၊ သယ်ပိုးအံ့ငှါ၊ သီးခါတန်သီး၊ စီးမြဲစီးလျှက်၊ ဒီးဒီးယိုကျ၊ ကျိုးဆောင်ရ၏၊ အဲဒီ နီတိ ကဗျာအတိုင်း မင်းတို့ သူတစ်ပါး ပရဟိတ လုပ်ငန်းကို လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါစေ လို့ သြဝါဒပေးရင်း ငါ့ရဲ့ သြဝါဒကို နိဂုံးချုပ်ပါတယ်၊ ကဲ သာဓုခေါ်၊”
လောကကို မီးမောင်းထိုးပြ ရင်း ဆန္ဒကို အပြည့်အဝ ထုတ်ဖော်မိန့်ကြားသွားသည်၊
သူတော်ကောင်းတို့၏ ဆန္ဒသည် သူတစ်ဦးအတွက် မဟုတ်၊ ငါတစ်ယောက် အတွက် မဟုတ်၊ ကိုယ့်ကိုယ်ကို တူးဖြိုစေရန် မဟုတ်၊ လောကတခုလုံးရဲ့ အကျိုးစီးပွါးအတွက် တမျိုးသားလုံးရဲ့ အကျိုးစီးပွါးအတွက် ဘွဲ့နဲ့ တန်တဲ့ အလုပ်မလုပ်မှာ ဆရာတော်က အကြီးကျယ် စိုးရိမ်တော် မူခဲ့ဟန်ရှိသည်၊ ကိုယ်ကတော့အမှတ်ရနေဆဲ
အဲ့ဒီ မနက်ခင်းလေးကပေါ့
ပခုံးထက်ကို လွှားထားတဲ့ ခြုံထည်ပါးလေး တထည်ရယ်၊
ဦးခေါင်းတော်နဲ့ နားရွက်ပါးတွေကို အေးစက်ခြင်းရဲ့ ဒဏ်က ကာကွယ်ပေးနေရှာတဲ့ ခေါင်းစွပ် တလုံးရယ်၊
“မင်းတို့တွေ အတော်ဟုတ်တဲ့ ကောင်တွေ” ဆိုတဲ့ စကားတော်လေး ရယ်
ကိုယ်မှတ်မိနေဆဲ………………..
ခုတော့လည်း ညတွေမှာ မြူတွေ ထပ်ထပ် ပိတ်သည်းနေခဲ့ပေါ့၊


                       “အခွင့်ရေးရမယ် ဆို
                         ကတိတစ်လုံးလောက် တောင်းလိုပါရဲ့
                          ကြယ်တွေကို ဘယ်သူမှ ထပ် မခူးကြကြေး လို့လေ”

No comments:

Post a Comment