သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 9 November 2013

လွဲသူများ.......



(၁)
“ရှေးသရော အခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား သူဋ္ဌေးသားသည်”  ဆိုသည့် ဗာရာဏသီ သူဋ္ဌေးသားနဲ့ ပထမ သံင်္ဂါယနာ ဒကာတော် မင်းတရား အဇာတသတ် ကို လူတိုင်းသိမယ်ထင်ရဲ့၊
တရားထူး ရခဲ့သင့်ရဲ့နဲ့ မရခဲ့တဲ့သူများ၊
တယောက်က အဖေကို သတ်၊ တယောက်က ပညာမတတ် နဲ့ သံသရာ ရှေ့ဆက်တွေထိ နောင်တတရားတွေချည်း ထွန်းလင်းစိုက်ပျိုးခွင့် ရခဲ့တဲ့ သူများ အဖြစ် ပိဋကတ်ကြား လူသိများခဲ့တဲ့ သူတွေပါ ၊

(၂)
ပြောချင်တာက၊ ဘာကြောင့် ခုခေတ် လူတွေ မဂ်ဖိုလ် အဆင့် တရားထူးကို ရဖို့  ဒီလောက် ခဲယဉ်းနေတာလဲ ဆိုတာပါ၊
လူအမျိုးမျိုး နတ်အထွေထွေကြား ပါရမီ ရင့်သန်တဲ့ သတ္တဝါ ဆိုတာ သူသူ ငါငါ ကျင်လည်နေမှုကြီးထဲ ရှိချင် ရှိနေမှာပါ၊
ဗုဒ္ဓအရှင် မိန့်မှာတော်မူတဲ့ စကားတော် တခွန်းရှိပါတယ်။
 “အာနန္ဒာ နှောင်းခေတ် သာသနာ ဟာ သူ့ဆရာနဲ့ သူ့ဒကာ ကျွတ်တမ်းဝင်ကြလိမ့်မယ်”  တဲ့
ဗုဒ္ဓ ဘုရားရှင် တည်ထောင်တော်မူခဲ့တဲ့ ဗုဒ္ဓဝါဒ ဟာ ဓမ္မနဲ့ တည်ဆောက်ထားတာပါ၊
ဗုဒ္ဓ အရှင် ကိုယ်တော်တိုင် ဘဝ တစ်လျှောက်လုံး ဓမ္မကို မှီခိုပြီး နေရပါတယ်လို့ ဝန်ခံတော်မူခဲ့တယ် မဟုတ်လား

(၃)
“အချို့တရားဟောရာ၌ အချိန်ကို မသိတတ်ပဲ မပြီးနိုင် မဆုံးနိုင် ဟောတတ်ကြ၏၊
ဗုဒ္ဓကား ထိုသို့ မဟုတ် ပြန်ချိန်နှင့် ကိုက်အောင် အဆုံးပိုင်းခြား ထား၍ ဟောတော်မူ၏၊”
                                       မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး(ဗြဟ္မဇာလသုတ် မြန်မာပြန် စာအုပ်မှ)
ဗုဒ္ဓအရှင်ရဲ့ ပုဂ္ဂလနှင့် ဓမ္မ ညီမျှ အောင် ဟောကြားတတ်မှု၊ ကျွတ်ထိုက်သူရဲ့ လိုလားချက်ပေါ်မူတည် အချိန်ကို သိတတ်စွာဖြင့် ဟောကြားမှုတို့ဟာ ဗုဒ္ဓအရှင်ရဲ့ ဓမ္မအပေါ် ထားတဲ့ အလေးနက် စိတ်ထားပဲ ဖြစ်ပါတယ်၊
တခါက ဘုန်းတော်ကြီးတပါး ကျောင်းတိုက်နှင့် အတန်ငယ်ဝေးသော အရပ်မှ ဆွမ်းစားလာပင့်ရာ “ဆွမ်းမစားခင် တရားဟောအံ့”ဟု ဆိုကာ ယက်တောင်ကြီး ပိုက်၊ စိတ်ကြိုက် ဟဲလိုက်ရာ လာပင့်တာက ၁၀ နာရီ အလှုအိမ်ရောက်တော့ ၁၁ နာရီ တရားဟောတာက ၁၂ နာရီ ဖြစ်သွား၍ ဘုန်းကြီးနှင့် နောက်လိုက်များ ဆွမ်းအငတ်ခံခဲ့ရရှာသည် ဟူသတတ်၊
နောက်လိုက်များမှာတော့ ဆရာသမားမို့ မပြောသာ၊
“ကလေးမှားတော့ ဗြောတီး
လူကြီးမှားတော့ ဆောရီး” ဆိုသလို
“နာရီ မပါလို့ပါကွာ ဆောရီး” ဆိုတဲ့ စကားနဲပဲ တနေလုံး ဗိုက်မှောက်နေခဲ့ရပါသတဲ့၊

(၄)
မိတ်ဆွေ ရဟန်းတော် တစ်ပါးပြောဖူးသလို
တရားပွဲ တစ်ပွဲမှာ ဓမ္မကထိက နှစ်ပါး ပင့်ထားပါသတဲ့၊
ပထမနေ့က သုတ္တန်ဇောင်းပေးဟောတဲ့ ဓမ္မကထိက၊
ဒုတိယနေ့က ဝိပဿနာ အားသာတဲ့ ဓမ္မကထိက၊
သုတ္တန်ဘုန်းကြီးက “ဒါနက ကောင်းတယ် လှုကြ၊ တန်းကြ၊ ပေးဝေကြ နိဗ္ဗာန်တံခါးကို အရောက်သွားဖို့ ဒါနတရားနဲ့ လှေကားထစ်တွေကို ခုတ်ထွင်းထုရမယ်ပါ့” ဆိုတော့
နောက်နေ့ ဝိပဿနာ ဘုန်းကြီးက “အိမ်း ဒါန ဆိုတာ သံသရာရှည်ရာ ရှည်ကြောင်းပင် ဖြစ်ပေတော့သည် ဒကာတို့၊ ဝိပဿနာ တရား ပွါးများနိုင်မှသာလျှင်”
တကယ်တော့ မြန်မာလူမျိုးဆိုတာလဲ ပလ္လင်ကြီးပေါ်က ကိုယ်တွေ ဘာပြောပြော စောဒက မတတ်ရှာပါဘူး၊
“သာဓု သာဓု၊ ကောင်းဒယ်ဖျာ့ ကောင်းဒယ်ဖျာ့” နဲ့ ခေါင်းညိတ်တတ်ကြတာ ကလား

(၅)
ယနေ့ခေတ် ဂလိုဘယ် ရွာကြီးထဲ တရားထူးရတဲ့ သူတွေ ဘာကြောင့် ရှားလာသလဲ?
အဂုင်္တ္တိုရ် ပါဠိတော်လာ ဗုဒ္ဓအရှင် ဟောတဲ့ အကြောင်းတရား တခုခုနဲ့ ငြိစွန်းနေတဲ့ သူဟာ ဘယ်လောက် တရားနာနာ တရားထူးရမဲ့ သူ စရင်းထဲ မဝင်ပါဘူး၊
(၁) တရား စကားကို ကဲ့ရဲ့သူ
(၂) တရားဟော ပုဂ္ဂိုလ်(ဓမ္မကထိက) ကို ကဲ့ရဲ့သူ
(၃) ကိုယ့် ကိုယ်ကို ကဲ့ရဲ့သူ
(၄) စိတ်အာရုံ ပြန့်လွင့်၍၊ တရားအပေါ် အာရုံ စုစည်းတည်မနေပဲ တရားနာသူ
(၅)တရားတော် အပေါ်၌ (အယောနိသော မနသိကာရ) မသင့်မတင့် နှလုံးသွင်းသူ
(၆)တရားစကားကို နားလည်နိုင်တဲ့ ပညာမရှိ၊ ထုံထိုင်း ဖျင်းအ သူ
(၇) တရား မသိပဲ ‘ငါ တရားသိနေပြီ’ ဟု ကိုယ့်ကိုယ်ကို မှတ်ထင်သူ
(၈) ဒေါသ စိတ်ဖြင့် တရားနာသူ
(၉) ကဲ့ရဲ့ အပြစ်တင်လိုသော စိတ်၊ အပြစ်အနာဆာကို ရှာလိုသော စိတ်ဖြင့် တရားနာသူ
(၁၀)တရားဟော ပုဂ္ဂိုလ် အပေါ် ဒေါသဖြစ်လျှက် တရားနာသူ
(၁၁)ပဉ္စနန္တရိယကံ ၅ ပါး တစ်ပါးပါး ကျုးလွန်မိထားသူ
(၁၂)မှားယွင်းသော အယူ၌ အယူသီးသူ
(၁၃) အဟိတ် ဒွိဟိတ် ပဋိသန္ဓေ ဟူသော ဝိပါတ် အတားအဆီး ရှိသူ
(၁၄) သဒ္ဓါတရား မရှိ၊ မဂ်,ဖိုလ် ရအောင် တရားအားထုတ်လိုသော ကုသိုလ် ဆန္ဒမရှိ၊ ပညာ မရှိသူ
(၁၅)မြတ်စွာဘုရား ဟောကြားအပ်သော သုတ် ဝိနည်း အဘိဓမ္မာ ကို ဟောကြားသည်ရှိသော် နာယူလိုစိတ် မရှိသူ
(၁၆) ဟောကြားမှုကို နားစိုက်မထောင်သူ၊ နားစွင့်မထားသူ
(၁၇) တရားတော်ကို နားလည် သဘောပေါက်လိုစိတ်ဖြင့် တရား မနာသူ
(၁၈) တရား အနှစ်သာရ ကို မယူဘဲ တခြား အနှစ်မဟုတ်သည်များကိုသာ မှတ်သားသူ
(၁၉)ကြီးပွါးတိုးတက်မှု အနှစ်တရားများကို ပယ်စွန့် မလိုက်နာသူ
(၂၀)သာသနာတော်အား မလျှော်သော အလိုကြိုက် အယူဆနှင့် ပြည့်စုံသူ

(၆)
လူ့လောကထဲ ရောက်၊ သာသနာတော်နဲ့ တွေ့ပီ ဆိုကတည်းက တော်ရုံ တန်ရုံ ပါရမီ အချိုးတော့ မဟုတ်ပါဘူး၊
အတိတ်ကောင်းလျှက်နဲ့ ပစ္စုပ္ပန် ဓာတ်စာ မတည့်ရင်လဲ အလွဲတွေနဲ့ ကြုံတတ်တာမို့ အထက်ပါသူ အမျိုးစားထဲ မပါမိအောင် တတ်နိုင်သလောက် ရှောင်ကြဉ်မိကြစေဖို့……………………







No comments:

Post a Comment