သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 19 November 2013

လေချွန်နတ်…..


“ ကြားဖူးကြလား မသိဘူး…..
ရှေးမြန်မာတွေ ကိုးကွယ်တဲ့ နတ် ၁၂ မျိုးထဲမှာ
၇ ပါးမြောက် နတ်က ကညာယက္ခ နတ်တဲ့
အခုလည်း ရပ်ကွက်ထဲမှာ နာမည်ကြီးနေပြန်ပြီ၊
သူက  အတွင်း၃၇ အပြင် ၃၇ ထဲ မပါတဲ့ နတ်တမျိုး
လေချွန်နတ်……….”
(၂)
လေချွန် နတ်ဆိုတာ ဘယ်လို နတ်မျိုး နတ်နွယ်စရင်းထဲ ပါလဲ တော့ ကိုယ်လဲ မပြောတတ်ပါဘူး၊ ပြောဆိုနေကြပုံတွေ အရ
အနှစ် ၄၀ အတွင်း ဘဝတစ်ပါးကို ပြောင်းရွှေ့သွားတဲ့ သူရဲ့ နာမည်၊ နေရပ်လိပ်စာ၊ သင်းဂြိုလ် တဲ့နေရာ နဲ့ အုတ်ဂူပေါ်မှာ ရေးပေးလိုက်တဲ့ အမှတ်အသား တခုခု ဒါမှ မဟုတ် အသက် ကို ပြောပြရုံလေးနဲ့ သူ ဘယ်ဘဝ ရောက်နေပြီ ဆိုတာ တိုက်ရိုက် ပြောပြနိုင်သတဲ့ ၊ တယ် ထူးဆန်းတဲ့ နတ်၊
တချို့လူတွေကတော့ ထေရဝါဒ နဲ့ မကိုက်ညီဘူးလို့ ပြောကြမလားပဲ၊ ကိုယ်ကတော့ ကိုရီးယား ကား ကြည့်ရင်တောင် မျက်ရည် လွယ်တဲ့ လူမျိုး ဆိုတော့ အယုံလွယ်တဲ့ စရင်းထဲ ပါတယ် ပြောလို့ရတယ်၊
 (၃)
ဘုရားလက်ထက်တော် အခါက ငယ်ရွယ်ပြီး ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ပုဏ္ဏားလေး တယောက်ပေါ်ဖူးတယ်၊
သူ့ နာမည်က “ဝင်္ဂီသ”
သေပြီးသား လူရဲ့ အရိုးခေါင်းကို ခေါက်ခေါက်ပြီး ဘဝသစ်ရဲ့ လားရာကို ဟောပြောနိုင်တဲ့ ကောင်လေး၊
ပုဏ္ဏားဆရာကြီးတွေက သူရဲ့ အရည်ချင်းကို သဘောကျတယ်၊
“ဒီကောင်လေး ပညာကို ပြပြီး လောကကို လုပ်စားရမယ်”
ဒီလိုနဲ့ တနယ်ဝင် တနယ်ထွက် ဝဂီ င်္သ နာမည်ကြီးလာတယ်၊ (နယ်မြို့လေးတွေမှာပေါ့)
ခက်တာက သာဝတ္ထိလို အဲ့ခေတ်ရဲ့  ခန်းနားတဲ့ capital  city ကြီးတွေကို မရောက်သေးတာပဲ၊
ဒါနဲ့ သူတို့ သာဝတ္ထိကို ချီတက်လာတယ်၊ မြို့ပြရဲ့ နာမည်ကြီး ဘာသာရေး အဆောက်အုံ ဇေတဝန်နားမှာ စခန်းချတယ်၊ (စကားမစပ် ပြောရဦးမယ် အဲ့ခေတ်က သာဝတ္ထိဆိုတာ သာသနာ သိပ်ထွန်းကားပြီး ဘာသာရေး မြို့ပြလို့ ပြောရင်ရတယ်၊ တမြို့လုံးမှာ ရှိတဲ့ မြို့သူ မြို့သားတွေဟာ ဘာသာရေး သာရေး နာရေးတွေနဲ့ သိပ် အေးချမ်းပြီး သာယာဝပြောတဲ့ မြို့ပေါ့၊ လူဦးရေ ၇ ကုဋေ ရှိတာ ၅ ကုဋေဟာ ဗုဒ္ဓရဲ့ ဓမ္မတွေမှာ ထူးခြားတဲ့ အသိဥာဏ်နဲ့ မဂ်ဖိုလ် အဆင့်ထိ တက်လှမ်းပြီးသား လူတွေ ဖြစ်ပြီး၊ ၂ ကုဋေ ကတော့ သာမာန် ပုထုဇဉ် လူသားတွေပဲ ဖြစ်ပါတယ်၊)
နေ့လည်ခင်း ဆွမ်းစားပြီးချိန်လောက်မှာ ဆီးမီးပန်းတွေ ကိုင်ပြီး လူတွေ အုတ်အုတ်ကျတ်ကျတ် ဘုရားကျောင်းဆောင် ဆီ လာနေကြတာ ဝဂီ င်္သ တို့ အုပ်စုက တွေ့တယ်၊ ဒါနဲ့ နီးစပ်ရာ လူကို စပ်စု လိုက်တယ်၊
“ဘယ်သွားကြမို့လဲ” 
“ဘုရားကျောင်း သွားမလိုပေါ့ဗျ၊ တရားနာလေ”
ဝဂီ င်္သ တို့ အုပ်စုက နှာခေါင်းရှုံတယ်၊ (အထင်သေးတဲ့ ဟန်နဲ့)
“ဟေ့လူတွေ ဒီမှာကြည့်၊ ဒီ ပုဏ္ဏားဆရာလေးရဲ့ နာမည်က ဝဂီ င်္သ လို့ခေါ်တယ်၊ ဦးခေါင်းရိုးခွံလေးကို ခေါက်လိုက်ရုံလေးနဲ့ သေသွားပြီး သူရဲ့ ပစ္စုပ္ပန်သစ်ကို ဟောပြောနိုင်တယ်ဗျ၊ ခင်ဗျားတို့ ကျောင်းကြီးကို သွားပြီး အချိန် မကုန်ချင်စမ်းပါနဲ့၊ လာ မေးကြ မေးကြ၊”
ဒါနဲ့ ဗုဒ္ဓရဲ့ ပရိတ်သတ်ကလဲ မခံဘူး၊
“ခင်ဗျားရဲ့ မဖြစ်စလောက် ပညာလေးနဲ့ ဘာလုပ်မှာလဲ ကျုပ်တို့ ဗုဒ္ဓကမှ မသိတာ မရှိတဲ့ သဗ္ဗေညုဗျ”
ဒီလိုနဲ့ အခြေတင် ဖြစ်ကြတယ်။
“ခင်ဗျားတို့ ပြောနေတဲ့ ဗုဒ္ဓနဲ့ ကျုပ်တို့ရဲ့ ဆရာလေး ဝဂီ င်္သ ဘယ်သူ ပိုတော်လဲ ဆိုတာ ထင်ရှားသွားအောင် ပညာပြိုင်ကြတာပေါ့”
“အိုကေလေ စိန်လိုက်”
…………………………………………..
ဗုဒ္ဓက အဝေးကနေလာနေတဲ့ ဝဂီ င်္သ တို့ အုပ်စုကို တွေ့တယ်၊ အကြောင်းရင်းကိုလဲ သိတယ်၊
ဒါနဲ့ ငရဲ တိရစ္ဆာန် လူနဲ့ နတ်ဘုံတွေမှာ ဖြစ်နေတဲ့ ဦးခေါင်းရိုး တစ်ခုဆီနဲ့ ရဟန္တာ အရှင်မြတ်ရဲ့ ဦးခေါင်းရိုး တစ်ခု ၅ ခုကို အနားမှာ ယူထားခိုင်းလိုက်တယ်၊
ဝဂီ င်္သ လာပြီလဲ ဆိုရော
မင်းက ဦးခေါင်းရိုးကို ခေါက်လိုက်ရုံနဲ့ အရိုးပိုင်ရှင်ရဲ့ တမလွန် ဖြစ်ရာ အရပ်ကို သိတယ် ဆို
ဟုတ်ပါတယ်
ပြောကြည့်စမ်းပါဦး ဒါ ဘယ်ကို ရောက်နေတဲ့ ခေါင်းလဲ
လူ တိရစ္ဆာန် ငရဲ နတ် ဦးခေါင်းလေးခုကို ကွက်တိ မှန်အောင် ဖြေနိုင်လို့ ဗုဒ္ဓအရှင်က
သာဓု သာဓု ဝဂီ င်္သ သိပ်တော်ပါပေတယ်
ဒါဆို ပြောစမ်းပါဦး၊ ဒီ ဦးခေါင်း ပိုင်ရှင်ကရော၊
ဝဂီ င်္သ ချွေးပြန်လာတယ်၊ စဉ်းစားတယ်၊ မန္တာန်ရွတ်တယ်၊ တတောက်တောက် ခေါက်တယ်၊
ဒါပေမဲ့ ဘာအဖြေမှ ပေါ်မလာဘူး၊
ပရိတ်သတ် အားလုံးကတော့ သူ့ကိုပဲ စိတ်ဝင်တစား ဝိုင်းကြည့်နေကြတယ်၊
မသိဘူး မို့လား ဝဂီ င်္သ ရဲ့
သူ လက်မြှောက်လိုက်တယ်၊
ဟုတ်ပါတယ် မသိတော့ပါဘူး ဒါနဲ့ ရှင်ကြီး ဗုဒ္ဓကရော သိလို့လားဗျ
သိပ်သိတာပေါ့ ဝဂီ င်္သရယ်
ဝဂီ င်္သ စိတ်ဝင်စားသွားတယ်၊
ဒီမန္တာန်သာ ငါရရင် ဒီ ဇမ္ဗူမှာ ငါ ဆရာတစ်ဆူ ဖြစ်ချေမယ် လို့ တွေးတယ်၊
အဲ့ မန္တာန် သင်ပေးနိုင်မလားဗျ
သင်ပေးနိုင်ပါတယ် ဝဂီ င်္သ ဒါပေမဲ့ ဒီ အတိုင်းတော့ မရဘူး ရဟန်းဝတ်မှ
အဲ့လိုနဲ့ သာသနာ့ သမိုင်းမှာ အတွေးခေါ်ကောင်းတွေနဲ့ လျှပ်တပြတ် ဖြတ်ထိုး ဥာဏ်ကြီးရှင် အရှင်ဝဂီ င်္သ ဆိုတာ  ……………………..
(၄)
အခုလည်းကြည့်လေ၊ ယုံရခက် မယုံရခက်နဲ့ နီနီဝင်းရွှေရဲ့ “ယုံရခက်ကြီးပါ”  လို ဖြစ်နေပြီရယ်၊
“လေချွန်နတ်က ပွဲထိုးဖို့ ဆိုပြီး ပိုက်ဆံ ငါးသောင်း လိမ်သွားလို့ ဘုရား”
စပြောကတည်းက ဘုန်းကြီးရှေ့မှာမို့ ထေရဝါဒ သံနဲ့ ပြောပေမဲ့၊ နောက်ပိုင်းလောကီသားတို့ ပီပီ ယုံကြည်သံလေး စွတ်နေတာ သတိထားမိတယ၊်
(ဒါမျိုးဆို ကိုယ့် အမျိုးတွေက သိပ် ဝါသနာပါတာ၊)
 “မှန်တာ မမှန်တာတော့ မသိဘူး ဘုရားရေ၊ တော်တော်တော့ ပြောနိုင်သားဗျ ဟီ ဟိ၊”
(ဟီ ဟိ က ဘာလို့ ပါလာတာလဲ မသိ၊လေချွန်နတ်နဲ့တော့ ဆိုင်ဟန် မတူ)
သူပြောပြတဲ့ တောင်ငူက ဒကာ တယောက် အကြောင်းကြားတော့ ဘုရားလက်ထပ်က ခွေးဖြစ်သွားတဲ့ တောဒေယျ သူဋ္ဌေးကြီး အကြောင်းကို သွားသတိရမိတယ်၊
“တောင်ငူက ဒကာကြီး တစ်ယောက် သူ့ သမက် သေလို့ သွားမေးတာဘုရားရေ၊  ဟို က
ခင်ဗျားသား ဝက်ဖြစ်နေတယ် ဗျ လို့ ပြောလိုက်တာ၊ ဒေါတွေ ပွလိုက်တာလေ၊ အကြီးကျယ်ဘဲ၊
သူ့ သားသမက်ကို ဒါမျိုးပြောရမလား ဆိုပြီးတော့၊ ဒါနဲ့ ဟိုကလဲ လိပ်စာ အတိကျ ပေးပြီး၊ ဘယ်နေရာ ဘာ အရောင် ဆိုပြီး တက်အပ် ပြောလိုက်တာ ဘုရားရေ၊ မယုံလို့ သွားလည်း ကြည့်ရော ဟိုရောက်၊ ဝက်ကြီးက သူတို့ကို မြင်၊ ဝမ်းသာ အားရ ပြေးလာရော ဆိုပါလား ဘုရား၊ ခုချိန်ထိတောင် အဲ့ဝက်ကြီးကို သူတို့ အိမ်မှာ မွေးထားတယ် လို့ ပြောတယ်၊ တပည့်တော်ကတော့ မယုံပါဘူး ဘုရားရယ်”
အားရ ပါးရ ပြောပြီးခါမှ ဘုန်းကြီး အဆူခံ ထိမှာ စိုးပြီး စကားကို ပြန်ဟန့်လိုက်တဲ့ ဟန် ၊
(ဒီလိုပါပဲ ကံဆိုတာ ယုံရခက်တဲ့ အရာ)
ဘုရားရှင် ကိုယ်တော်တိုင် မဂဓ တိုင်းရဲ့ အမတ်တော် သုနိဓဝဿကာရ ကြီးကို
“တတော နံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ သြရသံ။
ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ”
“အိမ်ရှင်ရဲ့ ပူဇော်မှု မြတ်နိုးမှုကြောင့် ရင်မှ ဖြစ်သော သားကို မိခင်က စောင့်ရှောက်သလို၊ နတ်တွေက စောင့်ရှောက်လိမ့်မယ်၊ နတ်စောင့်ရှောက်ခြင်းကို ခံရတဲ့ အိမ်ရှင်ဟာ အခါ ခပ်သိမ်း ကောင်းကျိုးချမ်းသာ ကိုသာ တွေ့ရပေလိမ့်”
ဒီလို ဟောတော်မူထားတာလဲ ရှိသကိုးဗျ၊
ဒါကြောင့် ပြောပါတယ် “ယုံရခက်ကြီးပါ”  လို့
အညာလောကကြီးထဲ လူညာတွေနဲ့ တွေ့ရင်တော့လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ဗျာ၊
လုံးဝကြီး ပြစ်ပယ်ကြဖို့တော့ မပြောပါဘူး၊
ချင့်ချိန် ယုံကြစေဖို့လေးပါပဲ၊
တကယ်တော့လဲ လောကီ အဆင့်မြင့် ပညာရပ်တွေကို စာ တစ်တန် ပေတရွက်နဲ့ ဖွဲ့နေလောက်အောင်လဲ ကိုယ် ဆိုတဲ့ ကောင်က ဘာမှ မဟုတ်ပါဘူး၊

“လောကီ အဆင့်မြင့် ပညာရပ်တွေနဲ့ မပြောနဲ့
နတ်သကြား ဂန္ဓဗ္ဗတို့တောင် မသိနိုင်တဲ့ လားရားဂတိရှိတဲ့
အာသဝေါ ကုန်ခန်းပြီး ရဟန္တာ ပုဂ္ဂိုလ်ကို မြင့်မြတ်ဖြူစင်သော ‘ဗြဟ္မဏ’ ဟု ငါဘုရား ဟော၏”

No comments:

Post a Comment