သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 19 November 2013

ကြောက်စိတ်


(၁)
“ဟေ့ ချာတိတ် ဒီလောက် မိုးတွေရွာနေတာ ဘာဖြစ်လို့ အိမ်ပြင်ထွက်ရပ်နေတာလဲ၊ ကြည့်စမ်း မင်းတကိုယ်လုံး ရွှဲရွှဲစိုနေပြီ”
“ကျွန်တော် ပုန်းနေတာ ခင်ဗျ”
“ဟေ ဘာတွေ ပုန်းနေတာလဲ”
“မေမေက ရေချိုးပေးမယ် ဆိုလို့ ကြောက်လို့ ပုန်းနေတာ”
                                           မင်းခိုက်စိုးစံ(ကလေးအတွေး)
(၂)
တခါတလေမှာ ကိုယ် အကြောက်ဆုံးအရာတွေ ကိုယ့်ရှေ့ကို ဆိုက်ဆိုက်မြောက်မြောက်
ရောက်လာတဲ့ အခါ…………………
“ကြောက်စိတ် နဲ့ တွေ့ရင် ရဲရဲ ရင်ဆိုင်၊ လုပ်သင့် လုပ်ထိုက်တာ တခုခုလုပ်၊ အဲဒီလို လုပ်လိုက်တဲ့ အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်”  စာရေးဆရာမ Margaret bourke white ရဲ့ စကား
( ဒီ ဒကာမနှယ် ပြောတတ်လိုက်ပါဘိသနဲ)
English မှာ “Out face” ဆိုတဲ့ စကားလေး တလုံး ရှိပါတယ်၊
မြန်မာ လိုကတော့ “ရဲရဲရင်ဆိုင်” တဲ့……………………….
(၃)
“ဘဝထဲမှာ အားတွေ ရှိတယ်” ဆိုတဲ့ စကားကို လူတိုင်းကြားဖူးမယ် ထင်ရဲ့၊
သမိုင်းစာမျက်နှာတွေ လှန်လှောလိုက်လို့
သူရဲကောင်း ဖြစ်သွားတဲ့ သူတိုင်း၊
လူတိုင်း အားကျခံရတဲ့ ပညာရှင်တိုင်းဟာ သူ့ အဆိုးလောကဓံနဲ့ သူ ခါးစည်း ကြိတ်မှိတ် ထိုးတက် ကြိုးစားခဲ့တယ် ဆိုတာ ဘယ်သူ သိမှာတဲ့လဲ၊
အမေရိကန် နာမည်ကြီး ပြဇာတ်မင်းသမီး ဟယ်လင်ဟေး(Helen Hayes) ဟာ သူ အသက် ၂၀ အရွယ် နာမည်ကြီး ပြဇာတ်တပုဒ်မှာ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်၊ သူက ထင်တယ်၊ အသက်ကလဲ ငယ် ၊ ရုပ်ကလဲ ချော၊ ခေါင်းဆောင်မင်းသမီးလေးကလဲ ဖြစ် ဆိုတော့ သူ ရဲ့ သရုပ်ဆောင်မှုတွေကို အားလုံးက ဝိုင်း ချီးမွမ်းကြမယ်၊ လက်ခုပ်သံတွေ ပေးကြမယ်လို့လေ ဒါကြောင့် သူ ကြိုးစားပြီး သရုပ်ဆောင်တယ်၊ သူ့မှာ ရှိတဲ့ အစွမ်းတွေ အကုန်ထည့်ပြီး သရုပ်ဆောင်တယ်၊ အဲ့အတွက် သူ့ကိုသူ အရမ်းကျေနပ်နေတယ်၊ ဒါပေမဲ့ သူ တကယ် ကြုံတွေ့ခဲ့ရတာက သူ ထင်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်၊ သူ့ကို လူတွေက ဝိုင်းကဲ့ရဲ့ကြတယ်၊ “သရုပ်ဆောင်တာ မပိုင်ဘူး” “ကိုယ့် အခန်းကို နိုင်နိုင်နင်းနင်း သရုပ် မဆောင်နိုင်ဘူးပေါ့” လေ၊ ဝိုင်းပြောကြတယ်၊
အဆိုးဆုံးကတော့ “ဒီလို သရုပ်ဆောင် အရည်ချင်းမျိုးနဲ့ နာမည်ကျော် ပြဇာတ် မင်းသမီးကောင်း တစ်ယောက် မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားပါပဲ
သူ အရမ်း စိတ်ဓာတ်ကျသွားတယ်၊ သူ မြတ်နိုးတဲ့ ဒီ အနုပညာ အလုပ်ကို သူ ဆက်လုပ်ရမှာ ကြောက်လာတယ်၊ နောက်ဆုံး သူ ဒီ ပြဇာတ်လောက ထဲက ထွက်သွားဖို့ အထိ ဆုံးအဖြတ်မှာ၊
မိခင်ရဲ့ အဖိုးတန် သတိပေး စကား
“သမီး လက်တွေ့ အခြေနေကို ရင်ဆိုင်ရမှာ ကြောက်ပြီး စိတ်ဓာတ်ကျ ရှောင်နေလို့ မရဘူးလေ”
အဲ့ဒီမှာ သူဟာ သရုပ်ဆောင် ပညာကို အစကနေ ပြန်လေ့လာ သင်ယူတယ်၊ ကြိုးစားတယ်၊
ကြုံသမျှ ဒုက္ခတွေ ခါးစည်း ရင်ကော့ ခံတယ်၊ (၄) နှစ် လောက် အကြာမှာတော့ သူမဟာ ကမ္ဘာကျော် ပြဇာတ် မင်းသမီးတယောက် တကယ် ဖြစ်လာခဲ့ပါတယ်၊
ကိုယ် တို့ဟာ အောင်မြင်နေတဲ့ သူ တစ်ယောက်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဂုဏ်ဒြပ်တွေကို မြင်တယ်၊
ကြားတယ်၊
လက်ခုပ်တီးတယ်၊
အားကျတယ်၊
ဒါပေမဲ့ အများစုကတော့ စိတ်ဝင်စားမယ် မထင်ပါဘူး၊ သူ ရင်မဆိုင်ရဲခဲ့တဲ့ ဒုက္ခတွေ အကြောက်တရားတွေကို ဘယ်လို အားယူ တွန်းဖြိုခဲ့လဲ ဆိုတာကိုပါ၊
(၄)
ယနေ့ခေတ် မြန်မာပြည်မှာ ထိပ်တန်း စရင်းဝင် ဓမ္မကထိက ဆရာတော် တစ်ပါးကို သွားဖူးတုန်းက သူ့ ဖြစ်ရပ် နှောင်းလေးတွေ ဟာသဆန်ဆန် ပြန်ပြောသံကို ကြားရတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ အကြောက်တရားကို တွန်းလှန်ရဲခဲ့တဲ့ ရဲရင့်တဲ့ နှလုံးရည်ကို အကြည်ညိုပွားရသေးတယ်၊
“ခုတော့လဲ  ‘ဟဲ့ခွေး ဒီနား လာမအူနဲ့ သင်္ချိုင်းသွား အူ ဆိုတဲ့ သူတွေ’၊ ‘ ဒီ အသံနဲ့ ဘာဖြစ်လာမှာလဲ ဆိုတဲ့ သူတွေလေ’ ၊ အသံပြောင်း ဖူးမြှော် ဝင်ကြလို့ ငါတောင် ပြန်စွန့်ကျဲ ပေးကမ်း နေရပေါ့ ငါ့ရှင်ရ”
ကိုယ် တို့ဟာ အကြောက်တရားကို ရှောင်လိုတာနဲ့ လုပ်သင့်တဲ့ အလုပ်တွေ ရဲရဲ လုပ်ဖို့ မေ့နေတတ်ပြီ ဆိုရင်တော့ ဘဝရဲ့ အောင်မြင် တိုးတက်ရေး လမ်းကြောင်းတွေ ခုတ်ဖြတ် ခံနေရပြီ ဆိုတာ သတိထားမိဖို့နဲ့ ပြင်ဆင်ဖို့ လိုနေပြီ ထင်ပါရဲ့……………………

“ကိုယ့်ကိုယ်ကို ရွတ်တွားရတာလောက်
 ဘယ် ဂါထာမှ မခက်ဘူးထင်ရင်
ကိုယ့် အဘိဓာန် ကို နည်းနည်းလောက် ဖွင့်,ဖောက်, ဖတ်ပြီး စိတ်နဲ့ ဆန္ဒ ကို
ချုပ်သီကြည့်လိုက်ပေါ့ … ငါ့ရှင်”

No comments:

Post a Comment